အစိုးရသစ်လက်ထက် တင်ဒါခေါ်ယူ ဆောက်လုပ်သည့် လုပ်ငန်းများ၌ သတ်မှတ်အရည်အသွေး ပြည့်မပြည့် စစ်ဆေး သည့် Thirt Party- BRCP အဖွဲ့ ဖွဲ့ပြီးနောက် တင်ဒါလျှောက်ထားသူ နည်းသွားသဖြင့် ပဲခူးတိုင်းအတွင်း ကျောင်းပေါင်း ၅၀ကျော် ဆောက်လုပ်နိုင်ခြင်း မရှိကြောင်း သိရသည်။
၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စု အစိုးရ ရန်ပုံငွေမှ ပဲခူးတိုင်းဒေသကြီးအတွင်း စာသင်ကျောင်းပေါင်း ၃၉၅ ကျောင်း ဆောက်ခွင့်ရခဲ့သဖြင့် ပထမအကြိမ် တင်ဒါခေါ်ယူစဉ်က ကျောင်းပေါင်း ၁၅၄ ကျောင်းသာ တင်ဒါ ရွေးချယ် နိုင်ခဲ့ပြီး၊ ကျောင်း ၂၄၁ ကျောင်းအား တင်ဒါလျှောက်သည့် ကုမ္ပဏီ မရှိကြောင်း၊ ဖေဖေါ်ဝါရီလ ၁၀ ရက်က ဒုတိယအကြိမ် ထပ်မံ တင်ဒါခေါ်ယူခဲ့ရာ ၁၈၉ ကျောင်းကိုသာ တင်ဒါလာရောက် လျှောက်ထားပြီး၊ ၅၂ ကျောင်းမှာ တင်ဒါလျှောက်ထား သည့် ကုမ္ပဏီ မရှိသေးကြောင်း ပဲခူးတိုင်း ပညာရေးဌာန စာရင်းများ အရ သိရသည်။
ပဲခူးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးညွှန့်ရွှေက ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြုပြင်ရမည့် ကျောင်းများ၊ ဖျက် ရမည့် ကျောင်းများရှိသော်လည်း လက်ရှိတွင် ကျောင်းပေါင်း ၂၀၀ခန့် တင်ဒါလာရောက်၍ မလျှောက်ကြောင်း၊ ထို့အတွက် အစိုးရအဖွဲ့ထံ တင်ပြပြီး တင်ဒါကင်းလွတ်ခွင့် တောင်းခံရကြောင်း ဆိုသည်။
“အဓိက တရားခံကတော့ BRCP ပဲ စစ်တာ များလို့ မဆွဲတာ။ အရင်တုန်းက ၁၀၀ နဲ့ဆောက်ဆို ဆောက်တယ်။ ၅၅ ကျပ် ဖိုးပဲ ဆောက်သွားပြီး ၄၅ ကျပ်ဖိုး အိပ်ထဲ ထည့်သွားတယ်။ လွှတ်တော် ကိုယ်စားလှယ်ကလည်း မစစ်ဘူး၊ ဌာနဆိုင်ရာ ကလည်း မစစ်ဘူး။ QC ပဲ ရှိတယ်၊ စည်/ကော်ပဲ ရှိတယ်။ အဲဒါကို မလုပ်နိုင်ဘူး လူက နည်းနည်း လေးပဲ။ တည်ဆောက် ရေး ကော်မတီကလည်း တိုင်းမှာ လေး ငါး ရှစ်ယောက်ပဲ ရှိတယ်။ ၂၈ မြို့နယ်ကို ဘယ်လို စစ်မလဲ။ ကုမ္ပဏီတွေက စစ်တာ ကို မကြိုက်ဘူး။ စစ်လိုက်ရင် ပေါ်လာတာပဲ ပေါ်လာတော့ စစ်ရင် ဒီကျောင်းတော့ ငါရှုံးတော့မှာပဲ ဆိုပြီးတော့မှ လာမစွဲတာ တွေ များတယ်” ဟု ဦးညွှန့်ရွှေက ဆိုသည်။
