သတင်း

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ် စမုခဏ် ကွဲအက်မှု ပြုပြင်ရန် စီစဉ်

မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် အတွင်းရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်၏ စမုခဏ် (ဆင်းတုတော်နှင့် ပလ္လင်ကြား နေရာ)တွင် ကွဲအက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် ပညာရှင်များနှင့် ညှိနှိုင်း၍ ပြုပြင်မှုများ ပြုလုပ်သွားမည်ဟု ဂေါပက အဖွဲ့ထံက သိရသည်။

ထိုကဲ့သို့ ကွဲအက်မှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ လယ်ခန့်က စတင် တွေ့ရှိခဲ့ရာ မှတ်တမ်းယူ၍ သြဝါဒ ဆရာတော် ကြီးများထံသို့ သြဝါဒ ခံယူခဲ့ရာ ကောင်းမွန်အောင် ဆောင်ရွက်ရန် မိန့်ကြားထားကြောင်း သိရသည်။

ဂေါပက အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက “ရုပ်ရှင်တော်မြတ်ကြီးရဲ့အောက်မှာ စမုခဏ် ဆိုတာ ပါတယ်။ ကိုယ်တော်ကြီးနဲ့ ဘာ မှမဆိုင်ပါဘူး။ အဲဒီ စမုခဏ်မှာ အက်ကြောင်း ၃ ခု တွေ့တာပေါ့နော်။ ဒီနေရာတွေက ရုပ်ရှင်တော်မြတ်နဲ့ လုံး၀ မပတ် သက်တဲ့ နေရာ၊ ထိခိုက်မှု မရှိတဲ့နေရာ ဖြစ်တယ်။ ကပ်လှူထားတဲ့ ရွှေတွေ ထိခိုက်မှု မရှိတဲ့ နေရာမှာ ဖြစ်တာပါ။ ဒါနဲ့ ပတ်သက်ပြီး ဖြစ်နိုင်စွမ်းရှိနိုင်တဲ့ အနေအထားတွေကို လေ့လာ သုံးသပ်ပြီးမှ လုပ်ဆောင်မှာပါ” ဟု ပြောသည်။

စမုခဏ်တွင် ဖြစ်ပေါ်နေသည့် အက်ကြောင်းရာများ ဖြစ်ပေါ်လာခြင်းနှင့် ပြုပြင်မည့် ကိစ္စကို ဂေါပကအဖွဲ့က မတ်လ၂ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းမီဒီယာများအား အသိပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကွဲအက်သည့် နေရာများမှာ မဟာမုနိ ရုပ်ရှင်တော် နောက်ကျောဘက်ခြမ်းတွင် ၂ နေရာ၊ ဘေးခြမ်း ၁ နေရာ တို့ ဖြစ်ပြီး အင်္ဂတေ ကွာကျလာသည့် အနေအထားသာ ဖြစ်ကြောင်း သိရသည်။

ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းက “သဘောကတော့ ရုပ်ရှင်တော်မြတ်ကြီးရဲ့နောက်ကျောမှာ ရွှေတွေလည်း များလာ တာပေါ့နော်။ ရွှေတွေ များလာတဲ့အတွက် ရွှေတွေဟာ ကြေးစမုခဏ်ရဲ့အပြင်ကို ထွက်လာတယ်လို့ သုံးသပ်ရတယ်။ အဲဒီမှာ ဘုရားတည်စဉ်ကတည်း က စမုခဏ်ကို ဘိလပ်မြေနဲ့ ထပ်ပြီး မံပြီး မှန်စီရွှေချ လုပ်ထားတာ။ အဲဒီမှာ မှန်လေး တချပ် ပဲ့ကြလာတယ်။ ပဲ့ကျလာတဲ့နေရာကို ပညာရှင်တွေနဲ့ အကြမ်းဖျင်း ကြည့်လိုက်တဲ့ အခါမှာ ဘိလပ်မြေထု လက် တဆစ်ကျော်ကျော် တွေ့ရတယ်” ဟု ဆက်လက် ပြောသည်။

မဟာမုနိ ရုပ်ရှင်တော်မြတ် စမုခဏ် ကွဲအက်မှုနှင့် ပတ်သက်၍ ပြုပြင်မှုများ ပြုလုပ်ရန် ဆရာတော်ကြီးများ၏ သြဝါဒနှင့် အတူ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကိုလည်း ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

မဟာမုနိ ရုပ်ရှင်တော်မြတ်ဘုရားကြီး ဆင်းတုတော်တွင် ဘုရားဖူး ပြည်သူများက ချသည့် ရွှေများ များလာသည့် အတွက် ဖြစ်ကြောင်း ဂေါပက အဖွဲ့ဝင် ကြေးသွန်း ပညာရှင် ဦးဆန်းက သုံးသပ် ပြောဆိုသည်။

