အအေးမိနေသောကြောင့် သူ၏ ပုပ်ရဟန်းမင်းကြီးဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဝါတွင်း ဝတ်စောင့်ပွဲတခုကို ပယ်ဖျက်ခဲ့ရသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု အီတလီသတင်းစာ Il Messaggero က မတ် ၃ ရက်နေ့တွင် ဖော်ပြခဲ့သည်။
အဆိုပါ သတင်းနှင့် ပတ်သက်၍ ချက်ချင်းမှတ်ချက် တစုံတရာ ချက်ချင်းပေးရန် မရှိကြောင်း ဗာတီကန်ပြောရေးဆိုခွင့်ရှိသူ Matteo Bruni က သတင်းထောက်များကို ပြောဆိုသည်။ ဗာတီကန်သည် ပုပ်ရဟန်းမင်းကြီး ခံစားနေရသော ရောဂါစစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ် စစ်ဆေးခြင်း လုပ်ခဲ့ပါသလားဟူသော မေးခွန်းကို ရှောင်နေခဲ့သည်။
လွန်ခဲ့သော ဆယ်စုနှစ်များက အဖျားရောဂါကြောင့် အဆုတ်တဘက်၏ အစိတ်အပိုင်း များ ဖယ်ရှားထားခဲ့ရသည့် အသက် ၈၃ နှစ် အရွယ် ရိုမန်ကက်သလစ်ခေါင်းဆောင်က ပြီးခဲ့သည့်အပတ်ကလည်း ပရိသတ်များနှင့် တွေ့ဆုံရမည့် ပွဲများကို ပယ်ဖျက်ခဲ့သည်။
ပုပ်ရဟန်းမင်းကြီးအနေဖြင့် ရောမမြို့တောင်ပိုင်း ဘုရားရှိခိုးကျောင်းတခုတွင် တနင်္ဂနွေနေ့ည၌ စတင်သည့် တပတ်ကြာ ဝါတွင်းဝတ်စောင့်ပွဲကို ဗာတီကန်အကြီးတန်းအရာရှိများနှင့်အတူ ပါဝင်ရမည် ဖြစ်သည်။
သို့သော် ထိုအစီအစဉ်မတိုင်မီ နာရီ အနည်းငယ်စော၍ ထုတ်ပြန်ခဲ့သည့် အံ့အားသင့်ဖွယ်ရာ ကြေငြာချက်တခုတွင် သူက ဗာတီကန် ဧည့်ဂေဟာတခုရှိ သူ၏နေအိမ်မှ နေ၍ ဝတ်စောင့်ပွဲကို ဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
အီတလီနိုင်ငံတွင် အသေပျောက်များသည့် ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါဖြစ်ပွား ခြင်းနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် သူက နေမကောင်းဖြစ်ခဲ့ရသည်။
မတ်လ ၂ ရက်နေ့တွင် ကိုရိုနာဗိုင်းရပ်ကြောင့် အီတလီနိုင်ငံတွင် သေဆုံးသူဦးရေမှာ ၃၄ ဦး မှ ၅၂ ဦး အထိ မြင့်တက်သွားခဲ့ပြီး ကူးစက်ခြင်းကို အတည်ပြုနိုင်သည့် အမှု ၂၀၀၀ ကျော်သွားခြင်းနှင့် အတူ ဥရောပတွင် ကိုရိုနာဗိုင်းရပ် ကူးစက်မှု အဆိုးရွားဆုံးသောနိုင်ငံ ဖြစ်လာခဲ့သည်။
ကိုးကား ။ ။ Reuters
You may also like these stories:
ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးသူ ၃၀၀၀ ကျော်လာ
ပုပ်ရဟန်းမင်းကြီး ဖျားနာမှုအပေါ် စိုးရိမ်နေကြ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရရင် ပြသတဲ့ ရောဂါလက္ခဏာများ