လူသတ်မှုဖြင့် ထိုင်းနိုင်ငံက အလိုရှိနေသူ တရုတ်နိုင်ငံသား ၄ ဦး အနက်၂ ဦးအား ငွေဆောင်မြို့တွင် မတ်လ ၂ ရက်က ဖမ်းမိပြီးနောက် ကျန်၂ ဦးအား ကျိုင်းတုံမြို့၌ ယနေ့ ထပ်မံ ဖမ်းမိခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်း တာဝန်ရှိသူတဦးက ပြောသည်။
ထပ်မံ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား နှစ်ဦးမှာ ရှောင်းရှန်ယွိ(Xiao Xiang Yu)နှင့် ဟူကျန်းရှုန်း (Hu Zheng Xiong)တို့ ဖြစ်ပြီး၊ မတ်လ ၂ရက်နေ့က ဧရာဝတီတိုင်း ငွေဆောင် ကမ်းခြေတွင် ချင်မျောင်း(Qinmiao) နှင့် ကန်းကန်(Gang Gang) တို့ကို ဖမ်းမိပြီးနောက် ယခုနှစ်ဦးကို ကျိုင်းတုံမြို့တွင် ဖမ်းဆီးရမိခြင်းဖြစ်သည်။
ယင်းတရုတ်နိုင်ငံသား ၄ ဦးသည် တရုတ် နိုင်ငံသား ဝမ်ကျုံး ဆိုသူအား ဖေဖော်ဝါရီ ၁၂ ရက်က သတ်ဖြတ်ကာ ထိုင်းနိုင်ငံ၊ ကမ်ဖန်ဖက်မြို့အနီး ပင်းမြစ်အတွင်းသို့ ပစ်ချကာ အလောင်းဖျောက်ဖျက်ရန် ကြံစည်းမှုတွင် ပါဝင် ပတ်သက်ခဲ့သူများ အဖြစ် ထိုင်းနိုင်ငံက အလိုရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့မ ရဲစခန်း တာဝန်ရှိသူတဦးက “ထိုင်းက အလိုရှိနေသူတွေထဲက ၂ ဦးကို ဒီနေ့ ဖမ်းမိထားပါတယ်။ အသေးစိတ် တော့ ပြောလို့မရသေးပါဘူး။ ဆက်လက် ဆောင်ရွက်နေတုန်းပါပဲ။ နိုင်ငံခြားသားတွေလည်းဖြစ်တော့ လူကြီးတွေ ညှိနှိုင်း နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မတ်လ ၂ ရက်က ငွေဆောင်မြို့တွင် ဖမ်းမိခဲ့သည့် တရုတ်နိုင်ငံသား ၂ ဦးကိုလည်း မြန်မာနိုင်ငံဘက်က ယနေ့ တွင် မြဝတီမြို့က တဆင့် ထိုင်းနိုင်ငံ မဲဆောက် ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ကြောင်းလည်း သိရသည်။
၎င်းတို့အား ဖမ်းဆီးရန် အတွက် ထိုင်နိုင်ငံဘက်က အချက်အလက်များ ပေးပို့ကာ ဖမ်းဆီးပေးရန် အကူအညီ တောင်းခံ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ထိုင်းက လူသတ်မှုဖြင့် အလိုရှိနေသည့် တရုတ်နိုင်ငံသား ၂ ဦး ငွေဆောင်ကမ်းခြေ၌ ဖမ်းမိ