တရုတ်တွင် နောက်ထပ် သေဆုံးသူ ၄၂ ဦးရှိလာကြောင်း အစိရင်ခံသည့်အခါ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူအရေအတွက်မှာ ၃၀၀၀ ကို ကျော်လွန်သွားပြီဖြစ်သည်။ စုစုပေါင်းသေဆုံးမှု၏ ၉၀ ရာခိုင်နှုန်းကျော်မှာ လွန်ခဲ့သည့်နှစ်က ဗိုင်းရပ်စတင်ဖြစ်ပေါ်ခဲ့ရာ တရုတ်နိုင်ငံ ဟူပေပြည်နယ်မှ ဖြစ်သည်။
သို့သော်လည်း အီရန်တွင် ၅၀ ကျော်သေဆုံးပြီး အီတလီတွင် ၃၀ ကျော်သေဆုံးမှုနှင့်အတူ တခြားနိုင်ငံ ၁၀ နိုင်ငံတွင်လည်း သေဆုံးမှုများ ရှိလာနေပြီဖြစ်သည်။ ယခုအခါ ကမ္ဘာတဝန်း အတည်ပြုထားသည့် ကူးစက်ခံရသူအရေအတွက်မှာ ၉၀,၀၀၀ နီးပါးရှိနေပြီဖြစ်ကာ တရုတ်နိုင်ငံတွင်းမှာထက် တရုတ်ပြင်ပတွင် ကူးစက်မှုက ပို၍မြန်ဆန်နေသည်။
သို့သော်လည်း လူနာအများစုတွင် ရောဂါလက္ခဏာများမှာ မပြင်းထန်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္ဂနွေနေ့က ပြောပြီး သေဆုံးနှုန်းမှာ ၂ ရာခိုင်နှုန်းနှင့် ၅ ရာခိုင်နှုန်းကြား ရှိဟန်တူသည်။ နှိုင်းယှဉ်ကြည့်လျင် ရာသီတုပ်ကွေးတွင် ပျမ်းမျှသေနှုန်းမှာ ၀ ဒသမ ၁ ရာခိုင်နှုန်းရှိသော်လည်း ကူးစက်မှုမှာ လွန်စွာမြင့်မားပြီး နှစ်စဉ် လူ ၄၀၀,၀၀၀ အထိ သေဆုံးလျက်ရှိသည်။
ဆားစ်ရောဂါကဲ့သို့ ကိုရိုနာဗိုင်းရပ်၏ မျိုးကွဲများနှင့် မားစ်ရောဂါတို့မှာ Covid-19 ထက် သေဆုံးနှုန်းများစွာ မြင့်မားသည်။
ကမ္ဘာ့အခြေအနေ
ကူးစက်မှုက တရုတ်တွင် ကူးစက်နှုန်းက ကျဆင်းလာသော်လည်း ကျန်ကမ္ဘာ့ဒေသများတွင် သိသိသာသာ မြင့်မားလာခဲ့သည်။ ဥရောပတွင် အဖြစ်အများဆုံး အီတလီတွင် ကူးစက်မှုအရေအတွက်မှာ ၄၈ နာရီအတွင်း နှစ်ဆရှိကြောင်း နိုင်ငံ၏ ပြည်သူ့ကာကွယ်ရေးဋ္ဌာနအကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ထိုနေရာတွင် သေဆုံးမှု အနည်းဆုံး ၃၄ ဦးရှိပြီး အတည်ပြုထားသည့် ကူးစက်မှု ၁၆၉၄ ဦးရှိသည်။ အီတလီရှိ ၎င်း၏ဝန်ထမ်းနှစ်ဦးတွင် ဗိုင်းရပ်ကူးစက်ခံထားရပြီး ရောဂါခြေချုပ်ဖြင့် ထားရှိနေရကြောင်း Amazon ကပြောသည်။ ယူကေတွင် အတည်ပြုကူးစက်ခံရသူ ၃၆ ဦးရှိပြီး တနင်္လာနေ့အတွက် အရေးပေါ်ကော်မတီတခုကို ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ခေါ်ခဲ့သည်။
