မကွေးတိုင်း မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို ကျန်းမာရေး စစ်ဆေး စောင့်ရှောက်မှုများ အဆင့်မြှင့် ထားပြီး ကျင်းပလျက် ရှိနေကြောင်း မန်းရွှေစက်တော် ဘုရားဂေါပက အဖွဲ့ထံက သိရသည်။
မန်းရွှေစက်တော် ဘုရားပွဲကို နှစ်စဉ် တပိုတွဲလဆန်း (၅) ရက်မှ နှစ်ဆန်း ၁ ရက်နေ့အထိ (ဇန်နဝါရီလ နောက်ဆုံးအပတ် မှ ဧပြီလလယ်ပိုင်း အထိ) ၃ လကျော် ကျင်းပလျက် ရှိရာ ကမ္ဘာတဝှမ်း ကိုရိုနာ ဗိုင်းရပ်စ်ဖြစ်ပွားနေချိန် ကျန်းမာရေး ဝန်ကြီးဌာနမှလည်း လူစုလူဝေး လှုပ်ရှားမှုနှင့် ပတ်သက်၍ သတိပေးထားရာ ပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။
ထို့အတွက် ယမန်နေ့က နေပြည်တော် ကျန်းမာရေးဌာနမှ ညွှန်ကြားရေးမှူး အဆင့်နှင့် ခရိုင်မှ ကျန်းမာရေး ဝန်ထမ်းများ လာရောက်၍ မန်းရွှေစက်တော် ဘုရားပွဲအတွင်း လတ်တလော ကမ္ဘာတဝှမ်း ဖြစ်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်စ်နှင့် ပတ်သက်၍ ပွဲတော် လာရောက်သူများတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ပါ မပါ စစ်ဆေးသည့် ကိရိယာများနှင့် စစ်ဆေးရန်နှင့် ကျန်းမာရေး စောင့် ရှောက်မှု အဆင့်မြှင့်တင်ထားပြီး ဆောင်ရန် ရှောင်ရန်များကို ပြုလုပ်ထားရေး စီမံဆောင်ရွက်ပေး ခဲ့ကြောင်း ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်စိုးက ဧရာဝတီကို ပြောသည်။
“နေပြည်တော် ကျန်းမာရေးဌာနက ညွန်ကြားရေးမှူး ဦးတင်ထွန်းနဲ့ ခရိုင်က ဆေးရုံအုပ်ကြီးလည်း လာပြီးတော့ ကျန်းမာ ရေး ကိစ္စတွေကို စီမံဆောင်ရွက်ဖို့၊ လူက မထိရဘဲ နဖူးကို ထောက်ပြီး အပူချိန်တိုင်းတဲ့ ကိရိယာ (Non-Contact Thermometer) ကို လေး ငါးခု ဝယ်ပြီး ဂိတ်အဝင်ကနေ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ကျန်းမာရေး စစ်ဆေးသွားမယ်” ဟု ၎င်းက ဆိုသည်။
ဦးခင်မောင်စိုးက ဆက်လက်ပြီး “ကျန်းမာရေး အဖွဲ့ကတော့ အမြဲတမ်း ထိုင်ပြီးတော့ ဆရာဝန်ကိုတော့ အလှည့်ကျ လွှတ် ပေးတယ်။ အဓိက ကတော့ ရောဂါပြန့်ပွားမှု မဖြစ်အောင် အသိပညာပေးဖို့အတွက် နေပြည်တော်က ညွှန်မှူး ကိုယ်တိုင် ကြီးကြပ်ဖို့ ဆင်းလာတယ်။ ဒီမှာတော့ စိုးရိမ်စရာ ဘာမှ မရှိသေးပါဘူး။ ဘုရားဖူးကလည်း ပုံမှန်ပဲ လာပါတယ်။ ဘယ် ဘုရားပွဲတော်မှ ပိတ်တယ် ဆိုတာ မရှိသေးပါဘူး။ ကျနော်တို့ ပွဲတော်ကတော့ ရက်ရှည် ကျင်းပရတဲ့ ပွဲတော်ကို ပုံမှန် ရက်တွေထက် စနေ၊ တနင်္ဂနွေရက်တွေဆို တည်းခိုဆောင်တွေမှာ နေရာ မရလောက်အောင် လူတွေ ပြည့်နေတယ်” ဟု ဆက်ပြောသည်။
