သတင်း

တရုတ်၌ ဖမ်းဆီးခံထားရသော မြန်မာသင်္ဘောသားများ ပြန်လွှတ်ပေးရေး အစိုးရတောင်းဆို

Want create site? Find Free WordPress Themes and plugins.

တရုတ်နိုင်ငံ ပြည်နယ်တချို့ရှိ အကျဉ်းစခန်းများ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၀၀ ကျော်အထိ ရှိလာပြီဖြစ်သည့် အတွက် တရုတ်အစိုးရ ဖမ်းဆီးထိန်းသိမ်းထားသော မြန်မာသင်္ဘောသားများကို လူသားချင်းစာနာ ထောက်ထားမှုတို့ အရ လျော့ပေါ့ သက်ညှာစွာနှင့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုပေးရန် မြန်မာအစိုးရက တောင်းဆိုလိုက်သည်။

ဖမ်းဆီးထိန်းသိမ်းခံ မြန်မာသင်္ဘောသား အရေးနှင့် ပတ်သက်၍ မြို့တော် ဘေဂျင်းရှိ မြန်မာသံရုံးကတရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနထံသို့ ဖေဖော်ဝါရီ ၂၅ ရက်က တောင်းဆိုစာ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သံရုံးထံမှ သိရသည်။

မြန်မာသံရုံး(ဘေဂျင်း) မှ တာဝန်ရှိသူတဦးက “သူတို့ နိုင်ငံရဲ့ သတ်မှတ်ထားတဲ့ ဥပဒေ ချိုးဖောက်တာကို သွားပြီးတော့ ကင်းလွတ်ခွင့်ပေးပါလို့တော့ သွားလုပ်လို့ မရပါဘူး။ ဒီအမှုတွေကို မြန်မြန်ပြီးပြတ်အောင် ဆောင်ရွက်ပေးဖို့ရယ်၊ ဖြစ်နိုင် တယ်ဆိုရင် လျော့ပေ့ါပေးဖို့ပေါ့။ တချို့ကလည်း သံသယနဲ့ စစ်နေတာ ရှိနေတော့ မဟုတ်ဘူးဆိုရင်လည်း မြန်မြန်လွှတ် ပေးဖို့ တောင်းဆိုထားတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံရှိ တရားမဝင် ကုန်ပစ္စည်းနှင့် ကန့်သတ်ကုန်ပစ္စည်း သယ်ဆောင်သည့် သင်္ဘောပေါ်တွင် အလုပ် လုပ်ကိုင်နေသောကြောင့် မြန်မာသင်္ဘောသား ၆၃ ဦးကို အမှုပေါင်း၂၁ ခုဖြင့် ဖမ်းဆီးထိန်းသိမ်းထားလျက် ရှိပြီး အများစုမှာ အမှုနှင့် တိုက်ရိုက် သက်ဆိုင်ခြင်းမရှိဘဲ သံသယ တရားခံများအနေဖြင့် ဖမ်းဆီး ထိန်းသိမ်းထားခံရခြင်း ဖြစ် ကြောင်း သိရသည်။

အဆိုပါ အမှု တခုချင်းစီ၏ အချက်အလက်များကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပို့ပေးထားပြီး ဖြစ်ကာ တရုတ်နိုင်ငံ ဘက်မှလည်း အလေးထား ဆောင်ရွက်ပေးသွားမည်ဟု ပြန်လည် အကြောင်းကြားထားကြောင်း မြန်မာ သံရုံး(ဘေဂျင်း)မှ တာဝန်ရှိသူတဦးက ဆိုသည်။

