အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ဦးဆောင်သည့် အစိုးရ လက်ထက်တွင် ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည် အနေနှင့် “ဝ” ပြည်နယ်သို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်လိုက်ပြီး၊ ထိုအတွက်လည်း လာလည်မည်ဟု မျှော်လင့် ကြောင်း “ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ဒု ဥက္ကဋ္ဌ ဦးရှောက်မင်လျံ က ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်းသည် ဖေဖော်ဝါရီလ ၂၇ ရက်က ပန်ခမ်း (ပန်ဆန်း) မြို့ရှိ UWSP ၏ ဗဟိုရုံးချုပ်သို့ လာရောက်ခဲ့ပြီး UWSP ဗဟို ကော်မတီဝင်များနှင့် တွေ့ဆုံစဉ်တွင် ဦးရှောက်မင်လျံက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို “ဝ” ဒေသသို့ အလည်အပတ် လာရောက်ရန် မျှော်လင့်သည်ဟု UWSP ဒု ဥက္ကဋ္ဌက ပြောဆိုခြင်း မှာ နှစ်ဖက် ဆက်ဆံရေး နွေးထွေးမှု ရှိစေရန် ဖြစ်ကြောင်း UWSP ၏ လက်နက်ကိုင် အဖွဲ့ဖြစ်သည့် UWSA ၏ ပြင်ပ ဆက် ဆံရေး တာဝန်ခံ ဦးညီရန်းက ဧရာဝတီသို့ ပြောကြားသည်။
“အစကတည်းက ကျနော်တို့လည်း လာဖို့ ဖိတ်ကြားထားပါတယ်။ လာဖို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်။ နိုင်ငံတော်ရဲ့ ခေါင်းဆောင်လည်း ကျနော်တို့ရဲ့ ခေါင်းဆောင်ပါပဲ။ လာရောက်ပြီးမှ ညွှန်ကြားမှု၊ အကြံဉာဏ်ပြုမှုတွေ၊ အပြန်အလှန် ယုံ ကြည်မှု တည်ဆောက်ရေး ကိစ္စတွေ အတွက်လည်း ကျနော်တို့ ဖိတ်ခေါ်ရခြင်း ဖြစ်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။
ဦးလှသိန်းအား UWSP ဒု ဥက္ကဌ ဦးရှောင်မင်လျံက “ဝ” ပြည်နယ် သွေးစည်း ညီညွတ်ရေး ပါတီ၏ ကြိုးစား အားထုတ်မှု၊ ရည် ရွယ်ချက်၊ “ဝ” ပြည်နယ် ပြည်သူ့ အစိုးရ၏ နိုင်ငံရေး ရပ်တည်ချက်များကိုလည်း ပြောကြားခဲ့ကြောင်း UWSA ထံက သိရ သည်။
“တခြား အချက်တွေတော့ မသိဘူး။ အဓိက နိုင်ငံရေး ဦးတည်ချက်ကတော့၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ကိုယ်ပိုင် အုပ် ချုပ်ခွင့်ရ “ဝ” ပြည်နယ် အဖြစ် အသိအမှတ်ပြုရေး စသည်ဖြင့်ပေါ့။ အဲဒီလို သိရပါတယ်” ဟု ဦးညီရန်းက ဆက်လက် ပြော ဆိုသည်။
တိုင်းရင်းသား အရေး လေ့လာ သုံးသပ်သည့် ဦးမောင်မောင်စိုး ကမူ ဒေါ်အောင်ဆန်းစုကြည်ကို “ဝ” ဒေသသို့ အလည်လာ ရန် ဖိတ်ခေါ်ခြင်းသည် ယခုမှ ဖိတ်ခြင်း မဟုတ်ဘဲ ပြီးခဲ့သည့်၂၀၁၉ ခုနှစ် ဧပြီလတွင် ပန်ဆန်း၌ ပြုလုပ်သည့် “ဝ” ပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု အနှစ် ၃၀ ပြည့် အခမ်းအနားသို့ တက်ရောက်ရန်လည်း ဖိတ်ကြားခဲ့ကြောင်း ပြောကြား သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ UWSA ထိန်းချုပ်ထားသည့် ဒေသကို “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဖြစ် အသိအ မှတ် ပြုထားသော်လည်း UWSA က “ဝ” ဒေသကို ပြည်နယ်အဆင့် အထိ အသိအမှတ်ပြုပေးရန် ပြည်ထောင်စု အစိုးရသို့ တောင်းဆိုထားသည်။