မန်းရွှေစက်တော် ဘုရားဖူးမှ ပြန်လည် ရောက်ရှိလာသည့် ပြည်မြို့ဒေသခံ ကိုမိုးနိုင်ဦးက “ကျနော်တို့ သွားတဲ့ရက်က စနေ၊ တနင်္ဂနွေနဲ့ တောင်သူလယ်သမားနေ့ ၃ ရက်ဆက်တိုက် ပိတ်တော့ လူက အရမ်းများပြီး စည်တဲ့ရက် ဖြစ်သွားတယ်။ အခန်းတွေ အကုန်အပြည့်ပဲ။ ကျန်းမာရေး စောင့်ရှောက်မှုအတွက်ကတော့ ဆေးပေးခန်းတွေ၊ လုံခြုံရေးတွေ ရဲတို့ မီးသတ် တို့ တွေ့တယ်။ ဝူဟန်ဗိုင်းရပ်တွေ ဘာတွေ ဘယ်သူမှ မကြောက်ဘူး။ ကျနော်တို့ သွားတဲ့ရက်ဆို တိုးလို့တောင် မပေါက် ဘူး။ အထက် စက်တော်ရာကို တက်တဲ့လမ်းဆို ကားတွေ ပိတ်သွားတာ” ဟု ဧရာဝတီကိုပြောသည်။
ဖေဖေါ်ဝါရီလ ၂၄ ရက် ရက်စွဲဖြင့် မကွေးတိုင်း မဲဆန္ဒနယ်အမှတ်(၅) အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင် ထွန်းမှ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ မကွေးတိုင်း ဒေသကြီးအတွင်း တရုတ်ပြည်နှင့် နယ်စပ် ဒေသများမှ ပြန်လည် ရောက်ရှိလာသူများ စာရင်းအရ များပြားနေသဖြင့် ရောဂါ ကူးစက်မှုကို ကြိုတင် ကာကွယ်သည့် အနေဖြင့် မန်းရွှေစက် တော် ဘုရားပွဲတော် ကျင်းပမှုကို အမြန်ဆုံး စနစ်တကျ ပိတ်သိမ်းနိုင်ရန် ဂေါပက အဖွဲ့ထံ လိပ်မူ၍ စာပေးပို့ခဲ့သည့်အပေါ် တိုင်းအစိုးရထံ တင်ပြ၍ အစိုးရ ညွှန်ကြားချက်ဖြင့် ဆက်လက် ကျင်းပနေဆဲ ဖြစ်ကြောင်း ဦးခင်မောင်စိုးက ရှင်းပြသည်။
“ဒီဟာကို စနစ်တကျ ပိတ်သိမ်းရန် အကြံပြု ဆွေးနွေးပါသည် ဆိုပြီးတော့ သူက အစိုးရကို အကြံပြုတာလည်း မဟုတ်ဘူး၊ ဂေါပက ဥက္ကဋ္ဌကို အကြံပြုတာဆိုတော့ ပွဲတော် ကျင်းပရေး ကော်မတီမှာ နာယကက တိုင်းအစိုးရ ရှိတယ်။ လွှတ်တော် ဥက္ကဋ္ဌ ရှိတယ်။ အဲဒီတော့ ကျနော်တို့က ချက်ခြင်း တိုင်းအစိုးရကို သတင်း ပို့ပြီးတော့ အစိုးရရဲ့ ညွှန်ကြားချက်ကိုလည်း နာ ခံတယ်။ ဆရာတော်ကြီးတွေရဲ့ သြဝါဒ ခံယူမှု ရှိတယ်။ တိုင်းအစိုးရရဲ့ ညွန်ကြားချက်အရ ပွဲတော်ကိုပဲ ဆက်လက် ကျင်းပ ပါတယ်။ အခုဆိုရင် ကျန်းမာရေး ဌာနက ပိုပြီးတော့ ကျန်းမာရေး စောင့်ရှောက်မှု ပိုပေးပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
အပူချိန်တိုင်း ကိရိယာများ ဝယ်ယူရန်နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ဝယ်ယူရန် ဘုရားကြီး နဝကမ္မအလှူတော်ငွေထဲမှ ကုန်ကျခံ သုံးစွဲသွားမည် ဖြစ်ပြီး လူမှုကွန်ရက်ပေါ်တွင် ဘုရားပွဲတော် ပိတ်သိမ်းကြောင်း သတင်းမှားများ ဖြန့်ဝေနေသည့် အတွက် ဂေါပက အဖွဲ့မှ ဖြေရှင်းနေရကြောင်း၊ အစိုးရထံမှ တစုံတရာ အမိန့်ညွှန်ကြားချက် မရမချင်း နှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း မန်းရွှေစက်တော် ဂေါပကအဖွဲ့က ထုတ်ပြန်ကြေညာ ထားသည်။
You may also like these stories:
ရန်ကုန်-မကွေး လေယာဉ် ခရီးစဉ် ပြန်လည် ပြေးဆွဲမည်
အကျဉ်းထောင်များတွင် ကိုရိုနာဗိုင်းရပ်စ် ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေဟုဆို