လွှတ်တော် အတွင်း ဆွေးနွေးမှုများ ပြုလုပ်နေစဉ် မလျော်သြဇာ သုံး၍ ခြိမ်းခြောက် အနိုင်ကျင့်ခြင်းများ ပြုလုပ်၍ မရ ကြောင်း လွှတ်တော်အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာ လှမိုးက ယနေ့ သတင်းထောက်များကို ပြော သည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ မူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများကို ပြည်ထောင်စု လွှတ်တော်တွင် ဆက်တိုက် ကျင်းပ လျက်ရှိရာ ဆွေးနွေးချက်များမှာ တဦးကိုတဦး ပုတ်ခတ် စွပ်စွဲသည့် စကားလုံးများ ပါဝင်နေသဖြင့် ကိုယ်စားလှယ်များမှ ကန့်ကွက်ခြင်းများ ရှိသကဲ့သို့ လွှတ်တော် နာယက ကိုယ်တိုင် အလွန်ဆိုးဝါးလာပါက တရားစွဲဆိုသွားမည်ဟုလည်း ကြေ ညာထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ အောင်မြေသာစံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါက်တာ လှမိုးက “လွှတ်တော်ကိစ္စများ ဆောင်ရွက်ရမယ့် ဝန်ထမ်းတွေ၊ သူတို့ကိုလည်း ကိုယ်ထိလက်ရောက် ဆောင် ရွက်လို့ မရသလို၊ သူတို့ရဲ့ တာဝန်ဝတ္တရားများကိုလည်း ဟန့်တားနှောင့်ယှက်ခြင်း မပြုရပါဘူး။ ဒီလို ပြုမယ်ဆိုရင် လွှတ် တော် နာယက ၁ ယောက်အနေနဲ့ တရားစွဲလို့ ရပါတယ်” ဟု ပြောသည်။
လွှတ်တော် ခန်းမတွင် ဖြစ်စေ၊ လွှတ်တော် ပရဝုဏ် အတွင်း၌ဖြစ်စေ လွှတ်တော် ကိုယ်စားလှယ်တဦးကို ကိုယ်ထိလက် ရောက်ပြုခြင်း လုပ်၍ မရသကဲ့သို့ စိတ်အနှောင့်အယှက်ပေးခြင်းလည်း လုပ်၍ မရကြောင်း၊ လွှတ်တော် ပရဝုဏ်အတွင်း ဆန္ဒပြခြင်း၊ ဆူပူနှောင့်ယှက်ခြင်း လုပ်၍ မရကြောင်း၊ ပြုလုပ်ခဲ့ပါက လွှတ်တော် နာယကမှ တရားစွဲဆိုနိုင်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ထိုသို့ စည်းကမ်း ဖောက်ဖျက်ခဲ့ပါက ပြည်ထောင်စု လွှတ်တော် နည်းဥပဒေ၌ ပြဋ္ဌာန်းထားသည့် ဥပဒေ ပုဒ်မ ၇၉ အရ တရားစွဲဆိုပြီး ပြစ်မှုမြောက်ပါက အနည်းဆုံး ထောင်ဒဏ်၂ နှစ် (သို့မဟုတ်) ဒဏ်ငွေ နှစ်သိန်း (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး သတ်မှတ်ထားကြောင်း သိရသည်။
ထိုကြောင့် ပြည်ထောင်စု လွှတ်တော် နာယက ဦတီခွန်မြတ်က လွှတ်တော်အတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးမှုများ နှင့် ပတ်သက်၍ စည်းကမ်းချက်များနှင့် ကိုက်ညီမှု မရှိဘဲ အလွန်ဆိုးလာပါက တရားစွဲဆိုသည် အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေး တားမြစ်ခြင်း ဖြစ်သည်။
သို့သော်လည်း လွှတ်တော် နာယက အနေဖြင့် ယနေ့ အချိန်ထိအရေးယူမှုများ ပြုလုပ်ခြင်းမျိုး မရှိသေးဘဲ သတိပေးခြင်း၊ ဆွေးနွေးသည့် စကားရပ်များကို ပယ်ဖျက်ခြင်းမျိုးသာ ပြုလုပ်ခဲ့သည်။
ထိုသို့ လွှတ်တော် နာယက အနေဖြင့် သတိပေး တားမြစ်ထားသော်လည်း ယနေ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးသည့် ရခိုင် အမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၏ ဆွေးနွေးချက်ထဲတွင် “တပ် မတော်သား လွှတ်တော် ကိုယ်စားလှယ်များက သဘောမတူရင် မည်သည့် ဥပဒေကိုမှလည်း ပြင်ဆင်လို့ မရနိုင်ပါဘူး” ဆို သည့် အချက်ကို တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်က ကန့်ကွက်ခဲ့သည်။
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး မျိုးထက်ဝင်းက “အဲဒါဟာ လွှတ်တော်တွင်းမှာ ချစ်ကြည် လေး စားရေးကို ထိခိုက်စေတယ်လို့ နားလည်ပါတယ်” ဟု လွှတ်တော် နာယကထံ တင်ပြခဲ့သည်။
လွှတ်တော် အစည်းအဝေး တခု အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် လွှတ်တော် နာယကမှ ထိန်းကျောင်းနိုင်ရမည့် တာ ဝန်ရှိကြောင်း၊ နာယက ဂုဏ်နှင့် လျှော်ညီစွာ ယနေ့အချိန်ထိ လွှတ်တော် နာယကသည် လွှတ်တော်ကို ကောင်းမွန်စွာ ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးစား ဆောင်ရွက်နေသည်မှာ မျက်မြင်ဖြစ်ကြောင်း ဒေါက်တာ လှမိုး က ဆိုသည်။
လွှတ်တော် အတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ မူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စတင် ပြုလုပ်ခဲ့ရာ ယနေ့မှာ ဆွေးနွေးမှုမှာ ၅ ရက်ပြည့်မြောက်ခဲ့ပြီး လွှတ်တော် အတွင်း ဆွေးနွေးချက်များတွင် သတ်မှတ် စည်းကမ်းနှင့် ကိုက်ညီမှု မရှိသဖြင့် ကန့်ကွက်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။
လွှတ်တော် အစည်းအဝေး၌ အချေအတင် ဖြစ်သည့် အချိန်တွင် လွှတ်တော် နာယက ဦးတီခွန်မြတ်သည် ထိန်းနိုင် ကြောင်း၊ စွမ်းဆောင်နိုင်ကြောင်း လွှတ်တော် ကိုယ်စားများ ပြောပြချက် အရ သိရသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို လွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်း ၁၄၉ ဦး ဆွေးနွေးမည် ဖြစ်ပြီး၊ ဖေဖော် ဝါ ရီ ၂၅ ရက်မှ စ၍ မတ်လ ၅ ရက်နေ့ အထိ ပြည်ထောင်စု လွှတ်တော်တွင် ဆက်တိုက် ဆွေးနွေးသွားမည် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှု အားမရဟု တိုင်းရင်းသား အမတ်များပြော
ဖွဲ့စည်းပုံ စိစစ်ရေး ပူးပေါင်းကော်မတီ တာဝန်ရှိသူများကို အရေးယူရန် တပ်မတော် တိုင်ကြား
လွှတ်တော်တွင် ဖွဲ့ စည်းရမည့် ကာ/လုံ ကော်မတီကို မပယ်ဖျက်ဖို့ ကြံ့ခိုင်ရေး အမတ် ပြော