သတင်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး လွှတ်တော်အတွင်း ဆွေးနွေးရာ အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

Want create site? Find Free WordPress Themes and plugins.

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ လွှတ်တော်အတွင်း ဆွေးနွေးမှုများ ပြုလုပ်ရာတွင် သတ်မှတ်ထား သည့် စည်းကမ်းချက်များနှင့်အညီ ဆွေးနွေးကြရန် မှာကြားထားသော်လည်း သဘောထားကွဲလွဲမှုများကြောင့် အပြန်အ လှန် အငြင်းပွားမှုများ ဆက်ဖြစ်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၆ ရက် လွှတ်တော်အတွင်း ဆွေးနွေးချက်များတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) အမတ် ဆွေးနွေးချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကန့်ကွက်ခဲ့ရာ၊ တပ်မတော်ဘက်မှ ဆွေးနွေးချက် ကို NLD ပါတီမှ ပြန်လည် ကန့်ကွက်ခဲ့သလို သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်း၏ ဆွေးနွေးချက်ကို NLD ပါတီမှ ကိုယ်စား လှယ်က အပြန်အလှန် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စု USDP မှ ပြည်သူ့လွှတ်တော် ကိုယ် စားလှယ် ဦးတင်အေး၏ ဆွေးနွေးချက်တွင် ပုဒ်မ ၁၀၉ (ခ)၊ ၁၄၁(ခ)၊ ၁၆၁(ဃ)၊ ၂၀(ဂ)၊ ၅၉(စ) တို့ကို ဆွေးနွေးခဲ့သည်။

USDP အမတ် ဦးတင်အေး၏ ဆွေးနွေးချက်ထဲတွင် “အိမ်ထောင်ဖက် ရွေးချယ်မှုအရ နိုင်ငံ့အကြီးအကဲ မဖြစ်တာနဲ့ ဒီပုဒ်မ ကြောင့် ဆိုပြီး စိတ်ခံစားမှုကို ရှေ့တန်းတင် ရမယ်ရှာ လက်ညှိုးထိုး ဝေဖန်ပြောဆိုနေသံတွေ ကြားရတော့ အင်မတန်မှ စိတ်မကောင်းဖြစ် ရပါတယ်” ဟု ပြောသည်။

အထက်ပါ ဆွေးနွေးချက်မှာ ပုတ်ခတ် စွပ်စွဲသည့် စကားလုံးများ ဖြစ်သည့်အတွက် လုံးဝ ကန့်ကွက်ကြောင်း၊ လွှတ်တော် နာယက အနေဖြင့် ဆွေးနွေးချက်များကို သတိထား ဆွေးနွေးကြရန် အကြိမ်ကြိမ် သတိပေးထားပြီး ဖြစ်သော်လည်း ယခု အချိန်တွင် ပြောသင့်၊ ပြောထိုက်သည့် စကားများ မဟုတ်ကြောင်း NLD ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွ့ဲဝင် ဦးအောင် ကြည်ညွန့်က လွှတ်တော်အတွင်း မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့သည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က “အပြန်အလှန် ပုတ်ခတ် အငြင်းပွားမှုတွေ ပိုပြီး ဖြစ်တဲ့ အ တွက် အဲဒါကို နုတ်ပယ်ပေးဖို့ အပြင် ဒီလို ကိစ္စရပ်မျိုးမှာ နောက်ထပ် ဆက်ပြီး မပြုလုပ်ရန် နာယကကြီး အနေနဲ့ ထိန်းချုပ် ပေးသင့်ပါတယ်ဆိုတဲ့ အကြောင်းတင်ပြ၊ ကန့်ကွက် အပ်ပါတယ်” ဟု ပြောသည်။

ထိုသို့ USDP အမတ် ဦးတင်အေး၏ ဆွေးနွေးချက် တချို့သည် ပြည်ထောင်စု လွှတ်တော် နည်းဥပဒေ ၁၉၊ နည်းဥပဒေ ခွဲ(င)၊ (ဌ) တို့နှင့် မညီညွတ်ကြောင်း စိစစ်တွေ့ရှိသည့်အတွက် လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်လိုက်ကြောင်း နာယက ဦးတီခွန်မြတ်က ယနေ့ လွှတ်တော် (ဖေဖော်ဝါရီ ၂၇ရက်) အဖွင့်၌ ကြေညာလိုက်သည်။

