တရုတ်နိုင်ငံ ဟူပေပြည်နယ် အကျဉ်းထောင်၌ မြန်မာနိုင်ငံသား အမျိုးသမီးနှစ်ဦး ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက် ခံထားရသည်ဟု ဆိုကာ အကြောင်းကြားလာမှုနှင့် ပတ်သက်၍ ၎င်းတို့အား မြန်မာဟုတ်မဟုတ် စိစစ်မှုများ ပြုလုပ်နေ ကြောင်း ဘေဂျင်းမြို့ရှိ မြန်မာသံရုံးကဆိုသည်။
ပြီးခဲ့သည့် မတ်လ ၄ရက်နေ့က ဟူပေပြည်နယ် အကျဉ်းထောင် စီမံခန့်ခွဲရေးဌာနမှနေ၍ ဘေဂျင်းမြို့ရှိ မြန်မာသံရုံးသို့ မြန်မာနိုင်ငံသား ဟုဆိုသူ အမျိုးသမီးနှစ်ဦး ဗိုင်း ရပ်စ် ကူးစက်ခံထားရသည်ဟု အသိပေးလာခြင်း ဖြစ်သည်။
ဘေဂျင်းမြို့ရှိ မြန်မာသံရုံးမှ တာဝန်ရှိသူတဦးက “ကိုးကန့်ဒေသနဲ့ နမ့်ခမ်းဘက်ကပါ။ နှစ်ယောက်လုံးက အမျိုးသမီးတွေပါ၊ နာမည်တွေက မာရှောက်ခန်၊ ရန်လျန်းရင်တို့ ဖြစ်နေတဲ့ အခါကျတော့ မြန်မာနာမည် ဟုတ် မဟုတ်တော့ စိစစ်နေဆဲပါ”ဧရာဝတီသို့ ပြော သည်။
အမျိုးသမီး နှစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံရသည့် ကိစ္စကို သံရုံး၏ မတ်လ ၅ ရက် ထုတ်ပြန်ချက်၌ မြန်မာနိုင်ငံသား ဟုဆိုသူ နှစ်ဦးဟု သုံးစွဲ ဖော်ပြထားပြီး ၎င်းတို့နှစ်ဦးသည် မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကိုမူ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ တင်ပြကာ၊ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန၏ အကူအညီဖြင့် စိစစ်နေဆဲ ဖြစ်ကြောင်း သိရသည်။
“ယခင် အတွေ့အကြုံတွေအရ တခါတလေမှာ ဖမ်းဆီးထိန်းသိမ်းခံရတာ ဆိုပြီး ကျနော်တို့ဆီကို ပို့လိုက်တာတွေ ရှိပါတယ်။ အဲဒီအခါမှာ ကျနော်တို့က ပြန်လည် စိစစ်ရပါတယ်။ အဲဒီလို စိစစ်တဲ့နေရာမှာ မြန်မာနိုင်ငံသား မဟုတ်တာတွေလည်း ရှိပါ တယ်။ လောလောဆယ်ကတော့ မြန်မာနိုင်ငံသားဟုဆိုသူ ဆိုပြီး သုံးနှုန်းထားတာ ဖြစ်ပါတယ်” ဟု မြန်မာသံရုံး တာဝန်ရှိ သူက ပြောပြသည်။
အမျိုးသမီး နှစ်ဦးသည် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနှင့် သယ်ယူ ပို့ဆောင်ရေး ပြစ်မှုတို့ကို ကျူးလွန်ခဲ့သဖြင့် ဟူပေ ပြည်နယ် အကျဉ်းထောင်၌ ပြစ်ဒဏ် ကျခံနေရသူများလည်း ဖြစ်ကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
ဟူပေပြည်နယ် အကျဉ်းထောင် စီမံခန့်ခွဲရေး ဌာနသည် သက်ဆိုင်ရာ တရားဥပဒေ သတ်မှတ်ချက်များ၊ နိုင်ငံတကာ စာ ချုပ် သတ်မှတ်ချက်များနှင့်အညီ အမျိုးသမီးနှစ်ဦးကို စနစ်တကျ ဂရုစိုက်ကာ Mobile Cabin ဆေးရုံတွင် ထိန်းသိမ်း ထားကြောင်း ယင်းထုတ်ပြန်ချက်၌ ပါရှိသည်။
အမျိုးသမီးနှစ်ဦးကို ခွဲခြားဆက်ဆံခြင်း မရှိဘဲ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးထားပြီး ရောဂါကြောင့် ပေါ်ပေါက်သည့် ကြောက်ရွံ့ ပူပန်စိတ်များကိုလည်း လျှော့ချပေးထားကြောင်း မြန်မာသံရုံးထံမှ သိရသည်။
အမျိုးသမီးနှစ်ဦး၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ မြန်မာသံရုံးက ဟူပေပြည်နယ် အကျဉ်းထောင် စီမံခန့်ခွဲရေး ဌာနထံ မကြာခဏ ဆက်သွယ် မေးမြန်းနေကြောင်း၊ အမျိုးသမီးနှစ်ဦးနှင့် တိုက်ရိုက် ဖုန်းပြောခွင့် မရကြောင်း မြန်မာသံရုံး တာဝန်ရှိသူက ပြောသည်။
တရုတ်နိုင်ငံရှိ အကျဉ်းစခန်းများတွင် တရားမဝင် မှောင်ခို ပစ္စည်းများ သယ်ဆောင် ရောင်းဝယ်မှုဖြင့် အမှုရင်ဆိုင်နေသူ မြန်မာသဘောၤသား စုစုပေါင်း ၆၃ ဦးလည်း ရှိနေပြီး ၎င်းတို့သည် ကျန်းမာရေး ကောင်းမွန်ကြောင်း မြန်မာသံရုံး ဘေဂျင်းက ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံတွင် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၀၅၆၅ ဦး ရှိနေပြီး သေဆုံးသူ ၃၀၂၁ ဦး ရှိနေကြောင်း တရုတ်နိုင်ငံ အမျိုးသား ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်သည့် အချက်အလက်များ အရ သိရသည်။
You may also like these stories:
တရုတ်၌ ဖမ်းဆီးခံထားရသော မြန်မာသင်္ဘောသားများ ပြန်လွှတ်ပေးရေး အစိုးရတောင်းဆို