လွှတ်တော်တွင်း ဆောင်ရွက်နေသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းမှုကို အားမရသည့်အပြင် ထိရောက်သည့် ပြင်ဆင်မှုများ ရရှိနိုင်မည်မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော်မှ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များ က ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းထွန်းအေး က “အယူအဆတွေကတော့ ညီညွှတ်တဲ့အပိုင်းကို သွားနေတာတော့ မမြင်ဘူး။ ငြင်းခုံနေကြတဲ့အပိုင်း ရောက်နေတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကလည်း ၇၅ ရာခိုင်နှုန်း ကျော်မှ ပြင်ဆင်လို့ရမှာ ဆိုတော့ ပြင်ဆင်ရေးနဲ့ လုပ်ငန်းစဉ်ကတော့ အားရစရာတော့ သိပ်မ ကောင်းဘူး” ဟု ပြောသည်။
၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဆွေးနွေးကြရာတွင် အစုအဖွဲ့ တခုနှင့်တခု အကြား စကားလုံးအသုံးအနှုန်းမှစ၍ အပြင်းအထန် ကန့်ကွက်မှုများ ရှိနေသောကြောင့် ပြည်ထောင်စု လွှတ်တော် နာယက ကပင် အကြိမ်ကြိမ် သတိပေးရသည့်အခြေအနေသို့ ရောက်ရှိနေသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၄၉ ဦးဆွေးနွေးမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့မှ စတင်ဆွေးနွေးလာခဲ့ရာ ဖေဖော်ဝါရီ ၂၇ အထိ ၆၃ ဦးဆွေးနွေးခဲ့ပြီး ယနေ့တွင် ၁၆ ဦး ထပ်မံဆွေးနွေးခဲ့သည်။
ထိုဥပဒေမူကြမ်းကို စတင်ဆွေးနွေးသည့်နေ့မှာပင် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်တဦးက အော်ဟစ် ပြောဆိုခဲ့မှုကို ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ရုန့်ရင်းကြမ်းတမ်းသည့် အပြောဆို အမူအရာများ မပြုလုပ်ရန် မေတ္တာရပ်ခံခဲ့ရပြီး နောက်ရက်များတွင်လည်း ပုဒ်မ ၅၉ (စ) ကဲ့သို့ပုဒ်မများနှင့် နိုင်ငံရေးတွင် တပ်မတာ်၏ အခန်းကဏ္ဍလျှော့ချရေးကိစ္စများ ဆွေးနွေးရာတွင် တဘက်နှင့်တဘက် သဘောထားများမှာ ဆန့်ကျင်ဘက်သို့ ဦးတည်ခဲ့သည်။
စိုင်းထွန်းအေး က “အနှစ်သာရကျတဲ့ ပြုပြင် ပြောင်းလဲမှု တော့ ဖြစ်ပေါ်လာမယ့် အလာအလာမရှိဘူး။ ဥပမာ စာလုံးပေါင်းလေး ပြင်တာလောက်တော့ ဖြစ်နိုင်ချေ ရှိတာပေါ့” ဟု သုံးသပ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးနေမှုများနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာနိုင်ရန် မျှော်လင့်ချက် နည်းသော်လည်း ဖက်ဒရယ်နှင့် ဆန်ကျင်သည့်ပုဒ်မများ၊ ဒီမိုကရေစီနှင့် ဆန့်ကျင်သည့်ပုဒ်မများ အားလုံးကို ပြင်ဆင်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ညအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကပြောသည်။
ဒေါ်ထုမေ က “ကျမတို့တိုင်းရင်းသားတွေအနေနဲ့ ကြည့်လို့ရှိရင်တော့ မျှော်လင့်ချက် နည်းနည်းတောင် မတွေ့ပါဘူး။ ဒါပေမယ့် နိုင်ငံရဲ့ အခြေခံကျတဲ့ ဥပဒေကို မဖြစ်မနေ ပြင်ဆင်ရမယ်။ ဒီအပေါ်မှာ ရတဲ့ခွန်အားနဲ့ ရတဲ့ အခွင့်အရေးကို အသုံးပြုရတာ ဖြစ်တယ်” ဟု ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်ကြိုးပမ်းရာတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ရှေုးရှု၍ ညီညီညွှတ်ညွှတ် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်မှ ဦးခွန်မောင်သောင်း က တိုက်တွန်း ပြောဆိုသည်။
တိုင်းရင်းသားရေးနှင့် ပြည်သူ့ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဦးခွန်မောင်သောင်း က “စိတ်ဆန္ဒတွေ အားလုံးကိုယ်စီ ရှိကြမယ်ဆိုရင် သူဘက် ကိုယ့်ဘက် သူ့အဖွဲ့ ကိုယ့်အဖွဲ့ သဘောမထားပဲနဲ့ လုပ်ဖို့ကိုင်ဖို့ လိုအပ်နေပြီဆိုတဲ့ စိတ်ဓာတ်ကို ကိန်းအောင်းဖို့တော့ လိုတာပေါ့။ အဲဒီကိန်းအောင်းလာတဲ့ အချိန် ကျရင်တော့ ပြင်နိုင်လိမ့်မယ်လိုပဲ မျှော်လင့်ပါတယ်” ဟု ပြောသည်။