ယခင်အစိုးရ လက်ထက်က ဝန်ကြီးဟောင်း တဦးဖြစ်သူ ဦးစိုးသိန်း၏ ဆွေးနွေးချက်တွင် “ဘယ်မှာလဲ သမ္မတရဲ့ ဗီတို၊ ဘယ်မှာလဲ အမတ်အရေအတွက်နည်းတဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌရဲ့ ဗီတို၊ ဘယ်မှာလဲ ဖက်ဒရယ် အုပ်ချုပ်ရေး၊ ဘယ်မှာလဲ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ ဘယ်မှာလဲ မြူနီစပယ် အုပ်ချုပ်ရေး၊ ဘယ်မှာလဲ Resource Sharing၊ ဘယ်မှာလဲ သာ သနာ့ ဝန်ထမ်းတွေ မဲပေးခွင့်” အစရှိသည် တို့ကို ထောက်ပြ ဆွေးနွေးခဲ့သည်။

ယင်းသို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်း၏ ဆွေးနွေးချက်ကို အာဏာရ NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဇော်ဦးက ယင်းစကားရပ်များနှင့် ပတ်သက်၍ နည်းဥပဒေ ၁၃၈ မှာ ပါသည့်အတိုင်း ဥပဒေမှာပါ သည့် ကိစ္စရပ်များမှအပ အခြားကိစ္စရပ်များ ထည့်သွင်း မဆွေးနွေးရဆိုသည့် အချက်များနှင့် ငြိစွန်းနေသည့်အတွက် ကြောင့် နည်းဥပဒေ ၂၀ (က)(ခ) အရ အရေးယူပေးရန်အတွက် လွှတ်တော် နာယကထံသို့ တင်ပြသည်။

ထိုသို့ NLD အမတ် တင်ပြပြီးနောက်ပိုင်းတွင် ဦးစိုးသိန်းက ထပ်မံ၍ မတ်တပ်ရပ်ကာ “ ဒီမိုကရေစီက ဒီလိုပဲလား။ ဒီထဲမှာ ပြောခွင့် မရှိဘူးလားလို့။ ကျနော်ပြောတာ ဘယ်သူ့ မထိခိုက်ဘူး” ဟု ဆက်လက် ပြောဆိုသွားသည်။

ထိုသို့ အပြန်အလှန် ကန့်ကွက်မှုများကို ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ဆွေးနွေးချက်များ အားလုံးကို မှတ်တမ်း ယူထားကြောင်း၊ စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိသည့် ဆွေးနွေးချက်များကို လုံးကောက် ပြန်လည် စိစစ်၍ ပယ်ဖျက်သင့်သည့် စကားရပ်များကို လွှတ်တော် မှတ်တမ်းမှ ပယ်ဖျက်ပေးမည်ဟု ပြောကြားသွားသည်။

ယင်းသို့ နာယက ပြောကြားနေစဉ် ဦးစိုးသိန်းက ဆက်လက် ပြောဆိုနေဆဲ ဖြစ်သဖြင့် ဦးတီခွန်မြတ်က “ဥပဒေအရ ကျနော် ပြောနေတာပါ။ အားလုံးဟာ တန်းတူ အခွင့်အရေး ရှိပါတယ်။ အားလုံး စိတ်ရှည်၊လက်ရှည်နဲ့ ရှေ့တိုးနိုင်ဖို့ အားလုံး ဆွေး နွေးနေတဲ့ အနေအထားမျိုးမှာ ဒီလို မကွပ်ကဲရင် ဘယ်လို ကွပ်ကဲရမလဲ” ဟု ပြန်လည် သတိပေး ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီ ၂၇ ရက် လွှတ်တော် အစည်းအဝေးတွင် ဦးတီခွန်မြတ်က ဖေဖော်ဝါရီ ၂၆ ရက်က ဦးစိုးသိန်း၏ ဆွေး နွေးချက်မှာ လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ရမည့် စကားရပ်များ ပါဝင်ခြင်း မရှိကြောင်း ပြောဆိုသည်။

