မန္တလေးနန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော် မြေနန်းပြာသာဒ်၌ ထုံးတမ်းနှင့်မညီဘဲ Pre Wedding ရိုက်ကူးခဲ့မှုအပေါ် တာဝန်ယူ ဖြေရှင်းပေးရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ကုန်းဘောင်ဆက် မောင်နှမများက မတ်လ ၅ ရက်တွင် ကန့်ကွက်စာ ပေးပို့ခဲ့သည်။
ကုန်းဘောင်ဆက် မောင်နှမများမှ မင်းတုန်းမင်း၏ တီတော် ဦးထိပ်တင်အောင် က “သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဆီကို စာပို့ထားပါတယ်။ စာထဲမှာပါဝင်တဲ့ အဓိက အချက်ကတော့ ဖြစ်စဉ်အပေါ်မှာ ကန့်ကွက်ရှုံ့ချတယ်ဆိုတာရယ်၊ နောင် မှာ ဒါမျိုးတွေ ဖြစ်လာရင် ဘယ်လိုဆောင်ရွက်ဖို့ အစီအစဉ်တွေရှိလဲ ဆိုတာ၊ အခု ဖြစ်စဉ်အပေါ် ဘယ်လို ဆောင် ရွက်ဖို့ အစီအစဉ်တွေ ရှိ မရှိ သိချင်တာကြောင့်ပါ” ဟု ပြောသည်။
နန်းမြို့တွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်၊ သီဟာသန ရာဇပလ္လင် တည်ရှိရာ မြေနန်းပြာသာဒ်ဆောင်၌ မင်္ဂလာဇနီး မောင် နှံက စုလျားရစ်ပတ် ဘိသိတ်သွန်း မင်္ဂလာပုံစံ Pre Wedding ရိုက်ကူးခြင်းကို မတ်လ ၁ ရက်က ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။
“ဒီနေရာမှာ မင်္ဂလာဆောင်တယ် ဆိုတဲ့ ဓလေ့လည်း မရှိခဲ့ပါဘူး။ ဒါကို မင်္ဂလာဆောင်တဲ့ ပုံစံမျိုး လုပ်ခဲ့တယ်။ ပြီးတော့ နန်း ရင်ပြင်မှာ လိုက်ကာတွေ ကာပြီးတော့ အခန်းပုံစံ လုပ်ပြီး ပလ္လင်ကို Background ထားပြီးတော့ မင်္ဂလာဆောင်တဲ့ပုံစံ လုပ် သွားတာ” ဟု ဦးထိပ်တင်အောင်က ဆက်လက် ပြောသည်။
မြနန်းစံကျော် မြေနန်းပြာသာဒ်တွင် မြန်မာဘုရင်များ လက်ထက်ကပင် မင်္ဂလာအခမ်းအနား ကျင်းပခြင်းမျိုး မရှိခဲ့ဘဲ ယခု ကဲ့သို့ ရိုက်ကူးခြင်းမျိုးသည် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများအရ အဂါရ၀ ဖြစ်စေသည်ဟု ဆိုကြသည်။
“နောက်ပိုင်းမှာလည်း ဓလေ့အမှားတွေ၊ အယူအဆ အမှားတွေ ဖြစ်လာနိုင်တယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ အစဉ်အလာတွေ ကို လေးစား လိုက်နာတဲ့သူတွေ အတွက်ကတော့ အခုလို လုပ်ဆောင်တာ အတော်လေး ရုပ်ဆိုးပါတယ်။ အဂါရဝလည်း ဖြစ်တယ်” ဟု ဦးထိပ်တင်အောင်က ဆက်လက် ပြောသည်။
