၂၀၁၆ ခုနှစ်က အင်အားပြင်း ငလျင်ကြောင့် ပျက်စီးမှုများ ရှိခဲ့သည့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှ “ထီးလိုမင်းလို” စေတီကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး ယနေ့ နံနက်ပိုင်းက ရွှေထီးတော် တင်လှူသည်။
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး အထက် ဌာပနာတော် သွင်းလှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားများ ပြုလုပ်ခဲ့ရာ နိုင်ငံတော် သံဃမဟာနာယက ဆရာတော် ဗန်းမော် ဆရာတော်ကြီး ဒေါက်တာ ဘဒၵႏ ၱကုမာရာ ဘိဝံသ ကြွရောက် ချီးမြင့်ကြောင်း တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ရတနာ ရွှေကြုတ်တော်အတွင်းကို ရတနာ ပစ္စည်းတွေ ထည့်သွင်း ပူဇော်ခဲ့ပါတယ်” ဟု ပြောသည်။
ထို့ပြင် တပ်ချုပ်နှင့် တပ်မတော် အရာရှိကြီးများက အထက် ဌာပနာတော်များ၊ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေ ထီးတော် ဘုံအဆင့်ဆင့် ကိုလည်း ပင့်ဆောင်၍ စေတီတော်ကြီးအား လက်ယာရစ် လှည့်ပတ် ပင့်ဆောင် ပူဇော်ကြသည်။
တပ်ချုပ်နှင့် အဖွဲ့ဝင်များသည် အထက် ဌာပနာတော်များ၊ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် ဘုံအဆင့် ဆင့်အား ရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်၍ အမွေးနံ့သာရည်များ ပက်ဖျန်းကာ ရွှေထီးတော်တင်လှူမှု ပူဇော် မှု အောင်မြင်ခြင်း အထိမ်းအမှတ် အဖြစ် ပိုက်ဆံများ ကြဲပေးခဲ့သေးသည်။

တပ်ချုပ်နှင့် အတူ ဇနီး ဒေါ်ကြူကြူလှ၊ ဒုသမ္မတဟောင်း ဦးဉာဏ်ထွန်းနှင့် ဇနီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ဥက္ကဋ္ဌ ဦးသန်းဌေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ရေ)၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (လေ)၊ တိုင်းမှူးများ၊ အနုပညာရှင်များလည်း တက်ရောက်ခဲ့ကြသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ထီးတော်တင် လှူမှုသည် ဘုရား အမည်ကို ကြည့်၍ သုံးသပ်ပါက အနာဂတ် နိုင်ငံရေး ရည်မှန်းချက် ရှိသည်ဟု ပြောနိုင်ကြောင်း တပ်မတော် အရာရှိဟောင်း နိုင်ငံရေး သုတေသီ ဒေါက်တာ အောင်မျိုးက သုံးသပ် သည်။
“ထီးလိုမင်းလို ဆိုတော့ ဓာတ်တွေ၊ ယတြာတွေ သဘောကို ကြည့်မယ်ဆိုရင်တော့ မင်းပါတယ်ဗျာ၊ ထီးပါတယ်ဗျာ။ ပကတိ အနေအထားကလည်း သမ္မတ ရာထူးက လက်တကမ်း အကွာမှာပဲ ရှိတာကိုး။ သူက ဒုသမ္မတ သေချာနေတာလေ။ အခု လည်း နိုင်ငံရေး ရည်ရွယ်ချက် ရှိတယ်လို့ပဲ သုံးသပ်ရမှာ။ မရှိဘူးလို့ ပြောရင်လည်း ဘယ်သူမှ ယုံမှာ မဟုတ်ဘူး” ဟု ဒေါက် တာ အောင်မျိုးက ပြောသည်။
နဝတအစိုးရလက်ထက်တွင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ပုဂံရှိ ဆင်ဖြူရှင် ဘုရားကို ပြုပြင်ခဲ့သလို၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးကလည်း နဂါးရုံဂူ ဘုရား၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ဓမ္မရာဇက စေတီတော်ကို ပြုပြင်ခဲ့သေးသည်။
နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးရဲထွန်းကလည်း “ကျနော်တို့ သတိထားမိသလောက်ပေါ့။ တပ်ဘက်က ပုဂ္ဂိုလ်များ၊ ပြည်ခိုင်ဖြိုး ပါတီလည်း ပါတာပေါ့။ ဒီလို ယတြာမျိုးတွေကို အယူသီးတယ်။ ဗုဒ္ဓဘာသာ စစ်စစ်မှာတော့ ဒီလို ကိစ္စမျိုးတွေကို အားပေး ထားတာ မတွေ့ဘူးဗျ။ ယတြာတို့ ကံကို အထောက်အကူ ပြုအောင် လုပ်တာမျိုးတွေ ရှိတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “အခု တပ်ချုပ်ကြီးက ဒီလို ရည်ရွယ်ချက်လေးတွေလည်း ပါမှာပါ။ စိတ်ထဲမှာ ဖြစ်ချင်တာလေးတွေလည်း ပါမယ်လို့ ထင်ပါတယ်။ ဒီတိုင်း အကောင်းကြီးကို တင်ဖို့ ကြိုးစားတာဆိုရင်တော့ မကောင်းဘူး။ မရှိလို့ အသစ်တင်တာ မျိုး ဆိုရင်လည်း တိုက်ဆိုင်မှုလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု ပြောဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်က ၎င်း၏ နိုင်ငံရေး မျှော်မှန်းချက်နှင့် ပတ်သက်ပြီး တရားဝင် တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးသော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တပ်မ တော် သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ် ထွန်းထွန်းညီ၏ ပြောဆိုမှုအရ တပ်ချုပ်တွင် နိုင်ငံရေး မျှော်လင့်ချက် ရှိနေပုံရ သည်။
“တနေရာမဟုတ် တနေရာတော့ နိုင်ငံ့တာဝန်တွေကို သူစွမ်းဆောင်နိုင်သမျှ စွမ်းဆောင်နိုင်လိမ့်မယ်လို့ ကျနော်တော့ ယုံ ကြည်ပါတယ်။ ဒီအပေါ်မှာလည်း သူ့ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီး ဘယ်လို ဖြစ်လာမလဲ ကျနော်တို့ စောင့်ကြည့်ပါ” ဟု ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောဆိုခဲ့သည်။
လက်ရှိ အသက် ၆၃ နှစ်အရွယ် ရှိနေပြီ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၆ ခုနှစ်မှာ အသက် ၆၀ ပြည့်ခဲ့ပြီ ဖြစ်သော်လည်း ပင်စင် မယူသေးဘဲ တပ်မတော် ဥပဒေအများ အရ ၎င်း၏ ရာထူး သက်တမ်းကို တိုးထားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် ၁၉၅၆ ခုနှစ်က မွေးဖွားခဲ့ပြီး တက္ကသိုလ်ဝင် စာမေးပွဲကို ရန်ကုန် အထက-၁ (လသာ) မှာ အောင်မြင်ခဲ့ကြောင်း၊ ၁၉၇၃-၇၄ ခုနှစ်များတွင် တက္ကသိုလ်မှာ ဥပဒေပညာကို လေ့လာပြီး ၁၉၇၄ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်း အပတ်စဉ် ၁၉ ကို တက်ရောက်ခဲ့သည်ဟု သိရသည်။
တပ်မတော်မှ အရာရှိငယ် ဘဝကတည်းက ရာထူးအတက်မြန်ခဲ့သူတဦး ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာ တပ်မှူး၊ ဗိုလ်မှူးချုပ်၊ ၂၀၀၃ ခုနှစ် မှာ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ ၂၀၀၄ ခုနှစ်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် နေရာဒေသ အမျိုးမျိုး မှာ ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရသည်။
၂၀၀၈ ခုနှစ်တွင် စစ်ဆင်ရေး အထူးအဖွဲ့မှူး ရာထူးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ဖြစ်လာပြီး၂၀၁၀ ခုနှစ်တွင် ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး၊ ဗိုလ်ချုပ်ကြီး ဖြစ်လာသည်။
၂၀၁၂ ခုနှစ်တွင် တပ်မတော် ဖွဲ့စည်းပုံအတိုင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး၊ ၂၀၁၃ တွင် ဗိုလ်ချုပ်မှူးကြီး ရာထူးကို လက်ရှိ အချိန် အထိ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။
ထီးလိုမင်းလို စေတီတော်သည် ပုဂံ- ညောင်ဦး ကားလမ်းဘေးရှိ သုံးဆင့် ဂူဘုရားဖြစ်ပြီး နားတောင်းများ မင်းက အေဒီ ၁၂၁၁ တွင် တည်ထားခဲ့ခြင်း ဖြစ်သည်။
ပါးစပ်ရာဇဝင်များအရ နရသီဟပတေ့မင်း နာမကျန်းဖြစ်နေစဉ် သားတော်များအနက် တဦးဦး နန်းရစေရန် ထီးဖြူကိုသားများ အလယ်တွင် စိုက်ထူပြီး အဓိဋ္ဌာန်ပြုရာ ထီးဖြူမှာ နားထောင်များ မင်းရှိရာဘက်သို့ ညွှတ်သဖြင့် ထီးကလည်း လိုလား၊ ခမည်း တော်ဖြစ်သူ မင်းကြီး နရသီဟပတေ့ကလည်း လိုလားသဖြင့် ထီးလိုမင်းလို ဟု အမည်တွင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
ထို့အတွက် ထီးလိုမင်းလို စေတီ၏ လက်ရာမှာ ခမည်းတော်ဖြစ်သူ နာရပတိစည်သူမင်း တည်ခဲ့သည့် စူဠာမဏိစေတီ ကဲ့သို့ ရှိကြောင်း သိရသည်။
You may also like these stories:
လွှတ်တော်တွင်း ပုတ်ခတ် ဆွေးနွေးမှုများ တရားစွဲမည်ဟု နာယက သတိပေး
၅၉ (စ) မပြင်ဆင်ရေး တပ်မတော် အပြင်းအထန် ဆွေးနွေး
အရေးပေါ်အခြေအနေ၌ သမ္မတကို အခွင့်အာဏာပေးရန် တပ်နှင့် ကြံ့ခိုင်ရေး သဘောမတူ