မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှု ဥယျာဉ်မြို့တော်အတွင်း ဆေးခြောက်စိုက်ပျိုးသည် ဟု ဆိုသော အမေရိကန်နိုင်ငံသား မစ္စတာဂျွန်ကို အာမခံပေးထားသူ ဒေါက်တာ ခင်မောင်ဝင်းအား ငွေကျပ်သိန်း ၃၂၅၀ ပေးလျော်ရန် ယနေ့ မြင်းခြံခရိုင် တရားရုံးက အမိန့် ချမှတ်လိုက်သည်။
မစ္စတာဂျွန်အား အာမခံပေးထားသူ ဒေါက်တာ ခင်မောင်ဝင်းက “ကျနော်အခု ဘဏ်ကနေ ငွေထုတ်ပေးနေပါတယ်။ မြင်းခြံခရိုင် တရားရုံး အကောင့်ထဲကို ငွေထည့်ပေးနေပါတယ်။ အယူခံ ဆက်တက်ဖို့ မရှိပါဘူး။ ဒါက ကျနော်တို့ တာ ဝန်ယူထားတဲ့ ကိစ္စဖြစ်တဲ့ အတွက် လုပ်ပေးရမှာပေါ့လေ” ဟု ပြောသည်။
မြို့သာစက်မှုဥယျာဉ် အတွင်း ဆေးခြောက် စိုက်ပျိုးသည် ဟုဆိုကာ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki (၆၃ နှစ်)ကို၂၀၁၉ ခုနှစ် ဧပြီ ၂၃ ရက်က ဖမ်းဆီးခဲ့ပြီး နှစ် အကန့်အသတ် မရှိ ထောင်ဒဏ် ချမှတ်နိုင်သည့် ပုဒ်မများ၊ သေဒဏ် ကျခံရမည့် ပုဒ်မများ ဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဥပဒေ ပုဒ်မ ၁၆(က)၊ ၁၉(က)(ခ)၊ ၂၀(က)(ခ)၊၂၁ စသည်တို့ဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ တရားလို ပြုလုပ်ကာ မြင်းခြံခရိုင် တရားရုံး သို့ တရားစွဲ တင်ပို့ခဲ့ခြင်း ဖြစ်သည်။
Mr. John Fredric Todoroki သည် အချုပ်ဖြင့် အမှု ရင်ဆိုင်ခဲ့ရပြီး ကျန်းမာရေး မကောင်းသဖြင့်၂၀၁၉ ခုနှစ် ဇူလိုင် လ၂၄ ရက်တွင် ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၂ (၁) ခြွင်းချက်အရ မြင်းခြံခရိုင်တရားရုံးမှ ကျပ်သိန်း ၃၂၅၀ တန် အာမခံ ပေးခဲ့သည်။
အဆိုပါ အာမခံကို Jaguco Myanmar International Co.Ltd မှ ဒေါက်တာ ခင်မောင်ဝင်းက လုပ်ဆောင်ပေးခဲ့ပြီး နောက် မစ္စတာဂျွန် အနေဖြင့် အမှု လာရောက် ရင်ဆိုင်ခြင်း မရှိသဖြင့် မြင်းခြံ ခရိုင် တရားရုံးက ဒေါက်တာ ခင်မောင် ဝင်းကို ရာဇဝတ်ကျင့်ထုံး ၅၁၄ အရ ရာဇဝတ် အထွေထွေ အမှုဖွင့်ခဲ့ပြီး အာမခံငွေ ပေးလျော်စေရန် အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ အာမခံငွေ ပေးလျော်ခဲ့ရခြင်းသည် ကုမ္ပဏီ၏ငွေကြေး ဆုံးရှုံးနစ်နာမှုထက် နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ အတွက်လည်း နစ်နာ ဆုံးရှုံးမှုများ ရှိနေသည်ဟု Jaguco Myanmar International Co.Ltd မှ ဒေါက်တာ ခင်မောင် ဝင်းက ဝေဖန် သုံးသပ်သည်။
၎င်းက “အခု ကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်အမြင်ကို ပြောရမယ်ဆိုရင် ကျနော်တို့ ကုမ္ပဏီကနေ ပေးလျော်ရတဲ့ ငွေ ကြေးဆုံးရှုံးမှုထက် အစိုးရနဲ့ လယ်သမားတွေအတွက် နစ်နာဆုံးရှုံးမှုက ပိုများပါတယ်။ ဒီ လုပ်ငန်းရဲ့ အတိုင်းအတာ ကြောင့် နိုင်ငံတော်လည်း ရသင့်ရထိုက်တဲ့ အခွန်တွေလည်း ဆုံးရှုံးတဲ့အပြင် လယ်သမားတွေအတွက်လည်း စီးပွား ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားတယ် လို့ပဲ မြင်ပါတယ်” ဟု ပြောသည်။
