မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်သစ် မူယီဒင်ယာဆင်သည် ၎င်း၏ရှေ့က ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်၏ အယုံအကြည်မရှိ အဆိုတခုကို ရှောင်ရှားရန် ကြိုးပမ်းသည့်အနေဖြင့် နောက်ပါလီမန်အစည်းအဝေးကို နှစ်လရွှေ့ဆိုင်းလိုက်သည်။
အောက်လွှတ်တော်ကို တနင်္လလာနေ့တွင့် စည်းဝေးရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း ကျင်းပမည့်နေ့ကို မေလ ၁၈ ရက်နေ့သို့ နောက်ဆုတ်ခဲ့သည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက်အာရစ်ယူဆော့ဖ်က ပြောကြားခဲ့ပြီး မူယီဒင်ထံမှ ရရှိသည့် အကြောင်းကြားစာတစ်ခုကို လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်သည်။ ဥပဒေပြုလွှတ်တော်အစည်းအဝေးမှာ ဇွန်လ ၂၃ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သည်။
သီတင်းတပတ်ကြာ နိုင်ငံရေးဇာတ်လမ်းကြီးအပြီး တနင်္ဂနွေနေ့က ဝန်ကြီးချုပ်အဖြစ် ကျိမ်းကျိန်ခဲ့သော မူယီဒင်သည် အတိုက်အခံပါတီများကြား မဟာမိတ်တခုဖွဲ့စည်းရန် မဟာသီယာ၏ ညွန့်ပေါင်းအဖွဲ့မှ လမ်းခွဲခဲ့သည်။ မဟာသီယာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က နုတ်ထွက်မှုကြောင့် မူယီဒင်ကို ဝန်ကြီးချုပ်နေရာရစေခဲ့သည်။ မဟာသီယာသည် လာမည့်ပါလီမန်အစည်းအဝေးတွင် မူယီဒင်အား အယုံအကြည်မရှိ အဆိုတင်သွင်းရန် ပြင်ဆင်နေသည်။
အဆိုပါ အမျိုးသားနှစ်ဦးမှာ ဥပဒေပြုအမတ်များကြား ထောက်ခံမှုရရန် ကြိုးပမ်းနေသောကြောင့် မူယီဒင်မှာ ရှုံးနိမ့်မည့် အလားအလာနှင့် ၎င်း၏ရာထူးမှာ ဆုံးရှုံးမည့် အလားအလာများ ရှိနေသည်။ လွှတ်တော်အစည်းအဝေးကို မေလအထိ ရွှေ့ဆိုင်းလိုက်ခြင်းဖြင့် မူယီဒင်မှာ ဒေသခံပါတီများကို စည်းရုံးခြင်းဖြင့် ထောက်ခံမှု အများစုရရှိရေး လုပ်ဆောင်ရန် အချိန်ဆွဲခဲ့ခြင်းဖြစ်သည်။
ထိုစဉ် မူယီဒင်သည် အစိုးရအဖွဲ့သစ် ဖွဲ့စည်းခန့်အပ်ခြင်း၊ ကိုရိုနာဗိုင်းရပ်သစ်ကို ကိုင်တွယ်ရန် ပေါ်လစီများချမှတ်ခြင်းတို့ဖြင့် ၎င်း၏အစိုးရအဖွဲ့အပေါ် ထောက်ခံမှုမြင့်မားလာစေရန် စီစဉ်လျက်ရှိသည်။
မူင်္ယီဒင်သည် တချိန်က နာဂျစ်ရာဇတ်ဦးဆောင်ခဲ့သည့် ပါတီဖြစ်သည့် United Malay National Organization (UMNO) နှင့် မဟာမိတ်ဖွဲ့ခဲ့ခြင်းအတွက် ဝေဖန်ခံနေရသည်။
ရွေးကောက်ပွဲတွင် မဟာသီယာကို မရှုံးနိမ့်မီ၂၀၀၉ မှ ၂၀၁၈ အထိ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် နာဂျစ်သည် နိုင်ငံကျောထောက်နောက်ခံ ရန်ပုံငွေအဖွဲ့ 1Malaysia Development Berhad (1MDB) နှင့် ပတ်သက်သည့် ဒေါ်လာဘီလျံများစွာ လိမ်လည်မှုအရှုပ်တော်ပုံတွင် ပါဝင်သည်ဟု စွပ်စွဲခံရကာ ဖမ်းဆီးခံရပြီး တရားစွဲခံရသည်။
ယခုအခါ UMNO မှာ ရွေးကောက်ပွဲတွင် အများက အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်မရှိဘဲ အာဏာပြန်ရလာခဲ့သည်။ မူးယီဒင်သည် တနင်္လာနေ့က ရုပ်သံရိုက်ကူးထုတ်လွှင့်သည့် မိန့်ခွန်းအတွင်း ခြစားမှုနှင့် ပတ်သက်၍ မဲဆန္ဒရှင်များ၏ စိုးရိမ်မှုများကို ဖြေဖျောက်ရန် ကြိုးစားခဲ့သည်။ “ကျနော့် ကက်ဘိနက်မှာ ခြစားမှုကင်းတဲ့သူတွေ၊ ရိုးသားပြီး အရည်အချင်းရှိတဲ့သူတွေပဲ ခန့်အပ်မယ်လို့ ကျနော် ကတိပြုပါတယ်” ဟုမူယီဒင်က ပြောကြားခဲ့သည်။
သို့သော်လည်း မူယီဒင်သည် အမတ် ၃၀ ခန့်သာရှိသော Malaysian United Indigenous Party ကို ဦးဆောင်နေသည်။ အကယ်၍ လာမည့်နှစ်လအတွင်း မူယီဒင်အနေဖြင့် ၎င်း၏နိုင်ငံရေးကို အခြေခိုင်အောင် မတည်ဆောက်နိုင်ပါက ၎င်းအပေါ် ယုံကြည်မှုမရှိကြောင်း အဆိုကို ကျော်လွှားနိုင်ရေး သေချာတော့မည် မဟုတ်ပေ။
ကိုးကား။ ။ Nikkei Asian Review
You may also like these stories:
ဝန်ကြီးချုပ်သစ်နဲ့အတူ အရှုပ်ထုပ် မလေးရှားပါတီများ ထိပ်ပိုင်းသို့ ပြန်လည်ရောက်ရှိ
မလေးရှားဝန်ကြီးချုပ် မဟာသီယာ ရာထူးမှနုတ်ထွက်