မြနန်းစံကျော် ရွှေနန်းတော်ကို ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသော သက်ဆိုင်ရာ ဌာနများ၊ ပုဂ္ဂိုလ်များအနေဖြင့် နောက် နောင် ယခုဖြစ်ရပ်မျိုး မဖြစ်စေရန် ကြပ်မတ်ပေးစေလိုသည်ဟု ကုန်းဘောင်ဆက် မောင်နှမများက တောင်းဆိုထားကြောင်း သိရသည်။
“အခုဖြစ်စဉ်က အောက်ခြေရဲ့ လွဲမှားစွာ ဆောင်ရွက်ချက်အပေါ် ဝန်ကြီးအနေနဲ့ ပိုမိုပြီးတော့ ကြီးကြပ်ပေးစေချင်ပါတယ်၊ အခုက အောက်က သတင်းပို့တာက လုံး၀ ဓာတ်ပုံ မရိုက်ပါဘူး။ သိသိချင်း တားလိုက်တယ်ပေါ့။ အောက်မှာက တကယ် တမ်းမှာ နေ့လယ် ၁ နာရီကျော်တဲ့အထိ ဓာတ်ပုံရိုက်သွားတယ်။ ဒီလိုမျိုးတွေကို အထက်ကနေ ကြပ်ကြပ်မတ်မတ် ဆောင် ရွက်ပေးဖို့ တောင်းဆိုထားပါတယ်” ဟု ဦးထိပ်တင်အောင်က ဆက်လက် ပြောသည်။
ထိုသို့ Pre Wedding ရိုက်ကူးမှုအပေါ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ (ရှေး/သု) အနေဖြင့် သိရှိသည့် အချိန်တွင် ချက်ချင်း ဖျက်သိမ်းခိုင်းခဲ့သည်ဟု ရှေး/သုမှ ဒု ညွှန်ကြားရေးမှုးချုပ် ဦးကိုကိုနိုင်က ပြောဆိုသည်။
“အဲဒီနေ့က သိသိချင်း သူတို့ကို ချက်ချင်း ဖျက်ခိုင်းလိုက်ပါတယ်။ သူတို့အနေနဲ့ ခွင့်တောင်းတာ မဟုတ်ဘဲ လုပ်မလို့ ပြင် ဆင်နေတုန်း။ ဘာမှ မလုပ်လိုက်ရပါဘူး။ ကျနော်တို့အနေနဲ့ နောက်ပိုင်းမှာလည်း ဘာမှ ဆက်လုပ်ဖို့ ခွင့်မပြုပါဘူး၊ လုပ်လို့ လည်း မရပါဘူး။ ခွင့်ပြုပေးတာမျိုးလည်း မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
ထိုသို့ Pre Wedding ရိုက်ကူးမှုအပေါ် တာဝန်ယူ ဖြေရှင်းပေးရန် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ ကုန်းဘောင်ဆက် မောင်နှမ များက စာပေးပို့ခဲ့သလို ကုန်းဘောင်ဆက် ဆွေတော်မျိုးတော်များ(အောက် မြန်မာပြည်)ကလည်း အရိုအသေမဲ့ အဂါရ၀ ဖြစ်စေသော အပြုအမူများ အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချထားသည်။
ထိုကဲ့သို့ ရိုက်ကူးနိုင်ရန်အတွက် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ စည်းကမ်းချက်နှင့် အညီ ဓာတ်ပုံ၊ ဗီဒီယို ရိုက် ကူးခွင့်ကို တရားဝင် ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး မန္တလေးဌာနခွဲသို့ သတ်မှတ်ငွေ ပေးသွင်းထားကြောင်း သိရသည်။