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်သိန်းကမူ ပဲခူးတိုင်းအတွင်း နေရာတချို့တွင် မိုးရာသီကာလက ရေကြီးရေလျံမှုများ ဖြစ် ပေါ်ခြင်း၊ သွားလာရေး မလွယ်ကူသည့် အတွက် သယ်ယူစရိတ် မြင့်မားခြင်း တို့ကြောင့်လည်း တင်ဒါလျှောက်ထားသူ မရှိ ခြင်းများ ကြုံတွေ့ရခြင်း ဖြစ်ကြောင်းနှင့် ယခုနှစ်တွင် တကျောင်းမကျန် ဆောက်လုပ်သွားရန် စီစဉ် ညွန်ကြားထားကြောင်း ပြောသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က ပဲခူးတိုင်းမှာ ကျောင်းပေါင်း ၂၀၀ ကျော် တည်ဆောက်ရန် ကျန်ခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်မှာ ပဲခူး တိုင်းကတော့ အစိုးရအဖွဲ့၏ ကြိုးစားမှုကြောင့် ကျောင်းပေါင်း ၅၂ ကျောင်းသာ ကျန်ရှိတော့ကြောင်း ၎င်းက ဆိုသည်။
အစိုးရ တင်ဒါရ ကျောင်း ဆောက်လုပ်မှု လုပ်ငန်းများကို စောင့်ကြည့်သူ ပန်းတောင်းမြို့နယ် ဥသျှစ်ပင် လူငယ်ကွန်ရက်မှ ကိုပိုင်လေးက “စစ်တမ်းအရ သူတို့ တင်ဒါပေးတဲ့အခါ ကျနော်တို့ ပန်းတောင်းမြို့နယ်မှာ ၆ ကျောင်း ရှိတာ ၅ ကျောင်း မပြီး ဘူး။ ဘာလို့လည်းဆိုတော့ တင်ဒါယူတဲ့ ကုမ္ပဏီဟာ ပဲခူးမြို့အခြေစိုက် ဖြစ်တယ်။ သူတို့က နယ်မြေ မကျွမ်းကျင်ဘူး။ ရတဲ့ နေရာတွေက ခက်ခဲတဲ့နေရာတွေများတယ်။ ဒီလိုမျိုး တင်ဒါပေးမယ့်အစား စီမံကိန်းတွေ အကောင်အထည်ဖော်ဖု့ိ ဒေသခံ တွေပေးဖို့ ကျနော်တို့ ပြောခဲ့တာတွေ ရှိတယ်။ ပြောချင်တာ တင်ဒါပေးတဲ့အခါ နယ်မြေဒေသ မကျွမ်းကျင်တဲ့ ကုမ္ပဏီတွေ ကို ပေးတာတွေကြောင့် အခုလို ဖြစ်နေတယ်” ဟု ဧရာဝတီကို ပြောသည်။
ပဲခူးတိုင်း အတွင်း တင်ဒါ လျှောက်ထားသူ မရှိ၍ ဆောက်လုပ်ရန် ကျန်ရှိနေသည့် ကျောင်းများမှာ ပဲခူးတိုင်း အရှေ့ခြမ်း တွင် ၃၈ ကျောင်း၊ ကျောက်ကြီးမြို့နယ်မှ ၁၁ ကျောင်းဖြင့် အများဆုံး ဖြစ်ပြီး၊ ပဲခူးတိုင်း အနောက်ခြမ်းတွင် ၁၄ ကျောင်း ကျန်ရှိနေပြီး မိုးညိုမြို့နယ်မှ ၇ ကျောင်းဖြင့် အများဆုံး ဖြစ်ကြောင်း ပဲခူးတိုင်းပညာရေး ဝန်ကြီးဌာန၏ စားရင်းများအရ သိရ သည်။
You may also like these stories:
တိုက်ပွဲကြောင့် ပလက်ဝမြို့ရှိ စာသင်ကျောင်းတချို့ ပိတ်ထားရ
စာသင်ကျောင်း ဧရိယာ အနီး စစ်မတိုက်ကြရန် ပညာရေးဒုဝန်ကြီး မေတ္တာရပ်ခံ
ထိုင်းတောင်ပိုင်းက မြန်မာကလေးများအတွက် ပညာ့ရိပ်မြုံ