အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက်များသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ပြည်တွင်း စည်းလုံး ညီညွတ်ရေး၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို ထိခိုက်စေ နိုင်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။
ယနေ့ နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးစဉ် တပ်မတော်၏ သဘောထားကို အထက်ပါအတိုင်း တင်ပြပြောဆိုခြင်း ဖြစ် သည်။
ဗိုလ်မှူးချုပ်မောင်မောင် က “အမျိုးသား ရင်ကြားစေ့ရေးလို့ မကြာခဏ ပြောနေပေမယ့် လက်တွေ့ လုပ်ဆောင်ချက် တွေက အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်စေနိုင်သော လုပ်ဆောင်ချက်တွေ ဖြစ်နေတာကို တွေ့ရပါတယ်” ဟု ပြောသည်။
တဖက်နှင့်တဖက် ယုံကြည်နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု မရှိပါက ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ထွက်ပေါ် လာမည့် အကျိုးရလဒ်ကလည်း စဉ်းစားစရာ ဖြစ်လာလိမ့်မည် ဖြစ်ကြောင်း ၎င်းက သတိပေးသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သည့် ပုဒ်မ ၄၃၆ (ခ)တွင် အခြေခံမူများ ပါဝင်သည့် ပုဒ်မ (က)တွင် ဖော်ပြထား သည့် ပြဋ္ဌာန်းချက်များမှလွဲ၍ ကျန်ပုဒ်မများကို ပြင်ဆင်လိုပါက လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်း ကျော်၏ ထောက်ခံမဲဖြင့် ပြင်ဆင်ရမည့် ဆိုသည့်အချက်ကို NLD က ရွေးကောက်ခံ ကိုယ်စားလှယ် ၃ ပုံ ၂ ပုံကျော်မဲ ဖြင့် ပြင်ဆင်ရမည်ဟု ပြင်ဆင်လိုသည့် အချက်ကို တပ်မတော်က သဘောမတူပါ။
ယင်းသို့ ပြင်ဆင်ရန် ကြိုးစားမှုသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်း တင်သွင်း ထားသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များကို ခွဲခြားဆက်ဆံသလို ဖြစ်ပေါ်စေကြောင်း တပ်မတော် ဘက်က ပြောသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးကလည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူကြမ်းတွင် ပါဝင်သည့် အချက်များသည် NLD ပါတီ၏ အဆိုပြုချက်များသာဖြစ်ပြီး တိုင်းရင်း သားများ၏ အဆိုပြုချက် မပါဝင်သဖြင့် အမျိုးသား ရင်ကြားစေ့ရေး စိုးရိမ်စရာ ဖြစ်ကြောင်း ဆိုသည်။
ဦးသောင်းအေးက“ပြင်ဆင်ထားတဲ့ ပုဒ်မတွေ ပယ်ဖျက်ထားတာတွေကို ကြည့်လိုက်ရင် တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍတွေရော၊ တပ်မတော်ရဲ့ လွှတ်တော်ထဲမှာ ပါဝင်ပြီးတော့ ဆောင်ရွက်မှုတွေကိုရော လျှော့ချထားတဲ့ သ ဘော ရှိတယ်။ တပ်မတော်သားတွေကို လွှတ်တော်ထဲမှာ လျှော့ချဖို့ ဆိုတာလည်း အချိန်ကာလနဲ့ သတ်မှတ်လို့ မရ ဘူး။ အခြေအနေနဲ့ပဲ ဆိုင်တယ်” ဟု ပြောဆိုသည်။
အာဏာရ ပါတီက အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ချည်းကပ်ရာတွင် ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေခံ ဥပဒေ တရပ် ဖြစ်ပေါ်ရေး စဉ်းစား တင်သွင်းခြင်း ဖြစ်ပြီး အမျိုးသား ရင်ကြားစေ့ရေးကို ထိခိုက်မှု ရှိ၊ မရှိ ဆိုသည်မှာ တပ်မတော်၏ အတွေးအမြင် ခံယူချက်အပေါ်တွင် မူတည်ကြောင်း NLD မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောသည်။