ဦးထိပ်တင်အောင်က “စည်းကမ်းချက်နဲ့ အညီ ရိုက်ကူးရန်ဆိုပြီး နေပြည်တော်ကနေ မန္တလေးရုံးခွဲကို စာချပေးထားပါ တယ်။ Pre Wedding ရိုက်မယ်ဆိုတာကို ခွင့်ပြုထားတဲ့စာ ကျနော်တို့ဆီမှာ ရှိပါတယ်” ဟု ဆက်လက် ပြောဆိုသည်။
ထိုကဲ့သို့ ပြုလုပ်ခဲ့သည့်အပေါ် မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်ကလည်း “အခု ကိစ္စက လုံး၀ မလုပ်သင့်ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ ဒါဟာ အတိတ်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ အဓိက ရှိတဲ့နေရာရဲ့ ပြယုဂ်။ သီဟာသနပလ္လင် ဆိုတာ အချုပ်အခြာအာဏာရဲ့ အမြင့်ဆုံးနေရာ ဖြစ်တယ်။ ပြီးတော့ ဘုရင်ထိုင်တဲ့ ပလ္လင်ရှိတဲ့ နေရာနဲ့ အနီးဆုံးနေရာမှာ တော်ရုံလူတောင် နေလို့ရတာ မဟုတ်ဘူး။ ထီးသုံးနန်းသုံး စကားလုံး ရှိတယ်၊ ဒူးနေရာ ဒူး၊ တော်နေရာတော် ဆိုတာက အဲဒီပလ္လင်ရှေ့မှာ နေရတဲ့ဟာ၊ မော်ဖူးစေ ဆိုမှ ဖူးရတဲ့နေရာ ဖြစ်တယ်။ အခုဟာ ဘုရင်ခေတ် မဟုတ်ပေမယ့် လည်း ဘူမိ နက်သန် တခုအနေနဲ့ အလေးအမြတ် ထားရမှာ ဖြစ်တယ်” ဟု ပြောသည်။
မြနန်းစံကျော် မြေနန်းပြာသာဒ်သည် မြန်မာဘုရင်များ လက်ထက်က နိုင်ငံ၏ အချုပ်အခြာအာဏာတည်ရာ သီဟာသန ရာဇ ပလ္လင်တော်ရှိရာ ပင်မ အဆောင်ဖြစ်ပြီး ဝါဝင်၊ ဝါထွက်၊ သင်္ကြန် ကာလများတွင် မင်း၊ မိဖုရားတို့ ကန်တော့ခံခြင်း၊ ညီ လာခံသဘင် ကျင်းပခြင်း၊ နိုင်ငံ တခုလုံး၊ တမျိုးသားလုံး၏ အချုပ်အခြာအာဏာ တည်မြဲမှု အမှတ်တံဆိပ် လက္ခဏာများ ဟု သိရသည်။
မြနန်းစံကျော် ရွှေနန်းတော် ပြန်လည် တည်ဆောက်ရာတွင် ဦးဆောင် ပါဝင်ခဲ့သူ မြန်မာမှု ပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က “နန်းတွင်း အစဉ်အလာအတိုင်း ပြောရမယ်ဆိုရင် အဲဒီနေရာက မင်္ဂလာဆောင် လုပ်တဲ့နေရာ မဟုတ်ဘူး။ ဘုရင်နဲ့ အရေးကြီးတဲ့ ဧည့်သည်တွေ၊ နိုင်ငံမှာရှိတဲ့ အရေးကြီးကဏ္ဍတွေ အတွက်သာ သုံးခဲ့တာပါ။ အခုလို လုပ်တာတော့ မသင့် တော်ဘူး။ သီဟာသနပလ္လင်ရှေ့မှာ ဘုရင်ကိုယ်တိုင်က အဲဒီလို အခမ်းအနားမျိုး လုပ်ခဲ့တာ မရှိပါဘူး” ဟု ပြောသည်။