ဖေဖော်ဝါရီ ၂၆ ရက်က ဖွ့ဲစည်းပုံ ပြင်ဆင်ရေး ဥပဒေကြမ်းနှင့် ပတ်သက်၍ ပါတီ ပေါင်းစုံမှ လွှတ်တော် ကိုယ်စားလှယ် ၁၉ ဦးက ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အာဏာရ NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး ဆွေးနွေးချက် ဖြစ်သည့် “အချို့သော လွှတ်တော်ကိုယ် စားလှယ်များက မူလအတိုင်းထားရှိဖို့ ဆွေးနွေးတဲ့အခါမှာ အရေးကြီးတဲ့ အချက်ကို လျစ်လျူရှုပြီးတော့” ဆိုသည့် အချက်ကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တဦးက ကန့်ကွက်ခဲ့သည်။

တပ်မတော် လွှတ်တော် ကိုယ်စားလှယ်က “ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၉ ကိုယ်စားလှယ်ရဲ့လုပ်ပိုင်ခွင့် ဖြစ်တဲ့ ပုဒ်မ၉(ဂ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မဆန့်ကျင်လို့ရှိရင် လွတ်လပ်စွာ ဆွေးနွေးခွင့်ကို ပိတ်ပင်ရာကျတဲ့အတွက် ဒါ လေးကို ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉(ဌ) နဲ့ အညီ ဆုံးဖြတ်ဆောင်ရွက်ပေးဖို့ နာယကကြီးကို တင်ပြ အပ်ပါတယ်” ဟု လွှတ်တော်သို့ တင်ပြသည်။

လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်၏ ဥပဒေ၊ နည်းဥပဒေအတွင်းမှ အပြုသဘော ဆောင်၍ ဆွေးနွေးကြမည် ဆိုပါက ယင်းသို့ ကန့်ကွက်မှုများ ရှိလာမည် မဟုတ်ကြောင်း၊ ပုဒ်မ ၁၀ တွင် လွှတ်တော် နာယက၏ လုပ်ပိုင်ခွင့်များပေး ထားခြင်း ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက ပြောသည်။

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်းက “လွှတ်တော် နာယက က ဒီလိုနေရာတွေမှာ တဖက်နဲ့တဖက် အပြန်အလှန် ဆူပူတာတွေ မဖြစ်ရအောင်၊ အကြိတ်အနယ် ပုတ်ခတ်ပြီးတော့ ပြောကြဆိုကြတာမျိုးတွေ မဖြစ်ရလေ အောင် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုလေးတွေ ဖြစ်အောင် တည့်မတ်ပေးတဲ့ သဘောလို့ပဲ ကျနော်ကတော့ မြင်ပါ တယ်” ဟု ဆက်ပြောသည်။

လွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာတွင် ချမှတ်ထားသည့် စည်းကမ်းချက် များနှင့် အညီ လိုက်နာဆောင်ရွက်၍ ဆွေးနွေးရန် ကြိမ်ကြိမ် သတိပေးသော်လည်း ကိုယ်စားများ၏ ဆွေးနွေးချက်များမှာ စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိသဖြင့် အပြန်အလှန် ကန့်ကွက် အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ မူကြမ်းကို လွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်း ၁၄၉ ဦး ဆွေးနွေးမည် ဖြစ်ပြီး၊ ဖေဖော် ဝါရီ (၂၅ ၊၂၆ )၂ ရက်တွင် ကိုယ်စားလှယ် ၃၄ ဦး ဆွေးနွေးပြီး ဖြစ်ကာ၊ မတ်လ ၅ ရက်နေ့အထိ ပြည်ထောင်စု လွှတ် တော်တွင် ဆက်တိုက် ဆွေးနွေးသွားမည် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်

၅၉ (စ) မပြင်ဆင်ရေး တပ်မတော် အပြင်းအထန် ဆွေးနွေး

အရေးပေါ်အခြေအနေ၌ သမ္မတကို အခွင့်အာဏာပေးရန် တပ်နှင့် ကြံ့ခိုင်ရေး သဘောမတူ

ကြံ့ခိုင်ရေးအမတ်ကို အရေးယူရန် NLD အမတ် လွှတ်တော်သို့ တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading