Water Bus ဒီဇယ်ဆီဖိုး ကြွေးကျန် ကျပ်သိန်း ၇၀၀ ကျော်ကို သတ်မှတ်ကာလအတွင်း ပြန်လည် ပေးဆပ်မည်ဟု ကတိ ပေးသော်လည်း အကြိမ်ကြိမ် ရက်ရွှေ့ဆိုင်းခဲ့ခြင်းကြောင့် ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်တော့မည် ဖြစ်ကြောင်း Petro and Trans ကုမ္ပဏီထံက သိရသည်။
Petro and Trans ကုမ္ပဏီအုပ်စုအနေဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်တွင် နိုင်ငံပိုင် သတင်းစာများမှ တဆင့် တင့်တင့်မြန်မာ ကုမ္ပဏီကို ဒီဇယ်ဆီဖိုး ကြွေးကျန်များကို ဖေဖော်ဝါရီလ၂၈ ရက် နောက်ဆုံးထားပေးရန် ထည့်သွင်း ကြေညာခဲ့သည်။
တင့်တင့်မြန်မာ ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်ကလည်း ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ် ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ဒီဇယ်ဆီဖိုး ကြွေးကျန်များကို တာဝန်ယူ ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ သည်။
တင့်တင့်မြန်မာ ကုမ္ပဏီအနေဖြင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ရက်ပိုင်းအကြာ၌ Petro and Trans ကုမ္ပဏီအုပ်စုသို့ ကြွေးကျန်ပေးရန် ဆက်သွယ်လာခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးပြ၍ ထပ်မံ ရက်ရွှေ့ဆိုင်းခဲ့ကာ မတ်လ ၃ ရက်အထိ အပြီးသတ် ပေးချေမည် ပြောဆိုခဲ့ကြောင်း Petro and Trans ကုမ္ပဏီ၏ ရှေ့နေ ဦးသန်းထွန်းက ဧရာဝတီသို့ ပြောသည်။
ထို့နောက် မတ်လ ၄ ရက် နံနက်ပိုင်းတွင် အရစ်ကျ ပြန်ပေးဆပ်မည်ဟု ဆက်သွယ်လာကြောင်း ၎င်းက ဆိုသည်။
ရှေ့နေ ဦးသန်းထွန်း က “ကျနော်တို့က အရစ်ကျ လိုချင်တာမှ မဟုတ်တာ။ ပေးရင် တခါတည်း ပေးတာပဲ လိုချင်တာ။ ဒီလောက်လည်း ကြာလာပြီ။ ပေးမယ် ပေးမယ်နဲ့ အကြိမ်ကြိမ် ကတိတွေ ပေးထားတယ်။ မနေ့က အထိ(မတ်လ ၃) က အကျေပေးမယ် အကျေပေးမယ် ပြောပြီး၊ အခုကျတော့ အရစ်ကျဆိုပြီး ၅ ရစ် ၆ ရစ်လောက် ခွဲပေးချင်တာ” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ တရားစွဲဖို့ ဘာဖို့ ဆိုတာက ပြင်ဆင်ရမှာတွေ ရှိတော့ လာမယ့် အပတ်လောက်မှာ ဖြစ်မှာပေါ့” ဟု ပြောဆိုသည်။
တင့်တင့်မြန်မာ ကုမ္ပဏီသည် Petro & Trans ကုမ္ပဏီမှ Water Bus ရေယာဉ်များအတွက် ဒီဇယ်ဆီများကို လကုန်ပြီး ၁၀ ရက်အတွင်း ပေးချေမည်ဟု ကတိပြုကာ အကြွေးစနစ်ဖြင့်၂၀၁၈ စက်တင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၉ ရက် ကာလအထိ ဝယ်ယူခဲ့သော ဒီဇယ်ဆီ တန်ဖိုး စုစုပေါင်းမှ ကျပ် ၇၇၂,၁၃,၈၅၀ ကို ပေးရန် ကျန်ရှိခြင်း ဖြစ်သည်။
Yangon Water Bus ဘက်မှလည်း ယနေ့ မနက်ပိုင်းတွင် ကြေညာချက်တခု ထုတ်ထားကာ ယင်းကြေညာချက်၌ Water Bus အနေဖြင့် ဒီဇယ်ဆီဖိုး ကြွေးကျန်ကိစ္စများကို ငွေသားဖြင့် ပေးချေရန် သွားရောက်ခဲ့သော်လည်း Petro and Trans ကုမ္ပဏီဘက်မှ ဒီဇယ်ဆီဖိုးများ အမှန်တကယ် ရရန်ရှိနေပါသည်ဆိုသည့် အထောက်အထား စာရွက်စာတမ်း မူရင်းများ (လက်ခံဘောင်ချာ) မပြနိုင်၍ ငွေအကျေ မပေးခြင်းသာ ဖြစ်ပြီး၊ ယနေ့အချိန်ထိ မူရင်းဘောင်ချာ မပြနိုင်ခြင်းကြောင့် တရား ဥပဒေအရ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန်
Water Bus ဆီဖိုးကြွေးကျန်ကိစ္စ တင့်တင့်မြန်မာကုမ္ပဏီက တာဝန်ယူဖြေရှင်းမည်
ဒီဇယ်ဆီဖိုး ကြွေးကျန် ပေးရန်ပျက်ကွက်ပါက Water Bus ကုမ္ပဏီကို တရားစွဲမည်ဟု ကြေညာ