၎င်းက “ဘာကြောင့်ဆိုတာကို တိတိကျကျ မဟုတ်ပေမယ့် ကျနော့်အမြင်ကို ပြောရရင် ကိုယ်တော်ကြီးပေါ်မှာ ရွှေ သားထုက တော်တော် များသွားပြီ၊ ရွှေချထားတာက ရုပ်ရှင်တော်မြတ်ကြီးရဲ့ တင်ပါးနေရာမှာ အနည်းဆုံး ၆ လက်မ လောက်အထိ ရှိနေနိုင်တယ်။ အပေါ် ခါးတော်နေရာဆိုရင် ၁၈ လက်မလောက် အထိ ဖြစ်သွားပြီဆိုတော့ ဝိတ်လည်း နည်းနည်းများတယ်လို့ သုံးသပ်ရမှာပေါ့” ဟု ဆိုသည်။

ဆက်လက်၍ ဦးဆန်းက “အက်ကြောင်း တွေ့ပေမယ့် အတွင်းမှာ ရှိတဲ့ ကြေးစမုခဏ် အက်တာ မဖြစ်နိုင်ဘူးလို့ သုံး သပ်ပါတယ်။ အင်္ဂတွေ အက်တာပေါ့။ ကြေးစမုခဏ်က အတွင်းမှာ ခန့်မှန်းခြေ ၁၅ လက်မလောက် ရှိနေမယ်။ အပြင် ကနေ အင်္ဂတေ ငုံထားတာပေါ့။ ဒီတော့ ကြေးသား ပေါ်အောင်ထိတော့ ကျနော်တို့ စစ်ကြည့်ရမယ်” ဟု ပြောဆိုသည်။

ထို့ပြင် စမုခဏ်ကွဲအက်မှု ပြုပြင်နိုင်ရန်အတွက် မန္တလေးတိုင်း ဒေသကြီး အင်ဂျင်နီယာအသင်း၊ သာသနာရေး ဦးစီး ဌာန၊ ရှေးဟောင်း သုတေသနဌာန၊ မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်း၊ မြန်မာနိုင်ငံ သတ္တုဗေဒ အင်ဂျင်နီယာ အသင်းနှင့် မြန်မာမှု ဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်၊ ရွှေတိဂုံဂေါပကအဖွဲ့ အကြံပေးများထံလည်း အသိပေး အကြောင်းကြားထားပြီး ဖြစ်ကြောင်း သိရသည်။

ဥက္ကဋ္ဌ ဦးစိုးလင်းက “ဖြစ်နိုင်စွမ်း ရှိနိုင်တဲ့ အနေအထား လေ့လာသုံးသပ်ပြီး သိပြီးမှ ဘာကြောင့်ဖြစ်တယ်ဆိုတာ ကျ နော်တို့ သိမယ်။ အဲဒီတော့ မဖြစ်အောင် ဘာလုပ်ရမလဲ ဆိုတာကိုတော့ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး သိရမယ့်ကိစ္စ ဖြစ် တယ်။ အကောင်းဆုံး ဘယ်လို လုပ်နိုင်မလဲဆိုတဲ့ အကြံပြုချက် ရယူသွားမှာ ဖြစ်သလို ပြုပြင်မှာကို ပြည်သူတွေ သိ စေချင်သလို စိတ်လည်း မပူစေချင်ပါဘူး” ဟု ပြောဆိုသည်။

ပညာရှင်များနှင့် စစ်ဆေးမှု ပြုလုပ်ခြင်းကို မတ်လ ၄ ရက် ညနေ ရွှေချခွင့် ပိတ်သည့် ၄ နာရီကျော်၌ ပြုလုပ်ရန် လျာ ထားကြောင်း သိရသည်။

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို ကုန်းဘောင်မင်းဆက် ၆ ဆက်မြောက် အမရပူရမြို့တည် နန်းတည် ဘိုးတော် ဗဒုံ မင်း လက်ထက် မြန်မာသက္ကရာဇ် ၁၁၄၆ ခုနှစ်(ခရစ် ၁၇၈၄ ခုနှစ်)တွင် ရခိုင်ပြည်မှ မန္တလေးမြို့သို့ ပင့်ဆောင်လာခဲ့ ခြင်း ဖြစ်ရာ မန္တလေးသို့ ရောက်ရှိသည်မှာ နှစ်ပေါင်း ၂၃၅ နှစ် သက်တမ်း ရှိခဲ့ပြီ ဖြစ်သည်။

You may also like these stories:

ဆေးခြောက်စိုက်ခင်းအမှု အမေရိကန်နိုင်ငံသားကို အာမခံသူ ကျပ်သိန်း ၃ ထောင်ကျော် လျော်ရ

ထိုင်းက လူသတ်မှုဖြင့် အလိုရှိနေသည့် တရုတ်နိုင်ငံသား ၂ ဦး ငွေဆောင်ကမ်းခြေ၌ ဖမ်းမိ

ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်လာ

Loading