ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင်း မြန်မာ့တပ်မတော်နဲ့ ရက္ခိုင်စစ်တပ် (AA) တို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားထားပြီး ကုလားတန်မြစ် ရေကြောင်းက သွားလာတဲ့ စက်လှေတွေ ပစ်ခတ်ခံရတာ ခရီးသွားစက်လှေတွေ လမ်းမှာ ပိတ်မိတာတွေကြောင့် ပလက်ဝမြို့ဟာ ကျီးလန့်စာစား ဘဝနဲ့ စိုးရိမ်ထိတ်လန့်စွာ နေကြပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက လာတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်ပြီး စစ်ရိပ်စစ်ငွေ့တွေ သန်းနေတဲ့ ပလက်ဝမြို့ဆီ ဧရာဝတီသတင်းထောက်တွေ ရောက်သွားခဲ့တဲ့အခါ မြို့ ပတ်လည်က တောင်ကုန်းတောင်တန်းတွေပေါ်မှာ ရာနဲ့ချီတဲ့ AA စစ်သားတွေ လှုပ်ရှားသွားလာနေတာကို မကြာခဏ တွေ့ရပါတယ်။ ပလက်ဝမြို့တွင်းထိ တိုက်ပွဲတွေ ဖြစ်လာမှာကို မြို့ခံတွေက စိုးရိမ်နေကြပါတယ်။
ပလက်ဝမြို့နယ်အခြေစိုက် AA စစ်ဒေသ အမှတ်၂ ကွပ်ကဲရေးရုံးက ဗိုလ်ကြီး ရူဘီကတော့ ပလက်ဝမြို့ကို တိုက်ခိုက်ဖို့ သိမ်းဖို့ အထက်က ညွှန်ကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။
ဗိုလ်ကြီးရူဘီက ” အဲ့လို မူဝါဒ ညွှန်ကြားချက်တွေ မရှိသေးပါဘူးခင်ဗျ။ အခုချိန်ထိပါ။ ပြီးတော့ ကျနော်တို့က ကိုယ့်အမျိုးသား လွတ်မြောက်ဖို့ အတွက် ကြိုးစားနေရင်းနဲ့ တခြား ဘာလူမျိုးပဲဖြစ်ဖြစ် ဘာမျိုးနွယ်စုမှာပဲ ဖြစ်ဖြစ် သူတို့ကို ထိခိုက်အောင် ကျနော်တို့ရဲ့ မူဝါဒတွေက မလုပ်ဆောင်ဘူး”လို့လည်း ပြောပါတယ်။
ဒါပေမယ့် ပလက်ဝဒေသတွင်း နေထိုင်ကြတဲ့ ချင်းလူမျိုးတွေနဲ့ ရခိုင်လူမျိုးတွေ ကြားမှာလည်း သံသယတွေ တိုးလာနေတာကို ဧရာဝတီက ပလက်ဝဒေသခံများနှင့် လိုက်လံတွေ့ဆုံမေးမြန်းရာမှာ ထုတ်ဖော် ပြောဆိုလို့ ကြားခဲ့ရပါတယ်။ ချင်းရွာနဲ့ ရခိုင်ရွာ တရွာနဲ့ တရွာ မကူးရဲကြတာ၊ ရခိုင်လူမျိုးတွေက AA ကို သတင်းပေးသူတွေ ကူညီနေသူတွေဆိုတဲ့ ထင်မြင်ယူဆချက်တွေနဲ့ အရပ်သားတွေ အချင်းချင်း ကြားမှာလည်း မယုံမကြည် ဖြစ်နေကြတာတွေကို တွေ့ရပါတယ်။ မကြားသေးခင်ကလည်း ချင်းလူ့အခွင့်အရေးအဖွဲ့က ရွာသူကြီးနဲ့ ရွာသားတွေ အဖမ်းခံရတဲ့အကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။
ပလက်ဝမြို့နယ်အတွင်းမှာ ကျေးရွာ ၄၀၀ ကျော် ရှိပြီး လူဦးရေ ၁ သိန်းကျော် နေထိုင်ကြပါတယ်။ လူဦးရေ ၁ သိန်းကျော်ထဲက ၆ သောင်းက စစ်ဘေးဒဏ်သင့်နေကြတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပလက်ဝမြို့နယ်တွင်း နေထိုင်ကြတဲ့ လူဦးရေ ၁ သိန်းကျော်ဟာ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ကနေ ရေကြောင်းအတိုင်း သယ်လာတဲ့ ဆန်၊ ဆီ၊ ဆား၊ ဓါတ်ဆီ၊ ဒီဇယ် တွေကို မှီခိုအသုံးပြုနေကြ ရတာပါ။
