၂၁ ရာစုပင်လုံ စတုတ္တ အစည်းအဝေးမတိုင်မှီ တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဖယ်ဒရယ်မူ ဘုံသဘောထား ရယူရန်အတွက် လက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့၏ ထိပ်သီးကိုယ်စားလှယ်များက ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးနေကြသည်။
“ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ဖက်ဒရယ်အခြေခံမူ အတည်ပြုရေး ညှိနှိုင်းအစည်း အဝေး” ဆိုသည့် ခေါင်းစဉ်ဖြင့် ဆွေးနွေးနေကြခြင်းဖြစ်ပြီး အစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ မှ ၂၉ ရက်နေ့ အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ထို အစည်းအဝေးကို အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အတူ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ ထိပ်သီးကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးနေကြသည်။
ထို အစည်းအဝေး ကျင်းပရေးကော်မတီ၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် KNPP ၏ ထိပ်သီးကိုယ်စားလှယ် တဦးလည်း ဖြစ်သည့် ဦးအောင်ဆန်းမြင့် က “အခုလောလော ဆယ်ကတော့ ကျနော်တို့ ဒီ ၁၂ ဖွဲ့က ဖက်ဒရယ်ရဲ့ အခြေခံမူ ဘုံသဘောထားတွေကို ရရှိဖို့ အစည်း အဝေးလုပ်ကြတာဖြစ်တယ်။ ဒါ့အပြင် နောက်တချက်ကတော့ ငြိမ်းချမ်းရေးကို ဘယ်လို ရှေ့ဆက်ပြီးသွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Update လေးတွေမျှဝေတဲ့သဘောလောက်ပေါ့” ဟု သတင်းထောက်များကို ပြောသည်။
အပစ်ရပ် ၁၀ ဖွဲ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ဖြစ်သည်။
ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ကြုံတွေ့နေကြရသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အခြေအနေများနှင့်ပတ်သက်၍ ဖလှယ်နေကြပြီး ဖက်ဒရယ်မူ ဘုံသဘောထား ရရှိရေး အတွက်လည်း ဆက်လက်ဆွေးနွေးမည်ဟု ထိုအစည်းအဝေးကျင်းပရေး ကော်မတီ၏ ပြောခွင့်ရလည်းဖြစ် RCSS အဖွဲ့၏ ထိပ်သီး ကိုယ်စားလှယ် တဦးလည်းဖြစ်သည့် စိုင်းလျန်း က ပြောသည်။
နှစ်ရက်တာပြုလုပ်မည့် ချင်းမိုင်အစည်းအဝေးမှ ထွက်ရှိလာမည့် ရလဒ်နှင့် ပတ်သက်၍ “အခုက ၁၂ ဖွဲ့ရဲ့ အခင်းအကျင်းဆိုတော့ ရှေ့ဆက်ဘယ်လို လုပ်ဆောင်သွားမလဲဆိုတာ ဆွေးနွေးပွဲ ပြီးတဲ့ နောက်ပိုင်းမှဘဲ ပြောလို့ရမှာပေါ့” ဟု စိုင်းလျန်း ကပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ၃ ကြိမ် ကျင်းပနိုင်ခဲ့ပြီး ထိုညီလာခံများမှ ဘုံသဘောတူညီချက် ၅၁ ချက်ရရှိခဲ့သည်။ သို့သော်လည်း ထိုသဘောတူညီချက်များကို လွှတ်တော်က အတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။
ထိုသဘောတူညီချက် ၅၁ ချက်နှင့် ပတ်သက်၍ “အရင်တုန်းက ၅၁ ချက်ကို လေ့လာလိုက်လို့ရှိရင် သိပါတယ်။ တကယ့် ဖက်ဒရယ်ကို တည်ဆောက်တဲ့ အခါမှာ တကယ့် အခြေခံကျတဲ့ မူတွေ မပါသေးဘူး။ အခုကျနော်တို့ ဆွေးနွေးတဲ့ အခြေခံမူတွေကတော့ ဖက်ဒရယ် တည်ဆောက်တဲ့ နေရာမှာ တကယ့်ကို အခြေခံသင့်တဲ့ အဓိကကျတဲ့ အကြောင်းအရာတွေပါ” ဟု ဦးအောင်ဆန်းမြင့် က ပြောသည်။
ယခုဆွေးနွေးပွဲတွင် အပစ်မရပ်ရသေးသည့် အဖွဲ့များအနက် KIO နှင့် KNPP တို့ဖြင့် ကနဦး ပါဝင်ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းအရှေ့၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင်စစ်တပ် (AA) တို့လည်း ပါဝင်လာနိုင်သည်ဟုဆိုသည်။
ဦးအောင်ဆန်းမြင့်က “လောလောဆယ် ကျနော်တို့မှာ ဒီအခု အခြေခံမူကို ကြိုးပမ်းနေတဲ့ အခါမှာ နီးစပ်တဲ့ အဖွဲ့တွေကို အရင်ဆုံးလုပ်တယ်။ နောက်တဖြည်းဖြည်းနဲ့ အားလုံးပါလာနိုင်အောင် လုပ်မယ့် ရည်ရွယ်ချက်ရှိတယ်။ နောက်ပိုင်းမှာတော့ အားလုံးပါလာမှာပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းတင်မဟုတ်ဘူး Stakeholders တွေပါ ပါလာမှာပေါ့” ဟု ဆိုသည်။
You may also like these stories:
ကရင်ပြည်နယ်မှာ တပ်မတော်က လုပ်ချင်ရာလုပ်မြဲ
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မတ်လတွင် ကျင်းပရန် ပြင်ဆင်
တာဝန်ခံမှု ကင်းမဲ့နေသော ရခိုင်တိုက်ပွဲအတွင်း ကလေးငယ်များ သေဆုံးဒဏ်ရာရနေကြသည်