မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ဘုံပျံတောရတိုက်ရှိ မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် အရှင်အရိယာဝံသာ ဘိဝံသ အနေဖြင့် တပ်မတော် အပေါ် ဝေဖန်ပြောဆိုခြင်းများသည် တိုင်းပြည် ဒုက္ခမရောက်စေချင်၍ ပြောဆိုခြင်း ဟု မိန့်ကြားသည်။
အရှင် အရိယာဝံသာ ဘိဝံသက “ဘုန်းကြီးတို့ ပြောတယ်ဆိုတာ သာမန်အရပ်သား ပြောတာနဲ့ မတူပါဘူး။ ဆရာတော်၊ သံဃာတော်တွေ ဆိုတာ ကရုဏာ ရှိတယ်။ သို့သော်ငြားလည်း အနုပြောသင့်တဲ့ သူကို အနုပြောတယ်။ အကြမ်းပြော သင့်တဲ့ သူကို အကြမ်း ပြောတယ်။ လိုရင်းကတော့ မကောင်းတာ မလုပ်ဖို့ပါပဲ။ မကောင်းတာ လုပ်တာဟာ သူ့အတွက် လည်း ထိခိုက်သလို တိုင်းပြည်အတွက်လည်း ဒုက္ခရောက်မှာမို့ ပြောနေရတာပါ” ဟု မိန့်သည်။
ယနေ့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် အမှု လာရောက်ရင်ဆိုင်သည့်၁၂ ကြိမ်မြောက် ရုံးချိန်း၌ မိန့်ဆိုခြင်း ဖြစ်သည်။
မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော်အား တပ်မတော်က ပုဒ်မ ၅၀၀ ဖြင့် တရားစွဲ ဆိုခဲ့ခြင်းကြောင့် ပြည်ကြီးတံခွန် မြို့နယ် တရားရုံးတွင် အမှု ရင်ဆိုင်နေရပြီး ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေ ဗိုလ်ကြီး အေးမင်းအား စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
မြဝတီမင်းကြီး ဆရာတော်ဘက်မှ လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ ဦးသိန်းသန်းဦးက “ဒီနေ့ကတော့ တရားလိုပြ သက်သေ ဗိုလ်ကြီး အေးမင်းကို စစ်ဆေးပါတယ်။ ခေတ်သစ် မီဒီယာရဲ့ ပြောကြားချက်တွေကို CD ချပ်တွေနဲ့ သက်သေ တင်ဖို့ နောက်တချိန်း ပြန်ချိန်း လိုက်ပါတယ်” ဟု ပြောသည်။
ဆရာတော်အား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ်၂ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း မှ ဒု ဗိုလ်မှူးကြီး သော်တာ ထွေးက တရားလို ပြုလုပ်၍ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက်တွင် ပြည်ကြီးတံခွန်မြို့နယ် တရားရုံး၌ တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။
အရှင် အရိယဝံသာ ဘိဝံသ က “ဘုန်ကြီးကို တပ်က တရားစွဲခံရတာနဲ့ ပတ်သက်လို့ ရယ်ချင်နေတာ။ ဘုရားများ ရှိနေရင် လည်း ဘုရားကိုလည်း စွဲမယ်နဲ့ တူပါတယ်။ အဲဒီတော့ ဘုန်းကြီးတို့က ကိစ္စ သိပ်မရှိတော့ပါဘူး။ နောက် တပ်မတော်က ကောင်းသတင်းနဲ့ မွှေးပြီးတော့ ကမ္ဘာကျော်တဲ့ တပ်မတော်ဆိုရင် တမျိုးပေါ့။ အဲဒီလို မဟုတ်တဲ့ တပ်မတော်ဆိုတော့ ဘုန်း ကြီးတို့က ဘာမှ ပြောစရာ မရှိတော့ပါဘူး” ဟု မိန့်သည်။
ရှေ့နေ ဦးသိန်းသန်းဦးက “အခုလို တပ်က တရားစွဲနေတာတွေအပေါ် ကျနော့်အမြင် ပြောရရင်တော့ လက်ရှိမှာ ကျနော် တို့ တိုင်းပြည်က အရေးကြီးတဲ့ အခြေအနေ တခုကို ရောက်နေပြီ။ ဂမ်ဘီယာက တရားစွဲထားတယ်။ အဲဒီအပြင် မော်လဒိုက် က ကြားဖြတ်အမှု တင်မယ့် အနေအထား ရှိနေတယ်။ အဲဒီလို တိုင်းတပါး အန္တရာယ်တွေ ရှိနေချိန်မှာ ကိုယ့်ပြည်တွင်းမှာ စိတ်ဝမ်းကွဲစရာတွေ လုပ်တာ ကျနော့် တဦးတည်း အနေနဲ့ သဘောမတူပါဘူး။ ပြောတဲ့သူကလည်း ဘယ်အဖွဲ့အစည်းကိုမှ ထိခိုက်အောင် မပြောသင့်ဘူး။ ထိန်းထိန်းသိမ်းသိမ်း ပြောရမယ်။ တဖက်ကလည်း ဒါကို အပြန်ပြန် အလှန်လှန် စွဲတာမျိုး တွေ မဖြစ်သင့်ဘူးလို့ မြင်ပါတယ်” ဟု ဆက်လက်ပြောသည်။