“ပေးထားချက်က သူတို့ သဘောမတူရင် ပြင်လို့ မရတာကို ကျနော်တို့က ဇွတ်အတင်း ပြင်ဖို့ ဘယ်လို ကြိုးစားလို့ရ မှာလဲ။ သူတို့ သဘောမတူရင် ပြင်လို့ မရဲတဲ့ ကိစ္စကို နောက်ကြောင်းပြန်ပြီးတော့ အခြေအနေတွေ ပိုမို ဆိုးဝါးသွား မယ်ဆိုတဲ့ဟာကြီးကတော့ လိုအပ်တာထက် ပိုပြီးတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ခြိမ်းခြောက်နေတယ် လို့ပဲ မြင်တယ်” ဟု ၎င်းက ဆိုသည်။
တပ်မတော်သား ကိုယ်စားလှယ်များကို လွှတ်တော် သက်တမ်းအလိုက် တဖြည်းဖြည်းချင်း လျှော့ချသွားမည် ဆိုပါက မလိုလားအပ်သည့် ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ၁၉၅၈ ၊ ၁၉၆၂ ခုနှစ်များက အခြေအနေများကဲ့ သို့ နိုင်ငံတော် ပြိုကွဲမည့် အခြေအနေမျိုး မကျရောက်ရန် တပ်မတော်က အချုပ်အခြာအာဏာ မဆုံးရှုံးစေရန် ပါဝင်ခဲ့ရ ကြောင်း တပ်ကိုယ်စားလှယ်များက အစဉ်တစိုက် လွှတ်တော်တွင် ပြောဆိုခဲ့ကြသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) မှ ဦးစိုင်းသီဟကျော်ကမူ အခြေခံ ဥပဒေ ပုဒ်မ ၂၀ (စ) တွင် ရေး ထားသည့် တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိ သည်ဆိုသည့် အချက်ကို မည်သူမျှ ပြင်ဆင်မှု မလုပ်သည့် အပေါ် မေးခွန်း ထုတ်ခဲ့သည်။
“တပ်မတော်သား ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းရဲ့ ရည်ရွယ်ချက်က ဖွဲ့စည်းပုံ အ ခြေခံ ဥပဒေ ၂၀၀၈ ကို ကာကွယ်ဖို့ ဖြစ်ပြီး အဲဒီ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နိုင်တဲ့ အခြေအနေမရှိတော့ဘူးဆို ရင် လွှတ်တော်ထဲမှာ ဆက်ရှိနေဖို့တောင် လိုအပ်တော့မှာ မဟုတ်ပါ” ဟု ၎င်းက ဆိုသည်။
အခြား တပ်မတော်သား ကိုယ်စားလှယ် တဦးဖြစ်သူ ဗိုလ်မှူးကြီး တင်ထွန်းဦးကလည်း နိုင်ငံရေး အကူးအပြောင်း ကာ လတွင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးသည့် အရေးကြီးသဖြင့် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရာတွင် တပ်မတော်သား များကို မဲမပေးရန် အဆိုပြုခြင်းသည် ခွဲခြား ဆက်ဆံခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
“အခုလို ခွဲခြား ဆက်ဆံခြင်းဟာ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးကို ထိခိုက်တာ ဖြစ်တဲ့အတွက် နိုင်ငံတော် က လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းကို အနှောင့်အယှက် ဖြစ်စေပါတယ်”ဟု ဗိုလ်မှူးကြီး တင်ထွန်းဦးက ပြောသည်။
လက်ရှိ အချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တပ်မတော်နှင့် ပါတီ အစုအဖွဲ့အသီးသီးမှ ပုဂ္ဂိုလ် ၁၄၉ ဦးက လွှတ်တော်တွင် ဆွေးနွေးလျက်ရှိရာ မနက်ဖြန် (မတ် ၅ ရက်)တွင် အပြီးသတ် ဆွေးနွေးမည်ဖြစ်ပြီး၊ လာမည့် မတ်လ ၁၀ ရက်တွင် လျှို့ဝှက်ဆန္ဒပြုသည့် နည်းလမ်းဖြင့် မဲခွဲ ဆုံးဖြတ်ကြတော့မည် ဖြစ်သည်။
သို့သော် ပြင်ဆင်လိုသည့် အချက်များမှာ အစုအဖွဲ့များကြား သဘောထား မတူညီကြသဖြင့် စာလုံးပေါင်းလောက်သာ ပြင်ဆင်နိုင်လိမ့်မည် ဆိုသော သုံးသပ်မှုများလည်း ရှိနေသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ USDP ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
လွှတ်တော်၌ မလျော်သြဇာသုံး ခြိမ်းခြောက် အနိုင်ကျင့်ခြင်းများ ပြုလုပ်၍ မရဟု NLD အမတ်ဆို
အရေးပေါ်အခြေအနေ၌ သမ္မတကို အခွင့်အာဏာပေးရန် တပ်နှင့် ကြံ့ခိုင်ရေး သဘောမတူ
တိုင်းရင်းသား ပါတီများနှင့် ဆက်ဆံရေးကောင်းဖို့ NLD အမှန်တကယ် ကြိုးပမ်းမှာလား