ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန်ရှိ Myanmar Royal Apollo အထည်ချုပ်စက်ရုံတွင် တရုတ်နိုင်ငံသား အလုပ်ရှင်က လခမပေးဘဲ ထွက်ပြေးသွားသည့် အတွက် အလုပ်သမား ၄၆၀ ကျော် အခက်တွေ့နေရကြောင်း အလုပ်သမားများထံမှ သိရသည်။
မစ္စတာလီ အမည်ရှိ တရုတ်နိုင်ငံသား အလုပ်ရှင်သည် အလုပ်သမားများအား လစာရှင်းပေးရမည့် မတ်လ ၅ ရက်နေ့ မတိုင်မီ ညကတည်းက ထွက်ပြေးသွားကြောင်း၊ ယနေ့အထိ လစာကို မည်သို့ ရရှိမည်ကို မသိရကြောင်း၊ အလုပ်သမား များ အနေဖြင့် နေထိုင်ရာ အဆောင်ခများပေးရန်နှင့် စားရေးသောက်ရေးအတွက် အခက်တွေ့နေရကြောင်း အဆိုပါ စက်ရုံမှ အလုပ်သမား မခင်ပပဝင်းက ပြောသည်။
အလုပ်သမား ဖြစ်သူ မခင်ပပဝေက “ကိုယ် ၁ လလုံး လုပ်ခဲ့တဲ့ လုပ်ခလစာကိစ္စနဲ့ လူတိုင်းရဲ့ ရင်ထဲမှာ အပူမီးတွေ တောက်နေတယ်။ ရမယ်၊ မရဘူး ဆိုတာကိုလည်း ဘယ်သူကမှ အာမမခံနိုင်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ကျမတို့ ကိုယ်လုပ်ခဲ့တဲ့ လုပ်အားခကို မျှော်လင့်လို့ မရဘူး ဖြစ်နေတယ်။ နိုင်ငံတော်ဘက်ကတော့ ဒီဟာကို လေလံတင် ရောင်းချပြီး ပေးမယ်လို့တော့ ပြောတာပဲ” ဟု ပြောပြသည်။
၎င်းက “အခုဆို ဒီမှာ အဆောင်နေကြတဲ့ မိန်းကလေးတွေ အများကြီး။ သူတို့ဆို အခု ဒီလိုဖြစ်သွားလို့ တချို့ကတော့ အဆောင်ပိုင်ရှင်တွေကို တောင်းပန်ပြီး နေလို့ရသေးတယ်။ တချို့က နေလို့ မရတော့လို့ နီးစပ်ရာ သူငယ်ချင်း အဆောင်တွေ၊ ဆွေမျိုးသားချင်းတွေနဲ့ သွားပြီး နေကြရတယ်။ နောက်ထပ်စက်ရုံမှာ အလုပ်မရခင် ဘယ်လို စားရမယ်ဆိုတာ တော်တော်လေး အခက်တွေ့ရတယ်” ဟု ရှင်းပြသည်။
ရွှေပြည်သာမြို့နယ်၊ အလုပ်ရှင်နှင့် အလုပ်သမား စစ်ဆေးရေး ဦးစီးဌာနကမူ အဆိုပါ ထွက်ပြေးသွားသည့် တရုတ် နိုင်ငံသား လုပ်ငန်းရှင်ကို လတ်တလော အရေးယူရန် မရသေးကြောင်း ဌာန ဦးစီးအရာရှိ ဦးဇော်ဇော်လတ်က ပြောသည်။
အဆိုပါ စက်ရုံ၏ ရာဇဝင်ကို စစ်ဆေးသည့်အခါ လက်ရှိ လုပ်ကိုင်နေသူသည် တရုတ်နိုင်ငံသား ဖြစ်သော်လည်း စက်ရုံ အမည်ပေါက်ဖြစ်သူမှာ ဦးအောင်ကျော်မင်း ဆိုသည့် မြန်မာနိုင်ငံသား ဖြစ်နေကြောင်း၊ အဆိုပါ အမည်ပေါက်သူ၏ ဖုန်းနှင့် လိပ်စာ အတိုင်း ဆက်သွယ်ရာတွင် ဆက်သွယ်၍ မရသေးကြောင်း၊ တရုတ်နိုင်ငံသားက လိမ်လည်ပြီး မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ကိုင်နေသည့် ပုံစံမျိုး ဖြစ်နေကြောင်း သူက ပြောသည်။
