သတင်း

တပ်မတော်၏ အခန်းကဏ္ဍ လျော့ချရေး NLD အမတ် ဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ တပ်မတော် အနေဖြင့် နိုင်ငံရေး အုပ်ချုပ်ရေးကဏ္ဍတွင် စွန့်ခွာရန် လိုအပ်မည်ဖြစ်ပြီး ယင်းလို့ လုပ်ဆောင်မှသာ Standard Army တည်ဆောက်နိုင်မည်ဖြစ်ကြောင်း အာဏာရ NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ်က ယမန်နေ့က လွှတ်တော်တွင် ပြောသည်။

ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ်က“တချိန်မှာ တပ်မတော်ဟာ သေချာပေါက် နိုင်ငံ ရေး အုပ်ချုပ်ရေးမှာ လုံးဝ စွန့်ခွာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလို စွန့်ခွာမှလည်း Standard Army ဖြစ်မှာ ဖြစ်ပါတယ်။ ပြည်သူနဲ့လည်း ပိုပြီး တသားထဲ ဖြစ်လာမယ်ပေါ့။ စံကိုက်တပ်မတော် အင်္ဂလိပ်လိုပြောရင် (Standard Army)ဆိုတာ ဘယ်တော့မှ နိုင်ငံရေး အုပ်ချုပ်ရေး ပါဝင်ပတ်သက်လေ့ မရှိပါဘူး” ဟု ပြောသည်။

စံကိုက်တပ်မတော် တရပ် ဖြစ်ထွန်းလာရေး အတွက် နိုင်ငံရေး အခန်းကဏ္ဍ၌ ပါဝင်ပတ်သက်မှု မရှိစေရန် လိုအပ်ကြောင်း၊ Standard Army ဆိုသည်မှာ လက်နက်ကောင်းများ ပိုင်ဆိုင်ထားရုံဖြင့် မဖြစ်နိုင်ကြောင်း၊ အဆင့်မီသည့် နည်းပညာများ တတ်မြောက်ရန် လိုအပ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူလူထု၏ ထောက်ခံယုံကြည်မှု ရရှိရန် အတွက် Standard Army ဖြစ်ရန် အရေးကြီးဆုံးဟု ထင်မြင်ကြောင်း ဦးတင်သစ်က သုံးသပ်သည်။

ဆက်လက်ပြီး ၎င်းက ၂၀၀၈ ဖွဲ့စည်းပုံတွင် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ ဆိုသည့် စကားရပ် ပါသည့် အတွက် ပုဒ်မ ၆(စ)တွင် တပ်မတော်၏ နိုင်ငံရေးကဏ္ဍတွင် ပါဝင်မှုနှင့် ပတ်သက်မှုအပေါ် ရှာဖွေသော်လည်း အဓိပ္ပာယ် ဖွင့်ဆိုချက် တစုံတရာ မ တွေ့ရကြောင်းလည်း လွှတ်တော်သို့ တင်ပြခဲ့သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်ထဲတွင် တပ်မတော် သည် ပြည်သူထဲမှ ပေါက်ဖွားလာသည့် ပြည်သူ့ တပ်မတော် ဖြစ်သည်ဆိုသည့် စကားရပ်များ ကြားနေရကြောင်း၊ ယခု အချိန်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် ကာလ ဖြစ်သောကြောင့် နိုင်ငံရေးကဏ္ဍတွင် ဆက်လက် ပါဝင်ချင်သည် ဆိုပါက ပြည်သူ့ ဆန္ဒနှင့် အညီ ကာလ အကန့်အသတ်၊ ပမာဏ အကန့်အသတ်ဖြင့်သာ ပါဝင်သင့်ကြောင်း လည်း ထောက်ပြခဲ့သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးချက် အများစုမှာ လွှတ်တော်အတွင်း၌ တပ်မတော်၏ အခန်းကဏ္ဍကို လျော့ချနိုင်ရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်သည်ကိုလည်း တွေ့ရသည်။

