မြန်မာ့ ကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည့် ပေါ်တူဂီနှင့် ပိုလန် တို့တွင် ပြုလုပ်ရန် ပြင်ဆင်ထားသော ကြက်တောင်ပြိုင်ပွဲများမှာ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် စိုးရိမ်မှုကြောင့် ဖျက်သိမ်းကြောင်း ထုတ်ပြန်ထားသည်။
သက်ထားသူဇာ သည် လတ်တလော ပေါ်တူဂီ နိုင်ငံကို ရောက်ရှိနေပြီး ချက်နိုင်ငံတွင် သွားရောက် ယှဉ်ပြိုင်ရမည့် ကြက်တောင်ပြိုင်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေလျှက်ရှိကြောင်း သက်ထားသူဇာ၏ ဖခင် ဦးထွန်းထွန်းဇော် က ဧရာဝတီသို့ ပြောသည်။
ဦးထွန်းထွန်းဇော် က “အခုပေါ်တူဂီမှာပဲ။ ပြိုင်ပွဲကပျက်သွားလို့ ချက်ပြိုင်ပွဲသွားဖို့စောင့် နေတယ်။ ၉ ရက်နေ့မှ ချက်နိုင်ငံကိုသွားရမှာ။ သူတို့ပြောတာကတော့ အခုဖြစ်နေတဲ့ ဗိုင်းရစ်ကြောင့်လို့ပဲပြော တယ်။ အားကစား သမားတွေကလည်း အကုန်ရောက်နေကြပြီ။ ဒီရောက်မှ ပွဲပျက်တာသိရတာ” ဟု ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုနှင့် ပတ်သက်ပြီး ကမ္ဘာအဝှမ်း စိုးရိမ်မှုများ ဖြစ်ပွားနေလျှက်ရှိရာ ကြက်တောင် အားကစား အပြင် ပရိတ်သတ် အစုအဝေးဖြင့် ကြည့်ရှူကြသော ဘောလုံး နှင့် တခြား အားကစား ပွဲများကိုလည်း ရောဂါဖြစ်ပွားမှု အရှိန်မြင့်နေသည့် ကာလအတွင်း ပရိတ်သတ် မပါဘဲ ကျင်းပရန် စဉ်းစားမှုများ ရှိနေသည်။
သက်ထားသူဇာသည် အိုလံပစ်ဝင်ရန်အတွက် world ranking တိုးလာစေရန် ၂၀၂၀ ခုနစ်၊ ဇန်နဝါရီလမှ စတင်ကာ ကင်ညာ၊ ပေါ်တူဂီ၊ ချက်၊ ဆွစ်ဇာလန်၊ ပိုလန်၊ ဖင်လန်၊ စင်ကာပူ စသည့် နိုင်ငံများသို့ ပြိုင်ပွဲများ သွားရောက်ကစားနေခြင်းဖြစ်သည်။
သက်ထားသူဇာ၏ ဖခင်က “အိုလံပစ် တောင်မှ ဘယ်လိုအခြေအနေ ရှိဦးမယ်မသိဘူး။ အရင် ၁၉၄၀ လောက်တုန်းကလည်း ဂျပန်မှာကျင်းပမယ့် အိုလံပစ်ပွဲတခါပျက်ဘူးတယ်လို့ သိရတယ်” ဟု ပြောသည်။
ယူဂန်ဒါပြိုင်ပွဲတွင် သက်ထားသူဇာသည် ၂ နှစ်ဆက် ချန်ပီယံဆုကို ဆက်ထိန်းထားနိုင်ခဲ့သည်။ Kenya International Series 2020 ပြိုင်ပွဲတွင် အိန္နိယ ကစားသမား AAKARSHI KASHYAP အား ရှုံးသွားခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်သာရောက်ရှိခဲ့သည်။
သက်ထားသူဇာ အနေဖြင့် လက်ရှိတွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၆၁)နေရာတွင် ရှိနေပြီး အိုလံပစ်ပြိုင်ပွဲ ဝင်နိုင်ရန် ၂၀၁၉ ခုနှစ်က စတင်ကာ ကောက်ယူထားသည့် ပြိုင်ပွဲရမှတ်များအရ အိုလံပစ်အဆင့် ၂၇ တွင် ရှိကြောင်း သိရသည်။
၂၀၂၀ ခုနစ် တိုကျိုတွင် ကျင်းပပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲဝင်နိုင်ရန် ရည်ရွယ်ထားသည့် သက်ထားသူဇာသည် ဖိတ်ခေါ်ပြိုင်ပွဲများ၊ နိုင်ငံတကာပြိုင်ပွဲများ၊ Future Seriesအပါအဝင် ပြိုင်ပွဲပေါင်း ၁၀၂ ပွဲကစားထားရာ ပွဲ ၇၇ နိုင် ထားပြီး ၂၅ ပွဲရှုံးထားသည်။
ယခုပေါ်တူဂီပွဲပျက်သွားသဖြင့် ချက်နိုင်ငံတွင် မတ်လ ၁၇ ရက်နေ့တွင် ကျင်းပမည့် YONEX SWISS OPEN 2020၊ TOUR 300ပွဲကို သက်ထားသူဇာ သွားရောက်ယှဉ်မည်ဖြစ်သည်။
You may also like these stories:
အိုလံပစ်ပြိုင်ပွဲဝင်နိုင်ဖို့ ကြိုးစားနေတဲ့ ကြက်တောင်မယ် သက်ထားသူဇာ
သက်ထားသူဇာနဲ့ “ချစ်ချစ်တုံး” ဆိုတဲ့ Music Video ရိုက်ကူးထားတဲ့ အဆိုတော် ရဲလေး