ဦးဇော်ဇော်လတ်က “အခုဆို တာဝန်ရှိတာက ထွက်ပြေးသွားတဲ့ တရုတ်နိုင်ငံသားအပြင် စက်ရုံအမည်ပေါက်တဲ့ မြန်မာ နိုင်ငံသားလည်း ပါတယ်။ အဲဒီတော့ ဒီလုပ်ခလစာတွေကို သူက ရှင်းပေးဖို့ လိုတယ်။ ကျနော်တို့ ဆက်သွယ်တာ မရရင် တရားရုံးမှာ တရားစွဲမယ်။ အမိန့်တခုခုတော့ ကျမှာပဲ။ သူပိုင်တဲ့ ပစ္စည်းတွေကို ချိတ်ပိတ်ပြီး ဘုတ်အဖွဲ့ ဖွဲ့ကာ ထုခွဲ ရောင်းချကာ အလုပ်သမားတွေရဲ့ လစာတွေ၊ နစ်နာကြေးတွေကို ဖြေရှင်းပေးရမယ်” ဟု ရှင်းပြသည်။
၎င်းက “ဥပဒေအတိုင်းကတော့ ကျနော်တို့အနေနဲ့ သက်ဆိုင်ရာ အဆင့်ဆင့် လုပ်ထုံးလုပ်နည်းတွေအတိုင်း သွားရမှာပဲ။ အဲ့ဒီမှာ အထက်လူကြီးတွေက ဒီအလုပ်သမားတွေရဲ့ လုပ်ခလစာတွေ မြန်မြန်ရဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ သွားရမယ်လို့ ညွှန်ကြားရင်တော့ အဲဒီဟာကို ကျနော်တို့ ခပ်မြန်မြန် အကောင်အထည်ဖော်ပါ့မယ်” ဟု ပြောသည်။
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်ကလည်း လက်ရှိ အနေဖြင့် စက်ရုံအတွင်းရှိ ပစ္စည်းများ စာရင်းကောက်ခြင်း၊ ကြမ်းခင်းဈေး သတ်မှတ်ပြီး လေလံတင်ခြင်းများ ဆောင်ရွက် နေကြောင်း၊ မိမိတို့ လေလံတင်သည့်အခါတွင် အလုပ်သမားများကို ရှင်းပေးရမည့် လစာနှင့် နစ်နာမှုများကို တွက်ချက် နေကြောင်း ရှင်းပြသည်။
အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က “အခုချိန်မှာ လေလံတင်လို့ တခါထဲ ပြီးပြတ်မယ် မဟုတ် ဆိုတာတော့ မဟုတ် ပါဘူး။ လေလံတင်တာနဲ့ လေလံ ဆွဲကြမယ့်သူတွေ အများကြီးပါ။ ဘာ့ကြောင့်လဲဆိုတော့ ဈေးချိုချိုနဲ့ ရမှာကိုးဗျ။ ကျနော်တို့ကတော့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ လုပ်ရမှာပဲ။ ခပ်မြန်မြန်ဖြစ်အောင် တွန်းတိုက်တာတော့ လုပ်ရမှာပေါ့။ အလုပ်သမားတွေကို အဲဒီအချက်တွေလည်း ပြောပြထားပါတယ်” ဟု ဆိုသည်။
လက်ရှိ အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်မှာ လုပ်သားဦးရေ ၅ သိန်းကျော် အထိ ရှိပြီး တရုတ်အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယားအထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ်စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံရှိကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းမှ သိရသည်။
ယင်းစာရင်းမှာ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းသို့ စာရင်းဝင်ထားသည့် အရေအတွက် ဖြစ်ပြီး စာရင်းပြင်ပတွင် ရှိနေသည့် အထည်ချုပ် စက်ရုံများလည်းရှိကြောင်း အသင်း တာဝန်ရှိသူများက ပြောသည်။
ဆက်စပ်လင့်
ကုန်ကြမ်း ပြတ်လပ်မှုကြောင့် လုပ်ငန်းရပ်ရန် အထည်ချုပ်စက်ရုံ ၂၀ နီးပါး တင်ပြထား
တရုတ်မှ အထည်ကုန်ကြမ်း မဝင်တော့၍ အခြားနိုင်ငံများ တင်သွင်းရန် စီစဉ်နေ