အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားသော အဖွဲ့များနှင့် တပ်မတော် အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စ အခက်အခဲဖြစ်နေကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့ထံမှ စုံစမ်းသိရှိရသည်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အပစ်ရပ် ၁၀ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) က ယခုလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် အစည်းအဝေးတရပ်ကျင်းပခဲ့ပြီး ထိုအစည်းအဝေးတွင် အစိုးရနှင့် ဆွေးနွေးရမည့် တပ်ပိုင်းဆိုင်ရာ ကိစ္စလည်း ပါဝင်သည်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က “တချို့က တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ရှေ့တန်းတင်လာတာရှိတယ်။ တပ်နေရာချထားရေးတို့၊ တပ်ရွှေ့ပြောင်းရေးတို့၊ သွားလာရေးတို့ အဲ့ဒီလို အရပ်သားတွေကို ကာကွယ်ရေး အဲ့ဒီကိစ္စတွေမှာ ဆက်လက်ဆွေးနွေးဖို့ ရှိတဲ့ဟာကို ဒီကိစ္စတွေ မပြေလည်ရင် နိုင်ငံရေး ဆွေးနွေးပွဲ မဆက်ဘူး ဆိုတဲ့ အဖွဲ့မျိုးလည်း ရှိတယ်၊ ဒါပေမယ့် ပြေလည်ဖို့ မဖြစ်နိုင်ဘူး၊ ဒီ တပ်ကိစ္စတွေက တသက်လုံး ရှိနေမည့်ဟာတွေ” ဟု သတင်းထောက်များကို ပြောသည်။
နေပြည်တော်၌ ယခုနှစ် ဧပြီလတွင် ကျင်းပရန် ရာထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံ စတုတ္ထအစည်းအဝေး မတိုင်မီ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တပ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ ခိုင်မာသည့် ဆုံးဖြတ်ချက်များ ရရှိထားရန် လိုအပ်နေသည်။
တပ်မတော်ဘက်က လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည် ပေါင်းစည်းရေး (DDR) ကို တွန်းအားပေးနေ သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဘက်ကလည်း လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေး (SSR) ကိုရှေ့တန်းတင် လွန်ဆွဲနေမည်ဆိုလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်ဆိုင်းသွားနိုင်သည့် အခြေအနေပင် ရှိကြောင်း PPST အစည်းအဝေး တက်ရောက်သူ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင် တဦးက ပြောသည်။
ဆွေးနွေးပွဲများ တိုးတက်မှုရှိရန် အတွက် အဆိုပါ DDR၊ SSR ကိစ္စ သဘောထားကွဲလွဲမှု ပြေလည်ရန်လည်း အရေးကြီးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော် သံခဲ က သတင်းထောက်များကို ရှင်းပြသည်။
ရဲဘော် သံခဲက “SSR/DDR ကိစ္စတို့ ဘာတို့တွေဟာ နားလည်မှု မတူညီတာဖြစ်တယ်၊ အဲ့တော့ ဆွေးနွေးရမယ့် အနေအထားက လုံခြုံရေးကဏ္ဍ ဆိုတာ နိုင်ငံရေး ဆွေးနွေးပွဲထဲက ကဏ္ဍတခုဖြစ်တယ်။ လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်တဲ့ မူသဘောထား တွေကို ချမှတ်ပြီးမှသာလျှင် SSR/DDR တို့က တစုံလုံးအတွက် အကြုံဝင်လာမယ်လို့ တဖက်ကလည်း ယူဆတယ်၊ အဲ့တော့ ဘာမူဝါဒမှ မရှိဘဲနဲ့ ဒီဖက်က DDR ဆိုတဲ့ဟာမျိုးက အရင်စလုပ်ဖို့ DDR ကိုစပြီးမှ ဆွေးနွေးဖို့ဆိုတာ ဖြစ်လာတာဟာ အဲ့နှစ်ခုရဲ့ အမြင်မတူညီမှုပဲ ဖြစ်တယ်၊ ဒါကြောင့်မို့ ဒီဟာက စဖို့ဟာ ဒီဆွေးနွေးတဲ့နေရာမှာ ခက်ခဲနေတယ်လို့ ယူဆရမှာဖြစ်တယ်” ဟု ဆိုသည်။
တနှစ်ကျော်ဆိုင်းငံ့ထားခဲ့ရသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) အစည်း အဝေး ပြန်လည်ကျင်းပနိုင်ရေးမှာ တပ်ပိုင်းဆိုင်ရာ ကိစ္စပြေလည်ရန်လိုအပ်နေကြောင်း PPST က ဖွဲ့စည်း ပေးထားသည့် အပစ်အခတ်ရပ်စဲရေး ခိုင်မာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့၏ ညှိနှိုင်းရေးမှူး စိုင်းလျန်း က ပြောသည်။
စိုင်းလျန်း က “JMC အစည်းအဝေးကို စဖို့အတွက်တော့ ကျနော်တို့က တပ်ပိုင်းဆိုင်ရာ ဆွေးနွေးမှုကို ခိုင်ခိုင်မာမာ ရှိစေချင်တယ်။ ရှိပြီးမှဘဲ JMC သွားဖို့ အဲလိုသဘောထားတော့ ရှိတာပေါ့။ ဒီအတောအတွင်းမှာ ဒီကိစ္စ ဆွေးနွေး နိုင်တယ်။ အဆင် ပြေသွားတယ် ဆိုရင်တော့ JMC အစည်းအဝေးလည်း ဖြစ်နိုင်တဲ့ အခြေအနေရှိတာပေါ့” ဟု ပြောသည်။
၂၀၁၈ ခုနှစ် အောက်တိုဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် ၁၀+၁၀ ထိပ်သီးအစည်းအဝေး ပြုလုပ်ရာ တပ်မတော်ဘက်မှ ခွဲမထွက်ရေးနှင့် တခုတည်းသော တပ်မတော်ရှိရေးကို လက်ခံရန် ပြောဆိုခဲ့ပြီးနောက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနက် အင်အားကြီး အဖွဲ့အချို့က သဘောထားကွဲလွဲမှုများ ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးများ ရပ်တန့်မှု စတင်ခဲ့သည်။
၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက KNU အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အစည်းအဝေးများ တွင် ပါဝင်မှုကို ယာယီ ရပ်ဆိုင်းမည်ဖြစ်ကြောင်း အသိပေးကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံသို့ စာတစောင် ပေးပို့ထားသည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ကလည်း JMC အဆင့်ဆင့်၏ ဆောင်ရွက်မှုများမှာ သမာသမတ်ကျခြင်း၊ တန်းတူညီမျှမှုနှင့် တရားမျှတမှု မရှိပါက နောင်ကျင်းပမည့် JMC အစည်းအဝေး အဆင့်ဆင့်တွင် ပါဝင်တတ်ရောက်ရန် သုံးသပ်မည်ဟု ဆိုကာ စာထုတ်ပြန်ခဲ့ပြီး JMC အစည်းအဝေးများတွင် ပါဝင်မှုကို ရပ်ဆိုင်းခဲ့သည်။
You may also like these stories:
တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား ခေတ္တဆိုင်းငံ့ထားမည်
ဖွဲ့စည်းပုံ စိစစ်ရေး ပူးပေါင်းကော်မတီ တာဝန်ရှိသူများကို အရေးယူရန် တပ်မတော် တိုင်ကြား