တနင်္လာနေ့က တရုတ်နိုင်ငံပြင်ပ ကူးစက်မှုအများဆုံး တောင်ကိုရီးယားတွင် အသစ်ကူးစက်ခံရသူ ၄၇၆ ဦးရှိပြီး စုစုပေါင်းကူးစက်ခံရသူ အရေအတွက်မှာ ၄၂၁၂ ဦးရှိသည်။ သေဆုံးသူအရေအတွက်မှာ ၂၆ ဦးရှိသည်။
အတည်ပြုကူးစက်ခံရသူများအနက် ၃၀၈၁ ဦးမှာ ဒေဂူးမှာဖြစ်ပြီး ယင်းကူးစက်ခံရသူများထဲမှ ၇၃ ရာခိုင်နှုန်းမှာ ရှင်းချီအွန်ဂျီခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် ဆက်နွယ်နေသည်။ ယင်းခရစ်ယာန်ဂိုဏ်းဝင်များသည် တဦးကို တဦး ကူးစက်ခဲ့ကြသည်ဟု ယုံကြည်ရပြီး ယင်းနောက် နိုင်ငံတဝန်းပျံ့နှံ့သွားသည်။
၎င်းအုပ်စုက ဂိုဏ်းဝင်များ၏အမည်ကို လျှို့ဝှက်ထားသည်ဟု စွပ်စွဲခံနေရပြီး ကူးစက်မှုအား ခြေရာခံမှုကို ခက်ခဲစေသည်ဆိုသည်။ သို့သော်လည်း ၎င်းတို့က အဖွဲ့ဝင်များ၊ ကျောင်းသားများနှင့် အဆောက်အအုံများ၏ စာရင်းကို အာဏာပိုင်များသို့ ပေးအပ်လိုက်ပြီဟု ဘုရားရှိခိုးကျောင်းမှ ကင်ရှင်ချန်းက ဘီဘီစီသို့ ပြောသည်။
“ကျနော်တို့အဖွဲ့ဝင်တွေရဲ့ အန္တရာယ်ကင်းရှင်းမှုကြောင့် ဒီသတင်းအချက်အလက် ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး ကျနော်တို့ စိုးရိမ်ပါတယ်” ဟု မစ္စတာကင်က ပြောသည်။ ထို့အပြင် ၎င်း၏အဖွဲ့မှာ တောင်ကိုရီးယားတွင် အမြဲတစေ နှောင့်ယှက်ခံနေရသည်ဟုလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
မြို့တော်နေ လူဦးရေ ၁၀ သန်းအား နေအိမ်မှ အလုပ်လုပ်ပြီး လူစုလူဝေးကို ရှောင်ရှားကြရန် ဆိုးလ်မြို့တော်ဝန်က တိုက်တွန်းခဲ့သည်။ အဆိုးဝါးဆုံး ထိခိုက်သည့်နိုင်ငံတခုဖြစ်သည့် အီရန်က တနင်္ဂနွေနေ့က ပြောကြားခဲ့သည်မှာ ၎င်း၏နိုင်ငံတွင် ကူးစက်ခံရသူ ၉၇၈ ဦးရှိပြီး ၅၄ ဦးသေဆုံးသွားပြီဟု ပြောသည်။
ကာတာ၊ အီကွေဒေါ၊ လူဇင်ဘတ်နှင့် အိုင်ယာလန်အပါအဝင်နိုင်ငံများကလည်း လွန်ခဲ့သည့်သီတင်းပတ်အတွင်း ပထမဆုံး ကူးစက်လူနာများရှိနေသည်ဟု အတည်ပြုခဲ့သည်။ အမေရိကန်နိုင်ငံ နယူးယောက်ကလည်း ၎င်းတွင် ပထမဆုံး ကူးစက်လူနာရှိနေသည်ဟု အတည်ပြုခဲ့သည်။ ၎င်းလူနာမှာ အသက် ၃၀ ကျော်အမျိုးသမီးတဦးဖြစ်ပြီး မကြာသေးခင်က အီရန်သို့သွားခဲ့ရာမှ ကူးစက်ခံရသည်။
အမေရိကန်တွင် ကူးစက်လူနာတဦးသေဆုံးခဲ့ပြီး အသက် ၅၀ ကျော် ၎င်းအမျိုးသားမှာ ဝါရှင်တန်ပြည်နယ်မှဖြစ်ကာ ရောဂါအခံများလည်း ရှိနေသည်။
