ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ် မွတ်ဆလင် ကျေးရွာအနီးရှိ လယ်ကွင်းတွင် ယနေ့နံနက်က ပေါက်ကွဲမှု ဖြစ်ပွားရာ ၁၃ နှစ်အရွယ် အမျိုးသားငယ် ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ မတ်လ ၆ ရက် နံနက် ၈ နာရီဝန်းကျင်က ပေါင်းတုတ် မွတ်ဆလင်ကျေးရွာ ဒေသခံ ကလေး ၅ ဦးမှာ ရွာအနီး လယ်ကွင်းများတွင် နွားကျောင်းရန် သွားရောက်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ မွတ်ဆလင် လူမျိုး အသက် ၁၃ နှစ်အရွယ် မောင်ပုချေ မှာ နေရာတွင် သေဆုံးသွားခဲ့ပြီး ပေါက်ကွဲမှု အသေးစိတ်ကို မသိရှိကြောင်း ကာယကံရှင် မိသားစုဝင်များနှင့် ပေါင်းတုတ် မွတ်ဆလင် ကျေးရွာသားများက ဆိုကြသည်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိခဲ့သူ ကလေးငယ် ၄ ဦးထဲတွင် ခန္ဓာကိုယ်အနှံ့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သော အသက် ၁၂ နှစ်အရွယ် မောင်အဒူချရှု၏ ဖခင် ဦးဟာမတ်ဟူဆောင်းက “ကျနော့်သား အပါအဝင် ကလေး ၅ ယောက် ဒီနေ့ မနက်မှာ အတူတူ နွားကျောင်းသွားတာ။ နွားတွေက ရှေ့က သွားတယ်။ လူက နောက်က ပါတယ်။ အဲဒီမှာ လယ်ကွင်းထဲက ပေါက်ကွဲတာလို့ ပြောတယ်။ ဘယ်လို ဖြစ်တာလည်း ဆိုတာ မသိဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် မောင်အဒူချရှုအား မြောက်ဦးမြို့နယ်ရှိ မြောင်းဘွေ ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကျန် ၃ ဦးမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိသဖြင့် ရွာ၌ ဆေးကုသကြကြောင်း သိရသည်။
“ ကလေးတွေ ဗုံးသီးကစားလို့ ပေါက်တာတော့ မဟုတ်ဘူး။ သူတို့ ပြောတာတော့ သွားနေရင်း လယ်ကွင်းထဲက ပေါက်တာလို့ ပြောတယ်။ ရှေ့က နွားတွေ နင်းမိပြီး ပေါက်သွားတာလားဆိုတာ ကျနော့်သား မေးကြည့်တော့လည်း သူလည်း မသိဘူးလို့ ပြောတယ်” ဟု ၎င်းက ရှင်းပြသည်။
မြောက်ဦးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကလည်း “ကျနော်ကြားတာက အဲဒီမှာ တိုက်ပွဲ ဒီနေ့ တိုက်ပွဲ ဖြစ်တာတော့ မရှိဘူး။ စစ်ကျန် လက်နက်တွေ ပေါက်ကွဲမှုဖြစ်လို့ ဆယ်ကျော်သက် အရွယ် ကလေး ၁ ဦး သေဆုံးပြီးတော့ ၄ ဦး ဒဏ်ရာ ရတယ်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၉ ရက်နေ့က အဆိုပါ ပေါင်းတုတ်ကျေးရွာနှင့် ၃ မိုင်ခန့်အကွာ မြောင်းဘွေကျေးရွာအနီး တပ်မတော်နှင့် AA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ရခိုင်တိုင်းရင်းသား ၅ ဦးနှင့် မွတ်ဆလင်ကျေးရွာသား ၆ ဦး စုစုပေါင်း ၁၁ ဦး သေဆုံးကာ ၁၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ဆက်စပ်လင့်-
မွတ်စလင် လူငယ်တဦး မြောက်ဦးတွင် အသတ်ခံရ
ရခိုင်တွင် အရပ်သားများ မိုင်းနင်းမိသည့်ကိစ္စ တပ်မတော်နှင့် AA ငြင်းဆို
တာဝန်ခံမှု ကင်းမဲ့နေသော ရခိုင်တိုက်ပွဲအတွင်း ကလေးငယ်များ သေဆုံးဒဏ်ရာရနေကြသည်