တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် COVID – 19 ကြောင့် ကုန်ကြမ်းပြတ်တောက်ခဲ့သည့်အတွက် ဧရာဝတီတိုင်း ကန်ကြီး ထောင့်မြို့ရှိ ဟွာမန် အထည်ချုပ် စက်ရုံကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့သဖြင့် စက်ရုံအလုပ်သမား ၁၀၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုကြောင့် တရုတ်ပြည်မှ ပိတ်များ သယ်၍ မရသည့်အတွက် ကန်ကြီးထောင့်မြို့ရှိ တရုတ်နိုင်ငံ သားပိုင် ဟွာမန်အထည်ချုပ်စက်ရုံကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကစတင်၍ စက်ရုံပိုင်ရှင်များက ရက်အကန့်အသတ်မရှိ ယာယီပိတ်သိမ်းခဲ့ပြီး အလုပ်သမား ၁၀၀၀ ခန့်ကို နစ်နာကြေး များပေး၍ အလုပ်မှရပ်နားခဲ့ကြောင်း သိရသည်။
“စက်ရုံကို ဖေဖော်ဝါရီ ၂၉ ရက်နေ့ ပိတ်မယ်ဆိုတာကို ၂၈ ရက်နေ့က ကြေညာတယ်။ စက်ရုံမှာ အလုပ်ဆင်းနေကြတဲ့ အလုပ်သမားအယောက် ၁၀၀၀ လောက် အလုပ်လက်မဲ့ဖြစ်သွားပါတယ်။ အဲတော့ အလုပ်သမားတွေ စားဝတ်နေရေး အကုန်လုံး အခက်အခဲ ဖြစ်ကုန်တာပေါ့”ဟု ဟွာမန်အထည်ချုပ်စက်ရုံလုပ်သားများသမဂ္ဂ အတွင်းရေးမှူး မစုပုံချစ်က ဧရာဝတီကို ပြောသည်။
ဟွာမန်အထည်ချုပ်စက်ရုံ ပိတ်သိမ်းခဲ့သည့်အတွက် စက်ရုံပိုင်ရှင်များဘက်မှ အလုပ်သမားများကို ဖေဖော်ဝါရီလအတွက်
အလုပ်လုပ်ခ ၁ လစာ၊ ကြိုတင်အကြောင်းကြား ၁ လစာ (နို့တစ်ကြေး)၊ နှစ်အလိုက်အလုပ်ရပ်စဲ နစ်နာကြေးနှင့် အချိုးကျ လုပ်သက်ခွင့်ကြေးများ ထုတ်ပေးပြီး အလုပ်မှ ရပ်စဲခဲ့ကြောင်း သိရသည်။ ဟွာမန်အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှုနှင့် ပတ် သက်၍ စက်ရုံတာဝန်ရှိသူများထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ဟွာမန်အထည်ချုပ်စက်ရုံမှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်သည့်စာတွင် “ဟွာမန်အထည်ချုပ်စက်ရုံ သည် တရုတ်ပြည်၌ဖြစ်ပွားနေသော ဗိုင်းရပ်စ်အခြေအနေကြောင့် ပိတ်လိပ်များ သယ်ဆောင်မရ၍ ကုန်ကြမ်း ပစ္စည်းပြတ် တောက်သွားပါသဖြင့် (၂၉.၂.၂၀၂၀) နေ့ရက်မှစတင်၍ ယာယီ (ရက်အကန့်အသတ်မရှိ) ပိတ်သိမ်းမည်ဖြစ်သည်။ ပိတ်သိမ်းမည့်အကြောင်းကို သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားစာ ပေးပို့ထားပြီး ဖြစ်သည်”ဟု ဖော်ပြပါရှိသည်။
ထိုသို့ စက်ရုံပိတ်လိုက်ရသည့်အတွက် ပေးအပ်သည့်နစ်နာကြေးကို ဟွာမန်အထည်ချုပ်စက်ရုံမှ အလုပ်သမား
၈၀၀ ကျော်က ရယူခဲ့ပြီး အလုပ်သမား ၂၀၀ ခန့်မှာ စက်ရုံပိုင်ရှင်များမှ အလုပ်သမားများကို ကြိုတင် အကြောင်းမကြားဘဲ စက်ရုံပိတ်သိမ်းခြင်း၊ ယာယီစက်ရုံပိတ်သည်ဟုဆိုကာ အလုပ်သမားအားလုံးကို အလုပ်မှ ထုတ်ပယ်သည့်ပုံသဏ္ဍာန် ဆောင်ရွက်ခြင်းတို့ကြောင့် စက်ရုံမှပေးအပ်သည့်နစ်နာကြေးကို မယူဘဲ ငြင်းဆန် ခဲ့ကြောင်း သိရသည်။
“ကျမတို့ စက်ရုံရဲ့HR မန်နေဂျာ ဒေါ်မေသန္တာဇော်ကို မေးလိုက်တဲ့အခါမှာ ဒီစက်ရုံက ယာယီပိတ်တာပါ။ ပြန်တော့ဖွင့်မယ်။ ဒါပေမယ့် နစ်နာကြေး ယူထားတဲ့လူတွေအကုန်လုံးက စက်ရုံပြန်ဖွင့်ချိန်မှာ အသစ်တဖန် အလုပ်ပြန်လျှောက်ရမယ်၊ ကျမတို့ကို အလုပ်ပြန်ပြီး ခန့်ချင်မှခန့်မယ်ဆိုတဲ့စကားကို ပြောပါတယ်။ အခုက စက်ရုံယာယီပိတ်တယ်လည်းဆိုသေးတယ် စက်ရုံကို အပြီးပိတ်သလို ဖြစ်နေပါတယ်။ ဒီအပေါ်ကို မကျေနပ်တဲ့ အတွက် နစ်နာကြေးမယူတဲ့အလုပ်သမား ၂၀၀ လောက် ရှိပါတယ်”ဟု ဟွာမန်အထည်ချုပ်စက်ရုံလုပ်သား မစုပုံချစ်က ပြောသည်။
