ထိုင်းနိုင်ငံ၊ ပတ္တယားမြို့တွင်ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က အလိုရှိနေသော တရုတ်နိုင်ငံသား တရားခံပြေး ၂ ဦးကို ငွေဆောင်ကမ်းခြေ၌ ယမန်နေ့ က ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း
သတင်း ရရှိသည်။
တရုတ်နိုင်ငံသား ၂ ဦးမှာ ငွေဆောင်ကမ်းခြေ၊ ချစ်သူများကျွန်းမှ ရခိုင်ပြည်နယ်ဂွမြို့သို့ သွားရောက်ရန် စက်လှေ ငှားရမ်း နေစဉ် ငွေဆောင်မြို့မရဲစခန်း၊ ငွေဆောင်ကမ်းခြေရှိ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့နှင့် ငွေဆောင်မြို့ အုပ်ချုပ်ရေး မှူး ဦးဝဏ္ဏဝင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးမေးမြန်းပြီး နောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ထိုင်းရဲတပ်ဖွဲ့က အလိုရှိနေတဲ့ သံသယတရားခံ တရုတ်နိုင်ငံသား ၂ ဦးကို ငွေဆောင်မှာ ဖမ်းမိခဲ့ပါတယ်။ သူတို့က ငွေဆောင်ကနေ ဂွမြို့ကိုသွားဖို့ စက်လှေငှားနေတဲ့အချိန်မှာ ဒေသခံတွေရဲ့သတင်းပေးချက်အရ ကျနော်တို့ ဖမ်းဆီးနိုင်ခဲ့ တာ ဖြစ်ပါတယ်။ သူတို့က မြန်မာပြည်မှာ ဘာပြစ်မှုမှ ကျူးလွန်တာမရှိတာကြောင့် ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့ထံကို လွဲှပြောင်းပေး အပ်သွားမှာပါ” ဟု ဓရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ ထွက်ပြေးလာသည့် လူသတ်မှုသံသယတရားခံ တရုတ် နိုင်ငံသား ၄ ဦးအနက် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သူ ၂ ဦးမှာ အသက် ၃၁ နှစ် အရွယ်ရှိ ချင်မျောင်း(Qinmiao) နှင့် အသက် ၂၄ နှစ်အရွယ်ရှိ ကန်းကန်(Gang Gang)သည်။
၎င်းတရုတ်နိုင်ငံသား ၂ ဦးမှာ တရုတ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ လည်းကောင်း၊ မလေးရှားနိုင်ငံမှ တဆင့် ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရောက်ရှိခဲ့ပြီးနောက် ထိုမှတဆင့် မြန်မာနိုင်ငံ မြဝတီမြို့သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး မြဝတီတွင် ၃ ရက်ခန့်နေထိုင်ပြီးနောက် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။
ရန်ကုန်မြို့တွင် ၂ ရက်ကြာနေထိုင်ပြီးနောက် မတ်လ ၁ ရက်နေ့တွင် ငွေဆောင်ကမ်းခြေသို့ ဆက်လက် ထွက်ခွာလာခဲ့ပြီး ဟိုတယ်တွင် တစ်ညအိပ်ခဲ့ပြီးနောက် မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့် တွင် ငွေဆောင်ကမ်းခြေ၊ ချစ်သူများ ကျွန်းမှ ရခိုင်ပြည်နယ် ဂွမြို့သို့ သွားရောက်ရန်စက်လှေငှားနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
“တရုတ်နိုင်ငံသား ၂ ဦး ရောက်နေတယ်ဆိုတာ သတင်းရတယ်။ အဲဒါနဲ့ မနေ့က ရှိသမျှဟိုတယ်တွေနဲ့ တည်းခိုခန်းတွေမှာ ရဲတပ်ဖွဲ့၊ လဝကဌာန တာဝန်ရှိသူတွေနဲ့ ပူးပေါင်းလိုက်ရှာပါတယ်။ ဒါပေမယ့် မတွေ့တော့ဘူး။ အဲဒါနဲ့ ဆက်ပြီး သတင်း စုံစမ်းတော့ သူတို့က ရခိုင်ပြည်နယ်ဘက်ကို စက်လှေငှားပြီး ထွက်ပြေးဖို့စီစဉ်နေတုန်း ပူးပေါင်းအဖွဲ့နဲ့ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်” ဟု ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းက ပြောသည်။
တရုတ်နိုင်ငံသား ၄ ဦးမှာ ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ရှိ ဟိုတယ်တစ်ခုမှ ကားတစ်စီးဖြင့်ထွက်ခွာလာပြီး မြစ်ကူးတံတားပေါ်မှ လူတစ်ကိုယ်စာထက်ကြီးသော အိတ်အမည်းရောင်တစ်ချို့ကို မြစ်ထဲပစ်ချခဲ့ ကြောင်း၊ အိတ်တအိတ်ထဲတွင် တရုတ်နိုင်ငံ သားတစ်ဦး၏ရုပ်အလောင်းတွေ့ရပြီး ကျန်အိတ်များကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ အဆိုပါ တရုတ်နိုင်ငံသား ၄ ဦးမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှတဆင့် မြန်မာနိုင်ငံထဲ ဝင်ရောက်သွားကြောင်း ထိုင်းသတင်းဌာနတချို့က ဖော်ပြသည်။
အဆိုပါ အမှုအတွက် ထိုင်းအာဏာပိုင်တို့ အလိုရှိနေသည့် နောက်ထပ် တရုတ်နိုင်ငံသား နှစ်ဦးမှာ ရှောင်းရှန်ယွိ(Xiao Xiang Yu)နှင့် ဟူကျန်းရှုန်း(Hu Zheng Xiong)တို့ဖြစ်သည်။
အဆိုပါ လူသတ်မှု သံသယတရားခံ ၄ ဦးမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဘက်သို့ ဝင် ရောက်သွားသည့်အတွက် ရှာဖွေဖမ်းဆီးပေးရန် ထိုင်းနိုင်ငံရဲတပ်ဖွဲ့က မြန်မာနိုင်ငံ မြဝတီခရိုင် ရဲတပ်ဖွဲ့ ထံသို့ ဆက်သွယ် အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းမိခဲ့သည့် တရုတ်နိုင်ငံသား တရားခံပြေး ချင်မျောင်း(Qinmiao) နှင့် ကန်းကန်(Gang Gang)တို့ကို ယနေ့ နေ့လည်ပိုင်းတွင် ရဲတပ်ဖွဲ့အစောင့်အရှောက်ဖြင့် ပုသိမ်မြို့မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့က အလိုရှိနေသည့် တရုတ်နိုင်ငံသား တရားခံပြေး ၄ ဦးအနက် ကျန်အမျိုးသား ၂ ဦးမှာ ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်သည်။
You may also like these stories:
ထိုင်းမှာ တရားမဝင် နေထိုင်ပြီး ဧည့်လမ်းညွှန် လုပ်နေတဲ့ တရုတ်အမျိုးသမီး ဖမ်းဆီးခံရ
တရုတ်၌ ဖမ်းဆီးခံထားရသော မြန်မာသင်္ဘောသားများ ပြန်လွှတ်ပေးရေး အစိုးရတောင်းဆို