ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်တွင် ကူးစက်ပြန့်ပွားနေလျှက်ရှိသော ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါနှင့် ပတ်သက်၍ အထူးသတိပြု လိုက်နာကြရန် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က သတိပေးပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယနေ့ စတင်ကျင်းပသော အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) အစည်းအဝေး အဖွင့် မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်က “ဒီရောဂါကို ထိန်းချုပ် ကုသနိုင်ဖို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ချုပ် (WHO) ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်လို့ မိမိတို့ အားလုံး အနေနဲ့ ကျန်းမာရေး ဆိုင်ရာ သတိပေးချက်၊ တားမြစ်ချက်၊ လိုက်နာဆောင်ရွက်ရမယ့်အချက်မျာကို အထူးသတိပြုပြီး လိုက်နာ ဆောင်ရွက်ကြပါ” ဟု ပြောဆိုသွားသည်။
တပ်မတော်ကလည်း ကိုရိုနာဗိုင်းရပ်စ် (COVID – 19) ကြောင့် လာမည့် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပမည့် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ခေတ္တ ဆိုင်းငံထားမည် ဖြစ်ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။
တပ်မတော်၏ ထုတ်ပြန်ချက်တွင် WHO နှင့် နိုင်ငံတကာမှ COVID – 19 ကူးစက်မြန် ရောဂါ ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ တစုံတရာ ထုတ်ပြန်မှသာ စိန်ရတု တပ်မတော်နေ့ စစ်ရေးပြ အခမ်း အနား ကျင်းပနိုင်ရေး ဆက်လက် စီမံဆောင်ရွက်ရန် လျာထားသည်ဟု ဖော်ပြထားသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနကလည်း ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် (COVID – 19) ကို ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ ကူးစက်မြန်သည့်ရောဂါ၊ တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ထားပြီး ဖြစ်သည်။
ချင်းမိုင်မြို့တွင် ယနေ့ စတင်ကျင်းပသော အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကိုလက်မှတ် ရေးထိုးထားသော အပစ်ရပ် ၁၀ ဖွဲ့၏ ၉ ကြိမ်မြောက် အစည်းအဝေးကို ၂ ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။
ထိုအစည်းအဝေးတွင် ၈ ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်းအဝေးမှ သဘောတူညီချက် ၈ ချက် အကောင်အထည်ဖော် ဆောင်ရွက် မှုများ အတွက် အစိုးရနှင့် NCA-s EAO တို့၏ နှစ်ဖက်ညှိနှိုင်းရေးများ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း လာကြသည်မှာ ၂ ကြိမ်ရှိပြီဖြစ်ပြီး ထိုမှ ရရှိလာသော ရလဒ်များကို အဓိကထား ဆွေးနွေး သွားမည်ဟု သိရသည်။
ထို့အတူ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်ထားမှုများ၊ UPDJC နှင့် JMC အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များ၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် အခင်းအကျင်းများ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်နိုင်ရေး နည်းလမ်းများ စသည်တို့ကို ၂ ရက်တာပြုလုပ်မည့် အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဟု ဆိုသည်။
ဗိုလ်ချုပ်ကြီး ယွက်စစ်က “ရှေ့လုပ်ငန်းစဉ် ချမှတ်ရာမှာ လက်ရှိ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စစ်ရေး အခြေအနေတို့နဲ့ လိုက်လျော ညီထွေ ဖြစ်အောင် ကြိုးပမ်းချမှတ်ကြဖို့ လိုအပ်ပါတယ်။ လက်ရှိ လွှတ်တော်အတွင်းမှာ ဆောင်ရွက် နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ခြင်း လုပ်ငန်းစဉ် ကိုလည်း နားစွင့်ထားဖို့လိုအပ်ပါတယ်” ဟု ဆိုသည်။
လတ်တလော NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အချို့နှင့် တပ်မတော်အကြား မတော်တဆ ထိတွေ့ ပစ်ခတ်မှုများ ရှိကြောင်း၊ ထိုဖြစ်ရပ်များနှင့် ပတ်သက်၍လည်း NCA အတိုင်း ညှိနှိုင်း ဆွေးနွေးခြင်းဖြင့် အဖြေရှာသွားမည်ဟုလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားသည်။
၎င်းက “ပြဿနာ အသေးအမွှား၊ နားလည်မှုလွဲခြင်းတွေကြောင့် လက်ရှိ ချောမွှေ့စွာ ရှေ့သို့ တဖြည်းဖြည်းချင်း ချီတက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အထိအခိုက် အပွန်းအပဲ့ မခံစေရပါဘူး။ မိမိတို့ဟာ NCA ပူးတွဲပိုင်ရှင်တွေဖြစ်လို့ NCA အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမယ်” ဟု ပြောသည်။
အပစ်ရပ် ၁၀ ဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ဖြစ်သည်။
You may also like these stories:
တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ခေတ္တဆိုင်းငံ့ထားမည်
ကိုရိုနာဗိုင်းရပ် ရောဂါဖြစ်လို့ မတိုင်ကြားရင် ဒဏ်ရိုက်နိုင်သည်