မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ကျောင်းဆရာမ တဦး ထံမှ ရွှေထည်၊ ကျပ်ငွေနှင့် လက်ကိုင်ဖုန်း တို့ကို ရိုက်နှက်လုယက်သူများအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့က ပြောသည်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျောင်းဆင်းချိန် ကားကြုံလိုက်ရန် ခွင့်တောင်းပြီး စီးနင်းလိုက်ပါလာသည့် ကျောင်းဆရာမ ထံမှ ကားပိုင်ရှင် ၂ ဦးက ရိုက်နှက် လုယက်ခဲ့ခြင်း ဖြစ်ပြီး ကျူးလွန်သူများကို ၂၅ ရက်နေ့က လက်ရ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားနယ်မြေရဲစခန်းမှ စခန်းမှုး ရဲအုပ်လှထွန်း က “သူတို့က ကိုယ်ပိုင်ကားနဲ့ သွားလာနေကြသူတွေလို့ သိရတယ်၊ အဲဒီနေ့က လမ်းကြုံတင်ခေါ်ပြီးတော့ ဆရာမဆီမှာ ရွှေတွေဝတ်ထားတာကို မြင်လို့ လိုချင်စိတ်ဖြစ်ပြီး လုပ်လိုက်ကြတာလို့ ပြောတယ်၊ အခြားပြစ်မှုတွေကို ကျုးလွန်ထားတာမျိုးတော့ မရှိဘူး”ဟု ပြောသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေပိုင်းက ကျောက်ပန်းတောင်းမြို့နယ်၊ ဝက်ချုပ်ကုန်းကျေးရွာ မူလတန်း ကျောင်းမှ မူလတန်းပြဆရာမဖြစ်သည့် ဒေါ်ကြည်ဆန်းနှင့် ဒေါ်အေးအေးခိုင်တို့သည် အိမ်ပြန်ရန်အတွက် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်း၌ ကားစောင့်နေစဉ် အမည်မသိ အမျိုးသားတဦး မောင်းနှင်ပြီး ဘေးတွင် အမျိုးသမီးလိုက်ပါလာသည့် ကားတစီးဖြင့် လမ်းကြုံလိုက်ခဲ့သည်။
ထိုသို့ လိုက်ပါလာပြီးနောက် ဒေါ်ကြည်ဆန်းမှာ လမ်းတွင် ဆင်းသွားပြီးနောက် ယာဉ်မောင်းသူ အမျိုးသားက ဒေါ်အေးအေးခိုင် ထိုင်သည့် ကားနောက်ခန်းသို့ ရောက်လာပြီး လက်ဝါးဖြင့်ရိုက်ရာ သတိလစ်သွားခဲ့ပြီး ည ၁၀ နာရီခန့် အချိန်တွင် ပြန်လည်သတိရလာပြီး ပျော်ဘွယ်မြို့အနီး ရောက်ရှိနေကြာင်း သိရသဖြင့် အကူအညီတောင်းခံကာ နေအိမ်သို့ ပြန်ခဲ့ရကြောင်းသိရသည်။
ဆရာမ ဒေါ်အေးအေးခိုင် အနေဖြင့် ပြန်သတိရချိန်တွင် ခန္ဓာကိုယ်တွင် ဝတ်ဆင်ထားသော ရွှေထည်ပစ္စည်း (၄) မျိုး၊ VIVO အမျိုးအစား အနက်ရောင် ဖုန်းတလုံး၊ ငွေကျပ်ငါးသောင်းကျော်နှင့် အခြား အသုံးအဆောင်ပစ္စည်းများ ထည့်ထားသည့် လက်ကိုင်အိတ်တို့ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ရိုက်နှက်ပြီး ပစ္စည်းများ လုယူသွားသူ တရားခံများကို