ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်းနှင့် ပတ်သက်၍ အာဏာရ NLD ပါတီမှ ဦးထွန်းထွန်းဟိန် တင်သွင်းသည့် ပုဒ်မ ၄၃၆ (က) အောက်တွင် ပြင်ဆင်ချက် တခုဖြစ်သည့် ပုဒ်မ ၃၂(က)၊ ပုဒ်မ၃၂(ခ) ‘မသန်မစွမ်း’ ဆိုသည့် စကားရပ်အား ‘မသန်စွမ်း’ ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင်ရန် တင်ပြခြင်းကို ကန့်ကွက်ရန် မရှိကြောင်း ထောက်ခံခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( USDP)ဝင်၊ ချောင်းဆုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်း “ကျနော် ထောက်ခံတယ်ဆိုတာက တိုင်းပြည်အတွက် ဘာမှ အရေးမကြီးဘူး။ ဒီဟာ ပြင်လိုက်ခြင်းအားဖြင့် ဘာမှ ပြဿနာ မရှိနိုင်ဘူးဆိုတဲ့ ဟာမျိုး။ မသန်မစွမ်း ဆိုတဲ့ ဟာမျိုးကို မသန်စွမ်း ဘာမှမဖြစ်ဘူး။ ဒါတော့ ထောက်ခံလိုက်တာပေါ့” ဧရာဝတီသို့ ပြောသည်။
ထို့ပြင် ပုဒ်မ ၄၃၆(ခ) ပြင်ဆင်ချက် တခုတွင် ပြည်ထောင်စုဝန်ကြီး အရည်အချင်း သတ်မှတ်ချက်နှင့် ပတ်သက်၍ အသက် ၄၀ နှစ်မှ ၃၅ နှစ်သို့ ပြင်ဆင်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများ ထဲက ဖြစ်စေ ဆိုသည့် စကားရပ်ကို ပယ်ဖျက်ခြင်းကို ကန့်ကွက်ရန် မရှိကြောင်း ဦးအောင်ကြည်သိန်းက ထောက်ခံခဲ့သည်။
၎င်းက ဆက်လက်၍ ပုဒ်မ ၂၆၂ (က) (၁)ပါ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီး၏ အရည်အချင်း သတ်မှတ်ချက်များနှင့် ပတ်သက်၍လည်း လွှတ်တော် ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ စကားရပ်အား ပယ်ဖျက်ခြင်းကို ကန့်ကွက်ရန် မရှိကြောင်း လွှတ်တော်သို့ တင်ပြခဲ့သည်။
ပုဒ်မ ၄၃၆ (က) နှင့် ပုဒ်မ ၄၃၆ (ခ) အရ ပြင်ဆင်ရန် တင်ပြသည့် အချက်များနှင့် ပတ်သက်၍ ထောက်ခံသင့်သည်များကို ထောက်ခံ၍ ကန့်ကွက်သင့်သည်များကို ကန့်ကွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု ယင်း၏ ဆွေးနွေးချက် မစတင်မီ ဦးအောင်ကြည်သိန်းက ဆိုသည်။
ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ မူကြမ်းကို လွှတ်တော်တွင် ကိုယ်စားလှယ် စုစုပေါင်း ၁၄၉ ဦး ဆွေးနွေးမည် ဖြစ်ပြီး၊ ဖေဖော် ဝါရီ ၂၅ ရက်နေ့မှ စတင်ဆွေးနွေးခဲ့ရာ ယနေ့ ဆွေးနွေးမှုမှာ ၇ ရက်မြောက်ဆွေးနွေးမှု ဖြစ်ပြီး အပြန်အလှန် ကန့်ကွက်မှုများလည်း ရှိနေဆဲ ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်များက ယနေ့ နောက်ဆုံးထား၍ ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူမှုကို မတ်လ ၁၀ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး၊ စက်ခလုတ် အသုံးမပြုဘဲ လျှို့ဝှက် ဆန္ဒမဲပေး စနစ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း လွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာထားသည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ USDP ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင် နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိကြောင်း သိရသည်။
You may also like these stories:
ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲခွဲမှု စက်ခလုတ် မသုံးဘဲ လျှို့ဝှက်ဆန္ဒမဲ စနစ် သုံးမည်
NLD ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်ဟု တပ်မတော်ပြော
ကရင်နီလူငယ်တွေ မေးခွန်းထုတ်လိုက်တဲ့ ခြေဥပြင်ဆင်ရေး