ဆက်လက်၍ ၎င်းက “အခု တရုတ်က အကျဉ်းစခန်း တချို့မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကူးစက်ခံရသူတွေ ရှိပေမယ့် မြန်မာသင်္ဘောသားတွေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဉ်းစခန်းတွေမှာတော့ မဖြစ်သေးသလို မြန်မာသင်္ဘောသား တွေလည်း ရောဂါ ကူးစက်ခံထားရတာ မရှိပါဘူး။ ကျန်းမာရေး ကောင်းမွန်တယ်လို့ ကျနော်တို့ ဆက်သွယ်မေးမြန်းပြီး သိ ထားရတယ်” ဟု ပြောဆိုသည်။

မြန်မာသင်္ဘောသားများကို ပင်လယ်ကမ်းရိုးတန်း ဒေသရှိ ပြည်နယ်နှင့် မြူနီစီပယ်မြို့ ၈ ခု၌ ထိန်းသိမ်းရေးနှင့် အကျဉ်း စခန်း ၁၈ ခုတို့တွင် တရားမဝင် မှောင်ခိုပစ္စည်းများ သယ်ဆောင် ရောင်းဝယ်မှုဖြင့် အမှု ရင်ဆိုင်နေကြရကြောင်း သိရ သည်။

လွတ်လပ်သော မြန်မာနိုင်ငံ ပင်လယ်ပျော်များ အဖွဲ့ချုပ်မှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးညွှန့်ဝေက “ကျနော်တို့နဲ့ ချိတ်ဆက်ထားတဲ့ တရုတ် အဖွဲ့အစည်းတွေဆီက ကြားထားတာ တော်တော်များများ ပြန်လွှတ်မယ့် အနေအထား ရှိပါ တယ်။ ရှေ့မှာလည်း ဒီလို အမှုတွေကနေ ပြန်လွှတ်တဲ့ အဖွဲ့တွေလည်း ရှိတယ်လေ။ သိသိကြီးတဲ့ လုပ်တဲ့သူတွေကတော့ ပြစ်ဒဏ် ကျခံရမှာပေါ့။ အခုကတော့ ဒီလို သင်္ဘောလိုင်းတွေကို လုပ်သားတွေ စေလွှတ်ထားခဲ့ပြီးပေါ့။ နောက်ထပ် မလွှတ် မိဖို့ လိုတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ယခုလို ဖြစ်ရပ်များသည် မဖြစ်ပေါ်စေရန် သဘောၤသားများအပေါ်တွင်လည်း အဓိက မူတည်လျက်ရှိပြီး သင်္ဘော သားများသည် မိမိလိုက်မည့် သင်္ဘောလိုင်းများ၏ အချက်အလက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းထံမှ စုံးစမ်းကြရန် လိုကြောင်းလည်း ၎င်းက ဆိုသည်။

အဆိုပါ မြန်မာ သင်္ဘောသားများသည် တရုတ်နိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်း ခံထားရသည်မှာ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်က တည်းမှ ယနေ့အချိန်ထိ ဖြစ်ပြီး အများစုသည် သင်္ဘောပေါ်တွင် မည်သည့် ကုန်ပစ္စည်းများကို တင်ဆောင်ထားသည်ကိုပင် မသိရှိကြကြောင်း မြန်မာသံရုံး(ဘေဂျင်း) က သိရသည်။

ယင်းသို့ သင်္ဘောသားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်ပြီး စေလွှတ်ပို့ဆောင်ခဲ့သည့် ကုမ္ပဏီ ၁၄ ခုကိုလည်း လုပ်ငန်းလိုင်စင် ယာယီပိတ်သိမ်း အရေးယူထားပြီး ဖမ်းဆီးခံရသည့် သင်္ဘောသားများ အရေး တာဝန်ယူမှု၊ တာဝန်ခံဆောင်ရွက်မှုများအား အစိုးရက စောင့်ကြည့်နေလျက် ရှိသည်။

ဆက်စပ်ဖတ်ရှုရန်

မြန်မာ သင်္ဘောသား ၄၆ ဦး တရုတ်တွင် ဖမ်းဆီးခံထားရ

Did you find apk for android? You can find new Free Android Games and apps.
Loading