ကိုရိုနာဗိုင်းရပ်(COVID – 19) ကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေအရ ကူးစက်မြန်သည့်ရောဂါ၊ တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံအတွင်း ကူးစက်ပျံ့ပွားမှု မဖြစ်စေရေး၊ ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ခြင်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန်အတွက် သတ်မှတ်ခဲ့ပြီး ထိုသတ်မှတ်ချက် မရုတ်သိမ်းသမျှ အဆိုပါ အမိန့်သည် အတည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
၁၉၉၅ ခုနှစ် မတ်လ ၂၀ ရက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်မှတ်ထိုး ထုတ်ပြန်သော ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေ ပုဒ်မ ၉ အရ ကူးစက်ရောဂါဖြစ်ပွားနေကြောင်း သိသိချင်း “အိမ်ထောင်ဦးစီး သို့မဟုတ် အိမ်ထောင်စုဝင်တဦးဦး”သည် အနီးစပ်ဆုံး ကျန်းမာရေးဌာန သို့မဟုတ် ဆေးရုံသို့ အကြောင်းကြားရမည် ဖြစ်သည်။
ဥပဒေအရ ကျန်းမာရေးအရာရှိသည် ခရီးသွားလာခွင့် ကန့်သတ်ခြင်း၊ ကူးစက်ရောဂါဖြစ်ပွားရာသို့ ဝင်ရောက်စစ်ဆေးခွင့်၊ လူနာကို သီးခြားခွဲထုတ်ပိုင်ခွင့်တို့ ရှိသည်။ ပွဲလမ်းသဘင်များကိုလည်း ကန့်သတ်ခွင့်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား မလိုက်နာပါက ပြစ်မှုကျူးလွန်ကြောင်း သတ်မှတ်ပြီး ထောင်ဒဏ် အနည်းဆုံး ၁ လမှ အများဆုံး ၆ လ၊ ငွေဒဏ် အနည်းဆုံး ၁ သောင်းမှ အများဆုံး ၁ သိန်း ချမှတ်ပိုင်ခွင့်ကို ဥပဒေက ပေးထားသည်။
ယခု မြန်မာအစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က Covid-19 ကိုရိုနာရောဂါပိုး အန္တရာယ် အကဲဖြတ်ချက်ကို “ကမ္ဘာလုံးဆိုင်ရာ အဆင့်တွင် အင်မတန် မြင့်မားနေ”ကြောင်း ထုတ်ပြန်ချက်နှင့်လည်း တိုက်ဆိုင်နေသည်။
” ရောဂါပြန့်ပွားမှုနဲ့ အကျိုးဆက်တွေအရ ကျနော်တို့ဟာ သတိအကြီးဆုံး ဒါမှမဟုတ် အန္တရာယ်အများဆုံး အချိန်ကို ရောက်နေပါပြီ”ဟု WHO အရေးပေါ်ပရိုဂရမ် အမှုဆောင်ဒါရိုက်တာ မိုက်ရိုင်ယန်က ထုတ်ပြန်ထားသည်။ အထိတ်တလန့်ဖြစ်စေရန် မရည်ရွယ်ကြောင်းလည်း ပြောပြီး “ဒါဟာ ကမ္ဘာပေါ်က အစိုးရတိုင်းအတွက် အရှိတရားပဲ။ နိုးထကြ၊ အဆင်သင့်ပြင်ကြ၊ ဒီဗိုင်းရပ်က လာနေပြီ၊ အဆင်သင့်ဖြစ်ဖို့ လိုတယ်။ ခင်ဗျားတို့ရဲ့ နိုင်ငံသားတွေအတွက် ခင်ဗျားတို့မှာ တာဝန်ရှိတယ်။ ကမ္ဘာက အဆင်သင့်ဖြစ်ရစေဖို့ ခင်ဗျားတို့မှာ တာဝန်ရှိတယ်”ဟုလည်း ဆိုသည်။
ဖေဖော်ဝါရီလ ၂၉ ရက်နေ့ သတင်းများအရ နိုင်ငံပေါင်း ၆၀ သို့ ရောဂါပိုးပျံ့နှံ့ရောက်ရှိနေပြီး တောင်ကိုးရီးယား၊ ဂျပန်၊ အီရန်၊ အီတလီတို့တွင်း ကူးစက်ပြန့်ပွားမှုမှာ တရုတ်ပြည်မကြီးပြီးလျှင် အများဆုံးဖြစ်သည်။
ရောဂါစတင်ဖြစ်ပွားနေသော နိုင်ငံများမှ ခရီးသည်များ လေကြောင်းလိုက်ဖြင့် တိုက်ရိုက်ဖြစ်စေ၊ ရပ်နားဖြတ်သန်း၍ ဖြစ်စေ မြန်မာနိုင်ငံအတွင်းသို့ ဝင်လာနိုင်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်များမှ သံသယရှိသူများ မဝင်ရောက်စေရေး ထိန်းချုပ်နေသလို တည်းခိုခန်းများ၊ ဟိုတယ်များ၊ အိမ်များတွင် ရောဂါ ကြည့်ရှု့စောင့်ကြည့်ရေးသည် အရေးကြီးသော အချက်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
ထိုရောဂါသည် ရောဂါကူးစက်ခံသူနှင့် အနီးကပ် မနေခဲ့ခြင်း၊ ဖြစ်ပွားရာ ဒေသများသို့ လတ်တလော မသွားခြင်းများလည်း ရောဂါကူးစက်ဖြစ်ပွားနေသည်ကို တချို့နိုင်ငံများတွင် တွေ့ရှိရပြီး လူစုလူဝေး များပြားသောနေရာများတွင် တဦးမှတဦးသို့ ကူးစက်နိုင်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ကျန်းမာရေး ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒုညွှန်မှူး ဒေါက်တာခင်ခင်ကြီးက “တကမာ္ဘလုံးအတွက် ကပ်ရောဂါအသွင်တော့ မဟုတ်သေးပါဘူး။ အဲ့ဒီအတွက် ပြင်ဆင်ထားဖို့ကို ပြောထားတာပါ။ လူတိုင်းကတော့ စိုးရိမ်စိတ် ရှိကြမှာပဲ။ ဒါပေမယ့် ဉာဏ်နဲ့ ယှဉ်ကြည့်စေချင်တယ်။ နှာစီး ချောင်းဆိုးရင်၊ ဖျားနာရင် လူတွေထဲ မသွားနဲ့၊ အပြင်က ပြန်လာရင် လက်ဆေးဖို့၊ ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့ စသဖြင့် လူတိုင်းက ပြင်ဆင်ထားဖို့ ပြောတာပါ” ဟု ဆိုသည်။
ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ယခုကာလတွင် လူစုလူဝေး များသောနေရာများ၊ ပွဲလမ်းသဘင်များကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ရန်၊ အခြေအနေကြောင့် မဖြစ်မနေ ကျင်းပမည့် ပွဲများကိုသာ ကျင်းပရန်နှင့် မလွှဲမရှောင်သာ ကျင်းပသည့်အခါ အတတ်နိုင်ဆုံး လူဦးရေ အနည်းဆုံး ဖြစ်စေရန် နှိုးဆော်ထားသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ပြသတဲ့ ရောဂါလက္ခဏာများ
ကိုရိုနာဗိုင်းရပ် လေထဲက ကူးနိုင်