ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကြောင့် ကုန်ကြမ်းပြတ်သည်ဟု ဆိုကာ အထည်ချုပ်စက်ရုံများ အမှန်တကယ် ပိတ် သိမ်းခြင်း ရှိ မရှိကို အဖွဲ့ ဖွဲ့၍ စိစစ်ရန် အလုပ်သမား အဖွဲ့အစည်းများက ယနေ့တွင် ထုတ်ပြန်လိုက်သည်။
ဗိုင်းရပ်စ် ဖြစ်ပေါ်သည့်အပေါ် အကြောင်းပြချက်ဖြင့် စက်ရုံပိုင်ရှင်များအနေနှင့် စက်ရုံများ ပိတ်သိမ်းခြင်း၊ နာမည်လွှဲပြောင်း ခြင်းတို့လည်း ဖြစ်လာနိုင်သောကြောင့် ထုတ်ပြန်ခြင်း ဖြစ်ကာ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) အပါအဝင် အလုပ်သမား သမဂ္ဂများ၊ အလုပ်သမား အဖွဲ့ချုပ်များ၊ တောင်သူ လယ်သမား အဖွဲ့ချုပ်များ၊ အရပ် ဘက်ဆိုင်ရာ အလုပ်သမား၊ လယ်သမားအရေး လုပ်ဆောင်သည့် အဖွဲ့အစည်းများက အစည်းဝေးထိုင်၍ ဆုံးဖြတ်ချက်အရ အလုပ်သမား အဖွဲ့ချုပ်များနှင့် အလုပ်သမားအရေး ဆောင်ရွက်သူများ ပါဝင်သော စိစစ်ရေးအဖွဲ့တခု ဖွဲ့စည်း စိစစ်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များသို့ အကူအညီတောင်းခြင်း ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၇ ရက်က မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က မြန်မာနိုင် ငံတွင် ကုန်ထုတ်လုပ်မှု လုပ်ကိုင်နေသော လုပ်ငန်းအများစုသည် တရုတ်ပြည်မှလာသော ကုန်ကြမ်းကိုသာ အဓိက အား ကိုးနေရသဖြင့် လက်ရှိတွင် COVID-19 ကြောင့် ကုန်ကြမ်းပြတ်လပ်မည့် အန္တရာယ်နှင့် စိုးရိမ်ဖွယ် ရင်ဆိုင်နေရသည်ဟု ထုတ်ပြန်ထားသည်။
ထို့ကြောင့် ကုန်ကြမ်း ပြတ်လပ်မှု အချိန်ကြာမြင့်ပါက လုပ်သားများ လျှော့ချခြင်း၊ စက်ရုံလည်ပတ်မှု ယာယီရပ်နားခြင်း၊ အဆိုးဆုံး အခြေအနေတွင် လုပ်ငန်း ပိတ်သိမ်းသည်အထိ ကြိုတင် မျှော်မှန်းထားသည်ဟု UMFCCI က ထုတ်ပြန်ခဲ့သည့် နောက်ပိုင်းတွင် အချို့သော စက်ရုံများမှာ ကုန်ကြမ်းပြတ်လပ်ခြင်း မရှိသော်လည်း အလုပ်သမား သမဂ္ဂများကို ဖြိုကွဲစေ လို၍ ပိတ်သိမ်းမှုများ ပြုလုပ်နေသည်ကို တွေ့ရှိရသောကြောင့် အစိုးရ အနေနှင့် စိစစ်ပေးပါရန် အလုပ်သမား အဖွဲ့အစည်း များက တန်ပြန် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
အလုပ်သမားရေး ဆောင်ရွက်သူ ရှေ့နေ ဦးဋ္ဌေးက “UMFCCI က သတင်း ထုတ်ပြန်ပြီးနောက် ကန်ကြီးထောင့်က ဟွာမန် အထည်ချုပ်စက်ရုံက ကုန်ကြမ်းပြတ်လပ်လို့ စက်ရုံ ပိတ်သိမ်းတယ်ဆိုပြီး အလုပ်သမားတွေကို လျှော်ကြေးပေးဖို့ ဆောင် ရွက်တာ တွေ့ရတယ်။ ကုန်ကြမ်းပြတ်လို့ ပိတ်သိမ်းတာ မပိတ်သိမ်းတာထက် ပြဿနာက အလုပ်သမားတွေရဲ့ လုပ်ခ လစာနဲ့ ပတ်သက်ပြီး စုပေါင်းတောင်းဆိုမှု ဖြစ်ပြီးနောက် မကြာခင်မှာပဲ အခုလို ပိတ်တာ ဖြစ်တယ်။ စက်ရုံကလည်း တရုတ် စက်ရုံ ဖြစ်တယ်။ ကုန်ကြမ်း ပြတ်လပ်မှုကို အကြောင်းပြပိတ်တယ်လို့ ကျနော်တို့က သံသယဝင်စရာ အကြောင်း အမျိုးမျိုး တွေ့ရတယ်။ ဒါကြောင့် စဉ်းစားတာပါ” ဟု ပြောသည်။
စက်ရုံများ အနေဖြင့် ပုံမှန်အတိုင်း ကုန်ကြမ်းပြတ်လပ်သောကြောင့် စက်ရုံပိတ်သိမ်းပါက အလုပ်သမားအတွက် တည်ဆဲ ဥပဒေပါ ခံစားခွင့်များရရှိရန် ဆောင်ရွက်ပေးမည် ဖြစ်ပြီး အလုပ်ရှင်ဘက်မှလည်း ကုန်ကြမ်းပြတ်လပ်ခြင်း မဟုတ်ဘဲ COVID-19 ကို အကြောင်းပြကာ အလုပ်သမားများ တောင်းဆိုမှုအပေါ် အရေးယူခြင်းများကို ရှောင်လွဲလို၍ ပိတ်ချင် သည်များလည်း ရှိလာနိုင်ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိတွင် စက်ရုံများ ပိတ်သိမ်းခြင်းနှင့် ပတ်သက်၍ အလုပ်သမား အဖွဲ့အစည်းများ၊ သမဂ္ဂများက စောင့်ကြည့် စာရင်းပြု စုရန် ဆောင်ရွက်နေကြောင်းလည်း စိစစ်ရေး အဖွဲ့ ဖွဲ့စည်းရာတွင် ပါဝင်မည့် ဦးဋ္ဌေးက ပြောသည်။
စက်ရုံ၊ အလုပ်ရုံများ အကြောင်းတခုခုကြောင့် ပိတ်သိမ်းမည်ဆိုပါက ၁၄ ရက် ကြိုတင်၍ မြို့နယ် အလုပ်သမား ညိုနှိုင်း ဖြန် ဖြေရေး အဖွဲ့များသို့ အကြောင်းကြားရကြောင်း သိရသည်။
ထိုသို့ အလုပ်သမား ဥပဒေပါအတိုင်း အကြောင်းကြားခြင်းမရှိဘဲ ပိတ်သိမ်းသည့် စက်ရုံပိုင်ရှင်များကို ပုဒ်မ ၅၁ အရ ၁ နှစ် ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ် ၂ ရပ်စလုံး ချမှတ်ရမည်ဟု ဦးဋ္ဌေးက ပြောသည်။
ဥပဒေနှင့် နည်းလမ်းတကျ စက်ရုံများ ပိတ်သိမ်းခွင့် ရှိသော်လည်း အလုပ်သမား အဖွဲ့အစည်းများနှင့် အလုပ်သမားများမှ ဥပဒေ အတိုင်း ပိတ်သိမ်းခြင်း မှန်ကန်မှု ရှိ၊ မရှိကိုလည်း စိစစ်သင့်ကြောင်း ၎င်းက ထောက်ပြသည်။
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပေါ်နေမှုကြောင့် လုပ်ငန်းများတွင် ဖြစ်ပေါ်နိုင်သော အခက်အခဲများကို UMFCCI မှ ဦးဆောင်၍ နိုင်ငံ တကာ အဖွဲ့များနှင့် လုပ်ငန်းရှင် ၁၀၀ ကျော်တို့က ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ရန်ကုန်မြို့ရှိ UMFCCI တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
လက်ရှိတွင် COVID-19 ကြောင့် ကုန်ကြမ်း ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော အထည်ချုပ်စက်ရုံ ၂၀ နီးပါး လုပ်ငန်း ရပ်နားရန်အတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းချုပ်သို့ တင်ပြထားကြောင်း သတင်း ရရှိသည်။
လိူင်သာယာမြို့နယ် စက်မှုဇုန် ၄ ရှိ Hunter Myanmar အထည်ချုပ် စက်ရုံမှ အလုပ်သမား တဦးက “အလုပ်မရတော့ အခု စိတ်ညစ်ပြီး ရွာတွေ ပြန်သွားတဲ့သူတွေလည်း ရှိတယ်။ အလုပ်ရှာနေဆဲသူတွေ ရှိတယ်။ တချို့ကျတော့လည်း နီး စပ်ရာ သူငယ်ချင်းအိမ်မှာ လိုက်နေတာ ရှိတယ်။ ဒီနေ့ဆို တနေကုန်လျှောက်တာ မရဘူး”ဟု ပြောသည်။
Hunter Myanmar အထည်ချုပ် စက်ရုံသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်က COVID-19 ကြောင့် ကုန်ကြမ်း ပြတ် လပ်သည်ဟု အကြောင်းပြကာ စက်ရုံ ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ကုန်ကြမ်းပြတ်မှု ကြာရှည်ပါက အထည်ချုပ်စက်ရုံများ ပိတ်သိမ်းသည်အထိ ရှိလာနိုင်