စာရေးဆရာ ဆူးငှက်ကလည်း “အခုကိစ္စမှာ ခွင့်ပြုချက်ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီနေရာရဲ့ လုံခြုံရေးက သိပ်ကို စိုးရိမ်စရာ ကောင်းနေပြီလို့ ပြောရမှာပေါ့နော်၊ ဒီလိုတွေ လုပ်နေတာ ဘယ်သူက တာဝန်ရှိသလဲဆိုတာ အဖြေထုတ်ရ တော့မှာ ဖြစ်ပါတယ်။ အခု မလုပ်ရဘူး ပိတ်လိုက်တယ် ဆိုတာထက် ခွင့်ပြုတဲ့သူကိုရော လုပ်တဲ့သူကိုရော တစုံတရာ အရေးယူမှု လုပ်သင့်တယ်။ ဒါက လုံးဝကို မလုပ်သင့်တဲ့နေရာမှာ လုပ်လိုက်တဲ့ ကိစ္စဖြစ်တာကြောင့်ပါ” ဟု သုံးသပ် ပြောပြ သည်။
ယခုအခါ ရှေးမြန်မာမင်းများ၏ ပြယုဂ်များ အဖြစ်နှင့်သာမက ရှေးမြန်မာ ဘုရင်များ လက်ထက်က ရှိခဲ့သည့် ဓလေ့၊ ရိုးရာ၊ မြန်မာမှု အစဉ်အလားများကို သိရှိလေ့လာနိုင်ရန်အတွက် ရည်ရွယ်၍ နန်းတော်များကို ပြန်လည် တည်ဆောက်ခဲ့ရာ ပထမဆုံး မြန်မာနိုင်ငံကို တည်ထောင်ခဲ့သည့် ပုဂံ နန်းတော်၊ ဒုတိယ မြန်မာနိုင်ငံ တည်ထောင်ခဲ့သည့် ပဲခူးနန်းတော်၊ တတိယ မြန်မာနိုင်ငံ တည်ထောင်ခဲ့သည့် ရွှေဘိုနန်းတော်နှင့် နောက်ဆုံး မြန်မာမင်းတို့၏ မန္တလေးနန်းတော် ဟူ၍ နန်း တော် ၄ ခု ရှိသည်။
စာရေးဆရာ ဆူးငှက်က “အခြား နိုင်ငံတွေမှာ ဒီလိုနေရာမျိုးတွေက အနားတောင် ကပ်ကြည့်ခွင့် မရတဲ့နေရာမျိုးတွေ ဖြစ် တယ်။ ဒီမှာကတော့ ဖောချင်းသောချင်း ဖြစ်နေတယ်ဆိုတာက တော်တော်ကို ရှက်စရာကောင်းပါတယ်။ ပြီးတော့ နန်း တော်ကြီးကို ဘယ်သူ ထိန်းသိမ်းတာလဲ၊ တာဝန်ယူတာလဲ ဆိုတာကလည်း အဓိက ကျနေတယ်။ တိုင်းဒေသကြီး အစိုးရ က ထိန်းသိမ်းတာလား၊ ရှေး/သုက ထိန်းသိမ်းတာလား။ တပ်မတော်က ထိန်းသိမ်းတာလား ဆိုတာ အခုအချိန်ထိ ပြတ် ပြတ်သားသား မရှိတဲ့ သဘော ဖြစ်နေတယ်” ဟု ဆက်လက် ပြောဆိုသည်။
မြနန်းစံကျော် ရွှေနန်းတော်နှင့် ပတ်သက်၍ ယခင်နှစ်များကလည်း အမျိုးသမီးများ၏ မဖွယ်မရာ ပြုမူနေသည့် ပုံများ၊ အဂါရ၀ ဖြစ်စေသည့် ဝတ်စားဆင်ယင်မှုများဖြင့် ယောဂကျင့်သည့် ပုံများ လူမှုကွန်ရက်တွင် ပျံနှံ့ ခဲ့သေးသည်။
You may also like these stories:
အယုံအကြည်မရှိ အဆိုကို ရှောင်ရန် မလေးရှားဝန်ကြီးချုပ်သစ် ပါလီမန်ကို အချိန်ဆွဲ
မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ် စမုခဏ် ကွဲအက်မှု ပြုပြင်ရန် စီစဉ်