ဖေဖော်ဝါရီလအတွင်း တ်ိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နဲ့ပလက်ဝမြို့ကြား ရေကြောင်းသွားလာမှု ၂ပတ်ခန့် ပြတ်တောက်ခဲ့တာကြောင့် ပလက်ဝမှာ ဆန်ဈေးတွေကလည်း ၂ ဆ မြင့်တတ်သွားပါတယ်။
ငွေကြေးတတ်နိုင်သူတွေက မြင့်တတ်နေတဲ့ ဆန်ဈေးနှုန်းကို အမှီလိုက်ပြီး မိသားစုနေ့စဉ် စားသောက်ရေးကို ဖြေရှင်းနိုင်ပေမယ့် ငွေကြေးလုံလုံလောက်လောက် မရှိသူတွေကတော့ ဆန်ကွဲတွေကို ဝယ်စားနေကြရပါပြီ။
ပလက်ဝမြို့နယ်တွင်းက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေက ကုလားတန်မြစ်ကြောကို အမှီပြုပြီး ငါးရှာတာအပြင် ကုန်ပစ္စည်းတွေကို တရွာနဲ့ တရွာ စက်လှေနဲ့သယ်ယူပြီး ရောင်းချကြတာလည်း ရှိပါတယ်။
တိုက်ပွဲတွေကြောင့် လမ်းပိတ်ပြီး ဒီဇယ်ဈေးကလည်း ၁ ဂါလံကို ၅၀၀၀ ကျပ်ကနေ ၁၂၀၀၀ ကျပ်ထိ မြင့်တတ်နေတာကြောင့် စက်လှေအတွက် ဆီဝယ်ယူဖို့လည်း အခက်အခဲတွေ ရှိနေကြပါတယ်။
တိုက်ပွဲများကြောင့် ကျောက်တော်-ပလက်ဝ ရေလမ်း၊ ကုန်းလမ်းတို့မှာ ဖေဖော်ဝါရီ ၆ ရက်မှ စတင် ပိတ်ဆို့သွားခဲ့တာ ဖြစ်ပါတယ်။
ခရီးသွားလာရင်း တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ပလက်ဝဒေသခံ အရပ်သားတွေ ဖေဖော်ဝါရီ ၂၂ ရက် ရေလမ်းအတိုင်း ကျောက်တော်မှ ပလက်ဝသို့ပြန်လာရာ လမ်းမှာ AA တပ်ဖွဲ့ဝင်တွေက စက်လှေတွေကို တားပြီး စစ်ဆေးတာတွေ ရှိပါတယ်။ ဖေဖော်ဝါရီ ၂၇ ရက်မှာ ပလက်ဝမြို့မှ ကျောက်တော်မြို့သို့ ရေကြောင်းအတိုင်း ထွက်လာတဲ့ အရပ်သားစက်လှေတစင်း ပစ်ခတ်ခံရပြီး အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိထားပါတယ်။
ပလက်ဝမြို့နယ်အတွင်းမှာ နေထိုင်ကြတဲ့ အရပ်သားတွေ စားနပ်ရိက္ခာ ပြတ်တောက်အောင် လုပ်ဖို့ ရည်ရွယ်ချက် မရှိကြောင်းနဲ့ ဆန်သယ်ယူဖို့ ကူညီပေးမယ်လို့ AA ဘက်က ထုတ်ပြန်ထားပေမယ့် တကယ့်မြေပြင်မှာတော့ ဆန်သယ်ယူရေးနဲ့ သွားလာရေးက ခက်ခဲနေဆဲပါ။
ဗမာစကားပြောသူဆိုရင်ဖြစ်ဖြစ် ဗမာလူမျိုးဆိုရင်ဖြစ်ဖြစ် ဖမ်းဆီးတယ်၊ ရိုက်နှက်တယ်ဆိုတဲ့ သတင်းစကားတွေဟာလည်း ပလက်ဝမြို့နယ်အတွင်းမှာ ပျံ့နှံ့နေတာကြောင့် အခြားဒေသကနေ ပလက်ဝကို လာရောက် အလုပ်လုပ်ကိုင်သူတွေ လာရောက် အခြေချသူတွေကလည်း ခရီးသွားလာဖို့ စိုးရိမ်ထိတ်လန့်နေကြတာကိုလည်း သိရှိခဲ့ရပါတယ်။
(ယခု သတင်းနှင့် ဓာတ်ပုံများသည် ပလက်ဝမြို့သို့ ဧရာဝတီသတင်းအဖွဲ့ သွားရောက် သတင်းရယူခဲ့အပြီး ပြန်လည်တည်းဖြတ် ထုတ်လွှင့်တင်ပြမည့် အစီအစဉ်၏ ပထမဆုံး အဖွင့်ဖြစ်သည်။)
You may also like these stories:
တာဝန်ခံမှု ကင်းမဲ့နေသော ရခိုင်တိုက်ပွဲအတွင်း ကလေးငယ်များ သေဆုံးဒဏ်ရာရနေကြသည်
AA ခေါင်းဆောင်၏ ဇနီးနှင့် သားသမီးများ ဆွစ်ဇာလန်နိုင်ငံ ရောက်သွားပြီ
အခြေနေဆိုးလာသည့် ပလက်ဝအရေး ဖြေရှင်းရန် ပြည်ထောင်စု အစိုးရထံ တင်ပြ