အဆိုပါ အမှုကို ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၅၀၀ ဖြင့် လက်ခံ စစ်ဆေးနေခြင်း ဖြစ်ပြီး တရားလို အပါအဝင် တရားလိုပြ သက်သေ ၅ ဦးထိ တင်သွင်းထားသည်။
တရားစွဲခံရခြင်း၏ ဖြစ်စဉ်မှာ ပြီးခဲ့သည့်နှစ် ဇွန် ၂၁ရက်က ခေတ်သစ်မီဒီယာနှင့် အင်တာဗျူးတွင် မြဝတီမင်းကြီး ဆရာ တော်က တပ်မတော်မှာ သမိုင်းကောင်းသည့် စစ်တပ်မဟုတ်၊ ပြည်သူထဲက ပြည်သူ့ စစ်သား မဟုတ်၊ အမိန့်မနာခံဟု ပြော ဆိုသည့်အပေါ် တပ်မတော်ကို အကြည်ညိုပျက်စေသည့် အသုံးအနှုန်းများ သုံးစွဲသည်ဆိုကာ အလယ်ပိုင်းတိုင်း စစ် ဌာန ချုပ်၊ အမှတ်၂ စစ်ကြောရေးနှင့် တည်းခိုရေး စခန်းမှ ဒုတိယဗိုလ်မှုးကြီး သော်တာထွေးက တရားလိုပြုလုပ်၍ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက်က ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အရှင် အရိယဝံသာ ဘိဝံသက“ သူတို့ ကောင်းတာလုပ်ရင် ဘုန်းကြီးက ချီးမွှမ်းချင်တာပေါ့၊ သူတို့လုပ်တာတွေက မဟုတ် တာတွေ၊ မဟန်တာတွေ၊ မကောင်းတာတွေ ဖြစ်နေလို့ပေါ့၊ တပ်မတော်ရဲ့ သမိုင်းကို ကြည့်မယ်ဆိုရင်လည်း ၆၂ ခုနှစ် တပ် မတော်က အာဏာသိမ်းပြီးကတည်းက တိုင်းပြည်မှာ ဘယ်လောက်ထိ သွေးမြေကျခဲ့သလဲ။ တိုင်းပြည်ကို ရက်ရက်စက် စက် နင်းချေပြီးတော့ကို လုပ်ခဲ့တာ။ နောက် ၈၈မှာလည်း ပြည်သူ မကျေနပ်ဘူး၊ အုံကြွပြန်တော့လည်း လက်ပြောင်းပြီး တော့ အာဏာပြန်ယူတာပဲ” ဟု မိန့်ကြားသွားသည်။
မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော်အား တပ်မတော်က ပုဒ်မ ၅၀၀ ဖြင့် တရားစွဲခဲ့သည့်အပေါ် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက မြဝတီမင်းကြီး ဆရာတော်အား ကျပ်သိန်း ၁၀၀ တန် ကိုယ်ပိုင်ခံဝန် အာမခံ ပေးထားသဖြင့် အာမခံဖြင့် အမှု ရင်ဆိုင်နေခြင်းဖြစ်သည်။
မြဝတီမင်းကြီး ဆရာတော်အနေဖြင့် တိုင်းပြည် ဒုက္ခမရောက်စေရန် အတွက် မကောင်းတာမှန်သမျှကို မပြုလုပ်နိုင်စေရန် အတွက် ပြောစရာရှိသည်များကို ဆက်လက် ပြောကြားနေဦးမည်ဟု ဆက်လက် မိန့်ကြားသည်။
အဆိုပါအမှုအား မတ်လ ၁၃ ရက်သို့ ရုံးချိန်း ပြန်လည် ချိန်းဆိုခဲ့သည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ တွင် အသရေဖျက်မှု အတွက် မည်သူမဆို အခြားသူတဦး၏ အသရေကို ဖျက်လျှင် ထိုသူကို ၂ နှစ်အထိ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်၂ ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ဆက်စပ်ဖတ်ရှုရန်
တပ်မတော်ကို အသရေဖျက်သည်ဟု ဆိုကာ မြဝတီမင်းကြီး ဆရာတော်ကို မန္တလေးတွင် တရားစွဲ
တရားစွဲခံရခြင်း လွတ်လပ်စွာ ပြောဆိုခွင့်အရ နစ်နာဟု မြဝတီမင်းကြီး ဆရာတော် မိန့်ကြား
တပ်မတော်က တရားစွဲထားသည့် မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် အမှု ရှေ့နေ ပါဝါတင်