လက်ရှိ အချိန်အထိ ပြည်ထောင်စု အစိုးရက “ဝ” ဒေသကို ပြည်နယ် အဖြစ် အသိအမှတ် မပြုသေးသည် ဖြစ်ရာ “ဝ” ဒေသ ကို ပြည်နယ်အဆင့်အထိ အသိအမှတ်ပြုသင့်ကြောင်း ရည်ရွယ်ချက်ဖြင့် “ဝ”ဒေသ၏ အခြေအနေကို ရှင်းပြလိုသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခြင်း ဖြစ်နိုင်ကြောင်း ဦးမောင်မောင်စိုး က သုံးသပ်သည်။
၎င်းက “ “ဝ” က ခရိုင် ၃ ခုနဲ့ အထူးမြို့နယ်၂ ခုနဲ့ ဖွဲ့စည်းထားတာ။ ဥပမာ မိုင်းမော ခရိုင်ထဲမှာဆိုရင် ၁၁ မြို့နယ် ဖွဲ့စည်း ထားတယ်။ မိုင်းလင်း ခရိုင်ထဲမှာ ၆ မြို့နယ် ဖွဲ့စည်းထားတယ်။ မိုင်းပေါက် ခရိုင်ထဲမှာ ၅ မြို့နယ် ဖွဲ့စည်းထားတယ်။ ဒီ အခြေအနေမှာ သူတို့က ပြည်နယ် တောင်းထားတာ ဖြစ်တယ်။ ဒီဧရိယာထဲမှာလည်း လူဦးရေ ငါးသိန်းလောက် “ဝ” အများစု နေကြတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့ ရှင်းလင်းပြချင်တယ်နဲ့ တူပါတယ်” ဟု ဆက်လက် ပြောဆို သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ နှစ်ဆန်းပိုင်းမှာပင် ကယားပြည်နယ်၊ နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသနှင့် ကရင်ပြည်နယ် တို့ရှိ မြို့အချို့သို့ သွားရောက်ခဲ့ပြီး လူထုတွေ့ဆုံပွဲများလည်း ပြုလုပ်ခဲ့ သည်။
“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသို့ ဒေါ်အောင်ဆန်းစုကြည် အလည်အပတ်သွားရန် အစီအစဉ် ရှိမရှိကို နိုင်ငံတော် အတိုင်ပင်ခံရုံးက တရားဝင် ထုတ်ပြန် ကြေညာခြင်း မရှိသေးပေ။
ဗမာပြည် ကွန်မြူနစ် ပါတီ(ဗကပ) နှင့် တိုက်ပွဲဝင်ခဲ့သည့် “ဝ” တပ်ဖွဲ့သည် ၁၉၈၉ ခုနှစ် ဧပြီလ ၁၇ ရက်တွင် ဗကပ ထံမှ အာဏာသိမ်းယူခဲ့ပြီးနောက် “ဝ” ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (United Wa State Party -UWSP)ကို ထူထောင်ခဲ့ ကာ အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။
UWSP ၏ လက်နက်ကိုင် တပ်ဖွဲ့မှာ UWSA ဖြစ်ပြီး လက်ရှိ ပြည်တွင်း လက်နက်ကိုင် တပ်ဖွဲ့များအနက် အင်အားအကြီး ဆုံး ဖြစ်သည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရှမ်းပြည်နယ် အတွင်းရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝေ၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း စသည့် ဒေသ ခြောက်ခုကို “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ဖွဲ့စည်းထားပြီး ယင်းဒေသသည် ဧရိယာ စတုရန်း ကီ လိုမီတာ ၁၅၀၀၀ ခန့် ကျယ်ဝန်းကာ UWSA က ထိန်းချုပ်၍ ပန်ဆန်း (ပန်ခမ်း) တွင် ဌာနချုပ် ဖွင့်ထားသည်။
ဆက်စပ်ဖတ်ရှုရန်
စစ်ဘက်သုံး ရဟတ်ယာဉ် မဟုတ်ဟု UWSA ပြော
“ဝ” ၃ ပါတီ ပူးပေါင်း၊ ၂၀၂၀ ရွေးကောက်ပွဲအတွက် အမျိုးသားပါတီ တည်ထောင်ရန် ပြင်ဆင်
ဝတောင်တန်းပေါ် UWSA အင်အားပြနေသည်