ဦးတင်သစ်က “ငါတို့ တိုင်းပြည်ကို ချစ်တယ်။ ငါတို့ပဲ တိုင်းပြည်ကို ကာကွယ်နေတယ်။ ငါတို့ပဲ တိုင်းပြည်ကို တည်ဆောက် နေတယ်လို့ အထင်ရောက်နေသမျှ ပြည်သူ့ ပုခုံးပေါ် တက်ထိုင်ဖို့ပဲ စဉ်းစားလာပါလိမ့်မယ်” ဟုလည်း ထောက်ပြ ပြောဆို သည်။
မြန်မာနိုင်ငံသည် တပါတီ အာဏာရှင် စနစ် ဖျက်သိမ်း၍ ဒီမိုကရေစီ နိုင်ငံထူထောင်ရန် အတွက် ၈၈၈၈ လူထု အရေး တော်ပုံကြီးမှာ သမိုင်းဝင် ဖြစ်ကြောင်း၊ နိုင်ငံတော်ကို ကာကွယ်ရေးတာဝန်ကို တပ်မတော်သားများကဲ့သို့ လစာယူထားခြင်း မရှိသော်လည်း အရေးကြုံလာပါက ပြည်သူများကပါ နိုင်ငံအတွက် အသက်ပေးရန် ဝန်မလေးကြသည့် ပြည်သူ သန်း ပေါင်းများစွာ ရှိနေကြောင်း အစရှိသဖြင့် အချက်များကိုလည်း ဦးတင်သစ်က ထောက်ပြဆွေးနွေးမူများ ပြုလုပ်ခဲ့သည်။

၎င်းက “ပြည်သူနဲ့ တသားတည်း ဖြစ်မယ်။ ပြည်သူက အပ်နှင်းထားတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်တာ ဖြစ်ရ မယ်။ ဒါကို ကျနော်က Standard Army လို့ အဓိပ္ပာယ် ဖွင့်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

တပ်မတော်ဘက်ကမူ ထိုသို့ဆွေးနွေးချက်များမှာ တပ်မတော်၏ သမိုင်းကို ဆွေးနွေးပြောပြနေခြင်းသာ ဖြစ်ကြောင်း၊ ယင်းအချက်များသည် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၃၈ အရ ကိုက်ညီမှု မရှိကြောင်း၊ ပုဒ်မနှင့် သက်ဆိုင် သည့် အကြောင်း အရာ အချက်အလက်များမှ လွဲပါက ကျန်သည့် အချက်အလက်များကို ထည့်သွင်း ဆွေးနွေးခွင့် မပြု ထားကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက လွှတ်တော်သို့ ထောက်ပြ သည်။

ဒုတိယ ဗိုလ်မှူးကြီး မျိုးထက်ဝင်းက “၁ ယောက်နဲ့ ၁ ယောက်၊ ၁ ဖွဲ့ နဲ့ ၁ ဖွဲ့ဟာ ဒီလို အပြန်အလှန် ပြောဆိုပြီး လုပ်နေ မယ်ဆိုရင် ရင်ကြားစေ့ရေး ကာလမှာ ဒီလို ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို သုံးသပ်နေတဲ့ ကာလမှာ ပြည်သူ တပ်မတော်၊ အစိုး ရနဲ့ ညီညွှတ်မှု မျှတမှု ကာလပတ်လုံး မရှိသ၍ အဆင်မပြေနိုင်ဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။

ထို့ကြောင့် နည်းဥပဒေ ၂၀ အရ အရေးယူပေးရန် လွှတ်တော်နာယကထံ တင်ပြခဲ့ရာ လုံးကောက်မှတ်တမ်းများကို ပြန်ဖော်၍ ဆွေးနွေးချက်များကို တိုက်ဆိုင် စစ်ဆေး၍ ဥပဒေ နည်းဥပဒေများ နှင့်အညီ ဆက်လက် ဆောင်ရွက် ပေးသွားမည်ဟု လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောသည်။

လက်ရှိ လွှတ်တော်ထဲတွင် တပ်မတော်သား ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်း ရှိနေပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲ အပြီး ပြန်လည် ကျင်းပမည့် လွှတ်တော်တွင် ၁၅ ရာခိုင်နှုန်းသာ ထားရှိရန်နှင့် ၂၀၂၅ ရွေးကောက်ပွဲ တွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၃၀ တွင် ၅ ရာခိုင်နှုန်းစသဖြင့် တဆင့်ချင်း လျော့ချရန် စသည်တို့ကို လွှတ်တော်သို့ တင်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း နှင့် အမျိုးသား လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းစီ ပါဝင်လျက်ရှိသည်။

ဆက်စပ်လင့်

NLD ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်ဟု တပ်မတော်ပြော

ကရင်နီလူငယ်တွေ မေးခွန်းထုတ်လိုက်တဲ့ ခြေဥပြင်ဆင်ရေး

အရေးပေါ်အခြေအနေ၌ သမ္မတကို အခွင့်အာဏာပေးရန် တပ်နှင့် ကြံ့ခိုင်ရေး သဘောမတူ

Did you find apk for android? You can find new Free Android Games and apps.
Loading