စုံစမ်းဖော်ထုတ်ပေးရန်အတွက် ကျောက်ပန်းတောင်းမြို့နယ် လက်ပံပျားနယ်မြေရဲစခန်းတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့က သွားရောက်အမှုဖွင့်ခဲ့ရာ လက်ပံပျားနယ်မြေရဲစခန်း က (ပ)၃/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၉၄(လုယက်မှုကျုးလွန်စဉ် နာကျင်စေမှု)ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးရမိသူများမှာ မကွေးမြို့နေသူ ဝေယံနိုင် (ခ) ကိုစိုင်း (၄၁ နှစ်) နှင့် ဖြူးမြို့နယ်၊ ညောင်ခြေထောက် ကျေးရွာတွင် နေထိုင်သူ မဖြူဖြူတိုး (၃၇) နှစ်တို့ဖြစ်ပြီး ၎င်းတို့ စီးနင်းသည့်ကားအား စုံစမ်းရမိခဲ့ရာမှ ဖေဖော်ဝါရီ ၂၅ ရက်နေ့က မြင်းခြံမြို့၊ အမှတ် ၁၉ ရပ်ကွက်ရှိ တည်းခိုခန်းတခုမှ ဖမ်းဆီးရမိခဲ့ခြင်းဟု ရဲမှတ်တမ်းများအရ သိရသည်။
ယခုအခါ ရိုက်နှက်လုယူသွားသည့် ရွှေထည်ပစ္စည်းများနှင့် အခြားသက်သေခံပစ္စည်းများကို ပြန်လည် သိမ်းဆည်း ထားနိုင်ပြီးဖြစ်သလို တရားခံများအား တရားစွဲဆိုတင်ပို့နိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ခံစာရေးဆရာမ ယဉ်ယဉ်နု (မန္တလေး) က “ကျောင်းဆရာ၊ ဆရာမတွေဆိုတာ နိုင်ငံအတွက် အလွန်အရေးကြီးတဲ့သူတွေပါ၊ သူတို့အတွက်ကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကနေ တာဝန်ကျရာနေရာမှာပဲ နေစရာ စီစဉ်ပေးနိုင်မယ်ဆိုရင် အခုလိုမျိုးတွေ ဖြစ်လာစရာ မရှိဘူးလို့ မြင်ပါတယ်၊ နေစရာ မစီစဉ်ပေးနိုင်လို့ ကျောင်းကနေ အိမ်ပြန်တဲ့အခါ အခုလို လမ်းကြုံတဲ့ ကားနဲ့ သွားနေရတာမျိုးကလည်း မဖြစ်သင့်ဘူး”ဟု ပြောသည်။
တရားခံများအား ဖွင့်လှစ်ထားသည့် ရာဇသတ်ကြီး ပုဒ်မ ၃၉၄ (လုယက်မှုကျူးလွန်စဉ် နာကျင်စေမှု) သည် ပြစ်မှုထင်ရှား စီရင်ခြင်း ခံရပါက ထောင်ဒဏ် တစ်သက်တကျွန်းအထိဖြစ်စေ၊ ထောင်ဒဏ် ၁၀ နှစ်အထိဖြစ်စေ ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း၌ ၂၀၁၉ ခုနှစ်အတွင်း လုယက်မှု ၁၇ မှု ဖြစ်ခဲ့ပြီး ၉ မှုကို တရားစွဲတင်နိုင်ခဲ့ကြောင်း၊ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် တိုင်းအတွင်း မှုခင်းဖြစ်ပွားမှုများ လျော့နည်းစေရန်အတွက် ဦးစားပေး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
You may also like these stories:
ပြည့်တန်ဆာ အမျိုးသမီးကို သတ်ဖြတ်သည့် တရားခံ ၃ ဦး လွတ်မြောက်နေဆဲဖြစ်
တရုတ်၌ ဖမ်းဆီးခံထားရသော မြန်မာသင်္ဘောသားများ ပြန်လွှတ်ပေးရေး အစိုးရတောင်းဆို