လွှတ်တော်တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးမှု အခြေအနေတင်းမာမှုများကို ထောက်ရှုပါက တပ်မတော်နှင့် လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်နေသည့် NLD ပါတီတို့အကြား အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် မအောင်မြင်ခြင်းကို ဖော်ပြနေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
ဦးသန်းစိုးနိုင်က “ကျနော်တို့ ပြည်သူတွေ မျှော်လင့်တဲ့ တိုင်းရင်းသားတွေမျှော်လင့်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ အခြေခံမူတွေ ရရှိရေး ဆိုတာထက် နှစ်ဦး နှစ်ဘက် အပြန်အလှန် စွဲချက်တင်နေတဲ့ လှုပ်ရှားမှုလို့ပဲ မြင်ပါတယ်။ အဲလိုသဘောထားနဲ့ ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး အောင်မြင်မယ်လို့ မထင်ပါဘူး” ဟု ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါဝင်သော ပုဒ်မ ပုဒ်မခွဲများကို ပြင်ဆင်မည်ဆိုပါက လွှတ်တော်ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် သဘောတူမှသာ ပြင်ဆင်နိုင်မည်ဖြစ်သောကြောင့် NLD ပါတီ အပါအဝင် ပါတီပေါင်းစုံမှ အရပ်သားကိုယ်စားလှယ် အားလုံးအပြင် တပ်မတော်သားကိုယ်စားလှယ်များကသာ သဘောတူ ထောက်ခံရမည်ဖြစ်သည်။
ပြည်တောင်စုလွှတ်တော်တွင် NLD ပါတီ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီအသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံခိုင်ရေးပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီးပါဝင်ပြီး ကိုယ်စားလှယ်စုစုပေါင်း ၆၅၄ ဦးရှိသည်။
ဦးသန်းစိုးနိုင် က “တပ်မတော်သား မထောက်ခံတဲ့ ဖွဲ့စည်းပုံမှန်သမျှ ပြင်လို့မရဘူးဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ပဲ နိဂုံးချုပ် သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်နိုင်တဲ့ အနေအထားနဲ့ အခွင့်အလမ်း ရလိမ့်မယ်လို့ မမျှော်လင့်ပါဘူး” ဟု ဝေဖန်ထောက်ပြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပထမ ၃ ရက်ဆက်တိုက် ဆွေးနွေးရာတွင် ကြံ့ခိုင်ရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဆွေးနွေးချက်ကို NLD ပါတီမှ ကန့်ကွက်ခြင်း၊ တပ်မတော်ဘက်က ဆွေးနွေးသည်ကို NLD ကန့်ကွက်ခြင်း၊ NLD ကဆွေးနွေးသည်ကို တပ်မတော်က ကန့်ကွက်ခြင်းစသဖြင့် အပြန်အလှန်လုပ် ဆောင်နေကြသည်။
ထို့ပြင် ကန့်ကွက်သည့် အချိန်မဟုတ်ပဲ မိမိဆွေးနွေးသည့် အလှည့်ရောက်မှ ကန့်ကွက်ခြင်း၊ ယမန်နေ့က ဆွေးနွေးချက်ကို နောက်တနေ့ လွှတ်တော်အစည်းအဝေးရောက်မှ ပြန်လည်ပြောဆိုခန့်ကွက်ခြင်း၊ နာယကက တားနေသည့်ကြားမှ အော်ဟစ်ပြောဆိုကန့်ကွက်ခြင်း စသည့် တင်းမာမှုအခြေအနေများကိုလည်း ကြုံတွေ့နေရသည်။
ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်သည် လွှတ်တော်ကိုယ်စားလှယ်များကို အကြိမ်ကြိမ် သတိပေးရပြီး ပုတ်ခတ်ပြောဆိုမှုများ အလွန်ဆိုးလာပါက တရားစွဲဆိုသည့် အခြေအနေမျိုးထိ လုပ်ဆောင်ရမည်ကို မိမိအနေဖြင့် မလိုလာကြောင်း ပြောဆိုခဲ့ရသည်။
ထိုသို့ပြောဆိုခဲ့ပြီးနောက် ယနေ့ လွှတ်တော်တွင်း ဆွေးနွေးမှုတွင် ကန့်ကွက်မှုများလည်း နည်းသွားပြီး အခြေအတင်ဖြစ်မှုများ၊ အော်ဟစ်ပြောဆိုမှုများလည်း မရှိခဲ့ပေ။
You may also like these stories:
ဖွဲ့စည်းပုံ စိစစ်ရေး ပူးပေါင်းကော်မတီ တာဝန်ရှိသူများကို အရေးယူရန် တပ်မတော် တိုင်ကြား
တင်ဒါလျှောက်သူ မရှိ၍ ပဲခူးတိုင်း၌ စာသင်ကျောင်း ၅၀ ကျော် မဆောက်နိုင်သေး