မစုပုံချစ်က ဆက်လက်၍ “ကျမတို့အနေနဲ့လည်း အလုပ်ရှင်ဘက်က ကုန်ကြမ်းပြတ်တောက်မှုကြောင့် အခုလို စက်ရုံ ပိတ် တာကို နားလည်တယ်။ အလုပ်ရှင်ကိုလည်း စာနာတယ်။ ဒါကြောင့် ပိုက်ဆံကို နို့တစ်ကြေးတွေ၊ လုပ်သက်ခွင့်ကြေးတွေ အများကြီးပေးစရာမလိုပါဘူး။ ပိတ်မယ့်ကာလအပိုင်းအခြားကို ပြောပြီးတော့ လစာကို တဝက်ပဲပေး၊ စက်ရုံပြန်ဖွင့်တဲ့ အချိန်အထိ အလုပ်ရှင်နဲ့အတူ ကျမတို့ စောင့်ဆိုင်းလိုတဲ့ဆန္ဒရှိပါတယ်”ဟု သူမက ပြောသည်။
ဟွာမန်အထည်ချုပ်စက်ရုံ ပိတ်သိမ်းမှုအပေါ် ကျေနပ်မှုမရှိသည့် အလုပ်သမားများက ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးလှမိုးအောင်ထံ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က စာပေးပို့ တိုင်ကြားထားပြီး ယနေ့ နေ့လည်ပိုင်းတွင် ဝန်ကြီးချုပ်နှင့် ဟွာမန်အထည်ချုပ်လုပ်သားများ သမဂ္ဂမှ ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်စက်မှုဇုန်၌ အထည်ချုပ်စက်ရုံ ၈ ရုံနှင့် ကန်ကြီးထောင့်မြို့တွင် အထည်ချုပ် စက်ရုံ ၁ ရုံ၊ စုစုပေါင်း စက်ရုံ ၉ ရုံရှိပြီး လက်ရှိတွင် ကန်ကြီးထောင့်မြို့မှ ဟွာမန်စက်ရုံ ပိတ်သိမ်းခဲ့သော်လည်း ပုသိမ်စက်မှုဇုန်မှ ကျန် အထည်ချုပ်စက်ရုံများသာ ဆက်လက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
“ကျနော်တို့စက်ရုံကတော့ အရင်ကတည်းက သိမ်းဆည်းသိုလှောင်ထားတဲ့ကုန်ကြမ်းတွေရှိတဲ့အတွက် ဒါတွေနဲ့ ထိန်းသိမ်းပြီး စက်ရုံလည်ပတ်နေပါတယ်။ စက်ရုံပိတ်လိုက်ရင် အလုပ်သမားတွေ ထိခိုက်နစ်နာသွားမှာ စိုးတဲ့အတွက်ပါ။ လတ်တလောအခြေအနေအရ စက်ရုံပိတ်သိမ်းဖို့ မရှိပါဘူး”ဟု ပုသိမ်စက်မှုဇုန်၏ အကြီးဆုံး စက်ရုံဖြစ်သည့် Myanmar Knitting အထည်ချုပ်စက်ရုံ မန်နေဂျာ ကိုသက်နိုင်က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အကြီးဆုံးဖြစ်သည့် ပုသိမ်စက်မှုဇုန်၌ လည်ပတ်နေသည့်အထည်ချုပ်စက်ရုံ ၈ရုံတွင် ဧရာဝတီတိုင်းအတွင်းမှ အလုပ်သမားပေါင်း ၁၂၀၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါ- COVID – 19 CORONA Virus ကြောင့် မတ်လ ၃ ရက်နေ့ အထိ စာရင်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၇၈ နိုင်ငံသို့ ကူးစက်နေပြီး လူပေါင်း ၉ သောင်း ၂ ထောင်ကျော်မှာ ရောဂါကူး စက်ခံထားရကာ လူပေါင်း ၃၁၃၁ ဦး သေဆုံးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ – WHO ၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး ပြုလုပ်နေသည့် မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံလုပ်ငန်းများသာမက ရေထွက်ပို့ကုန်လုပ်ငန်းနှင့် ဂဏန်းတင်ပို့သည့် လုပ်ငန်းများအားလုံးလည်း ဇန်နဝါရီလတတိယပတ်အတွင်းမှစတင်၍ လုပ်ငန်းများ ရပ်ဆိုင်းကာ စီးပွားရေးအရ ထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပွားနေကြောင်း သိရသည်။
You may also like these stories:
ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်ရက်တိုးသည့် အထည်ချုပ် စက်ရုံများ တိုးလာနေ
ကုန်ကြမ်း ပြတ်လပ်မှုကြောင့် လုပ်ငန်းရပ်ရန် အထည်ချုပ်စက်ရုံ ၂၀ နီးပါး တင်ပြထား