တရုတ်က အခြေအနေ
တနင်္လာနေ့က နောက်ထပ်လူ ၄၂ ဦးသေဆုံးခဲ့သည်ဟု တရုတ်က အစီရင်ခံခဲ့ပြီး ၎င်းတို့အားလုံးမှာ ဟူပေပြည်နယ်မှ ဖြစ်သည်။ အသစ်ကူးစက်ခံရသူ ၂၀၂ ဦးရှိကြောင်း အတည်ပြုထားပြီး ၆ ဦးသာ ဟူပေပြည်နယ်၏ ပြင်ပမှဖြစ်သည်။
တရုတ်ပြည်တွင်းတွင် သေဆုံးသူစုစုပေါင်းမှာ ၂၉၁၂ ဦးရှိသွားပြီဖြစ်ပြီး ၈၀၀၀၀ ကျော်မှာ ကူးစက်ခံထားရကြောင်း အတည်ပြုထားသည်။ နောက်တဆင့်မှာ လုပ်ငန်းခွင်ပြန်စ,ရာမှ ယူဆောင်လာသည့် အန္တရာယ်များကို အာရုံစိုက်ရန် ဖြစ်လိမ့်မည်ဟု တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
တရုတ်စီးပွားရေးမှာ ထိခိုက်နေပြီး စက်ရုံလုပ်ငန်းများက စံချိန်တင်ကျဆင်းနေသည်။ ယခုနှစ်တွင် လေထုညစ်ညမ်းမှု သိသာစွာ ကျဆင်းနေပြီး တစိတ်တပိုင်းအားဖြင့် ဗိုင်းရပ်ကြောင့် စီးပွားရေးနှေးကွေးရာမှ ဖြစ်နိုင်ကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာက ပြောသည်။
WHO က ဘာပြောထားသလဲ
တနင်္ဂနွေနေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့သည်မှာ ဗိုင်းရပ်သည် အထူးသဖြင့် အသက် ၆၀ ကျော်များနှင့် ရောဂါအခံရှိသူများကို ပို၍ ထိခိုက်သည်ဆိုသည်။ အောက်ဆီဂျင်သည် ပြင်းထန်သည့် Covid-19 ဗိုင်းရပ်ခံစားနေရသည့် လူနာများအတွက် အဓိကကုသမှုဖြစ်ကြောင်း ပြောကြားခဲ့ပြီး အသက်ရှု ကောင်းစေသည့် အောက်စီဂျင်ဘူးနှင့် ပိုက်များ ကိရိယာများ သိုမှီးထားကြရန် နိုင်ငံများကို WHO က တိုက်တွန်းခဲ့သည်။
တရုတ်မှ ကူးစက်လူနာ ၄၄၀၀၀ ကျော်ကို ပထမဆုံးအကြိမ် ကြီးမားသည့် ပိုင်းခြားစိတ်ဖြာလေ့လာမှုအရ သေဆုံးနှုန်းတွင် အသက်အလွန်ကြီးသူများက သက်လတ်အရွယ်များထက် ဆယ်ဆပို၍ သေဆုံးနိုင်သည်။
ကိုးကား။ ။ BBC ၏ Coronavirus: Global death toll exceeds 3,000
You may also like these stories:
တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ခေတ္တဆိုင်းငံ့ထားမည်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနိုင်ငံတွင် ပထမဆုံး သေဆုံးသူ ရှိလာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် လူသေဆုံး
ကိုရိုနာဗိုင်းရပ် ရောဂါဖြစ်လို့ မတိုင်ကြားရင် ဒဏ်ရိုက်နိုင်သည်