ထို့ပြင် အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki နှင့် ပတ်သက်၍ မြင်းခြံခရိုင် တရားရုံးက ရာဇဝတ်ကျင့် ထုံး ဥပဒေ ပုဒ်မ ၅၁၂ အရ တရားခံပြေးအဖြစ် အမှု ဖွင့်လှစ်ထားသည်။
မြို့သာစက်မှု ဥယျာဉ်မြို့တော် အတွင်း ဆေးခြောက် စိုက်ပျိုးသည် ဟုဆိုကာ စိုက်ပျိုးသူ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki နှင့် အတူ စိုက်ခင်း တာဝန်ခံ ရှိန်းလတ် (၃၇ နှစ်)၊ မရွှန်းလဲ့မြတ်နိုး (၂၃ နှစ်) တို့လည်း ဖမ်း ဆီးခံခဲ့ရပြီး မြင်းခြံခရိုင်တရားရုံးက စစ်ဆေးခဲ့ကာ၊ ဖေဖော်ဝါရီ ၁၀ ရက် ရုံးချိန်း၌ မရွန်းလဲ့မြတ်နိုးအား စွဲချက်မတင်မီ တရားရှင် လွှတ်ပေးခဲ့သည်။
အဆိုပါ ရုံးချိန်းမှာပင် စိုက်ခင်း တာဝန်ခံ ဟုဆိုသော ကိုရှိန်းလတ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၆(က)၊ ၂၀(က)၊ ၁၆(ခ)တို့ဖြင့် စွဲချက်တင် အမိန့်ချမှတ်ခဲ့ပြီး ယနေ့ရုံးချိန်တွင် အပြီး သတ် လျှောက်လဲချက် ကြားနာမှုများ ပြုလုပ်ခဲ့သည်။
ဖေဖော်ဝါရီ ၂၄ ရက် ရုံးချိန်းက စွပ်စွဲခံရသူ ကိုရှိန်းလတ် အနေဖြင့် စိုက်ခင်း တာဝန်ခံ(မန်နေဂျာ) မဟုတ်ကြောင်း ငြင်း ဆိုခဲ့ပြီး စိုက်ခင်း တာဝန်ခံ(မန်နေဂျာ)မှာ အမေရိကန် နိုင်ငံသား မစ္စတာ သောမတ်သာ ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် စိုက်ခင်းအတွက် အလုပ်သမားများ ရှာဖွေပေးရခြင်း၊ အလုပ်သမားများအား ကြီးကြပ်ရသည့် အောက်ခြေအဆင့် ဝန်ထမ်းတဦးသာ ဖြစ်ကြောင်း တရားခွင်၌ ထွက်ဆိုထားသည်။
အဆိုပါ အမှုအား မြင်းခြံခရိုင် တရားရုံးက မတ်လ ၁၀ ရက်သို့ ပြန်လည် ချိန်းဆိုပေးခဲ့ပြီး ကိုရှိန်းလတ်နှင့် ပတ်သက်၍ အပြီးသတ် အမိန့်ချမှတ်သွားမည် ဟု သိရသည်။
ဆေးခြောက် စိုက်ပျိုးသည်ဟု ဆိုကာ မစ္စတာဂျွန် အပါအဝင် အမေရိကန် အခြေစိုက် IIIM ကုမ္ပဏီ တာဝန်ရှိသူ အခြား အမေရိကန် နိုင်ငံသား ၅ ဦးကိုလည်း အမူဖွင့်ထားပြီး သူတို့၏ မျက်ကွယ်တွင် အမှုကို စစ်ဆေးနေခြင်း ဖြစ်သည်။
လူမှုကွန်ရက်တွင် ဆေးခြောက်စိုက်ခင်း ဟု နာမည်ကြီးခဲ့သည့် မြို့သာစက်မှုဇုန် အတွင်း စက်မှုကုန်ကြမ်း သဘာဝ ဆေးဘက်ဝင် လျှော်ပင်စိုက်ပျိုးရန် အတွက် ၂၀၁၈ ခုနှစ် မေလခန့်က စိုက်ဧက ၆၀ ခန့်အား အမေရိကန်နိုင်ငံသား John Fredric၊ Thomas နှင့် Alexandra Skemp တို့ ၃ ဦးက တိုင်းအစိုးရအဖွဲ့၏ တရားဝင် ခွင့်ပြုချက်ဖြင့် Mandalay Myotha Industrial Development Public Co,Ltd (MMID) ထံမှ ငှားရမ်း လုပ်ကိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
မြို့သာဆေးခြောက်အမှု စွဲချက်တင်၊ တဦးအား တရားရှင်လွှတ်
ဆေးခြောက်စိုက်ခင်း အမှု အမေရိကန် နိုင်ငံသားကို အာမခံသူ ဒေါက်တာ ခင်မောင်ဝင်း အသနားခံစာတင်