ရန်ကုန် စတော့အိတ်ချိန်း၏ ၆ ခုမြောက် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာသော Ever Flow River(EFR) အများပိုင် ကုမ္ပဏီသည်နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် စတော့အိတ် ချိန်းသို့ ဝင်ရောက်ခြင်း ဖြစ်ကြောင်း EFR ၏ အမှုဆောင် အရာရှိချုပ် ဦးအောင်မင်းဟန်က ပြောသည်။
ယနေ့ ရန်ကုန်စတော့ အိတ်ချိန်း၌ ပြုလုပ်သော EFR ကုမ္ပဏီနှင့် ရန်ကုန်စတော့အိတ်ချိန်း(YSX) တို့ ပူးပေါင်း ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။
ဦးအောင်မင်းဟန် “ကျနော်တို့ Logistics (ဘက်စုံ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်း) အားကောင်းလာရင် နိုင်ငံ ရဲ့ စီးပွားရေးကို တနည်းတလမ်းနဲ့ အထောက်အကူ ပြုနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။
ဘက်စုံထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းများ အားကောင်းလာမှသာ နိုင်ငံ၏ သွင်းကုန်၊ ပို့ကုန် လုပ်ငန်းရှင်များ သည် အခြားနိုင်ငံမှ လုပ်ငန်းရှင်များနှင့် ဈေးကွက်အတွင်း ပိုမိုယှဉ်ပြိုင်လာနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆို သည်။
ထ့ိုပြင် ကုမ္ပဏီ၏ ရှယ်ယာများကို နိုင်ငံခြားသား ဝယ်ယူခွင့်နှင့် ပတ်သက်ပြီး ရန်ကုန်စတော့ အိတ်ချိန်းနှင့် ငွေ ချေး သက်သေခံ လက်မှတ်လုပ်ငန်းများ ကြီးကြပ်ရေး ကော်မရှင် (SECM) တို့၏ ထုတ်ပြန်မည့် အမိန့်ကြေညာ ချက်များအတိုင်း လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးအောင်မင်းဟန်က ဆိုသည်။
လက်ရှိ ကုမ္ပဏီ အက်ဥပဒေအရ မြန်မာကုမ္ပဏီများသည် ကုမ္ပဏီ စုစုပေါင်း ရှယ်ယာ၏ ၃၅ ရာခိုင်နှုန်းအထိ နိုင် ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို ရောင်းချခွင့် ရှိသည်။
EFR အများပိုင် ကုမ္ပဏီသည် ရန်ကုန်၊ မန္တလေး၊ ပုသိမ်၊ မူဆယ်၊ တမူးနှင့် မြဝတီမြို့တို့တွင် လိုအပ်သော သယ် ယူပို့ဆောင်ရေး အဆောက်အအုံ လုပ်ငန်းများကို နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အစီအစဉ်တကျ ရေးဆွဲပြီး အကောင်အထည်ဖော် လုပ်ဆောင်လျက် ရှိကြောင်း ကုမ္ပဏီက သိရသည်။
ရန်ကုန် စတော့အိတ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီအဖြစ် ရောက်ရှိနေပြီ ဖြစ်၍ ထိုစီမံကိန်းများကို အကောင်အ ထည်ဖော် လုပ်ဆောင်ရာ၌ အနာဂတ်တွင် လိုအပ်လာမည့် ငွေကြေးအရင်းအနှီးများကို ရန်ကုန် စတော့အိတ် ချိန်းမှ ရရှိလာရန် အတွက်လည်း ကုမ္ပဏီက ရည်ရွယ်ထားသည်။
EFR ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးကျော်လွင်ဦးက “EFR ရဲ့ အစုရှယ်ယာရှင်တွေ၊ ရင်းနှီးမြှုပ်နှံလိုသူတွေ အနေနဲ့ ဈေး ကွက်မှ တဆင့် အလွယ်တကူ အရောင်းအဝယ် ပြုလုပ်နိုင်တော့မှာ ဖြစ်သလို ကုမ္ပဏီအနေနဲ့လည်း လိုအပ်တဲ့ ငွေကြေး အရင်းအနှီးများကို ဈေးကွက်မှ တဆင့် ပွင့်လင်းမြင်သာမှုရှိစွာ ရရှိနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြော သည်။
EFR ကုမ္ပဏီ၏ ရှယ်ယာများကို လာမည့် မတ် ၂၀ ရက်၌ စတင် အရောင်းအဝယ် လုပ်ဆောင်သွားမည် ဖြစ်ပြီး ရှယ်ယာ ဈေးနှုန်းကို မတ်လ ၁၉ ရက်တွင် ကြေညာသွားမည် ဖြစ်သည်။
ရန်ကုန် စတော့အိတ်ချိန်း၏ အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးက “သူက စတော့အိတ်ချိန်းကို ဝင်လိုက်ပြီဖြစ်တဲ့အတွက် ဘက်စုံ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်း နယ်ပယ်မှာ အရှေ့ကနေပြေးမယ့် ကုမ္ပဏီ တခု ဖြစ်သွားပြီပေါ့။ သူတို့က စာရင်းကုမ္ပဏီ ဖြစ်သွားတဲ့အတွက် တခြားသော လုပ်ငန်းတူတွေနဲ့ ပူးပေါင်း လုပ် ဆောင်တာတွေ၊ တခြားကုမ္ပဏီ ဝယ်ယူတာတွေ အစရှိတဲ့ နည်းလမ်းမျိုးစုံ အခွင့်အလမ်းတွေ အများကြီး ရသွား နိုင်တယ်” ဟု ဆိုသည်။
နိုင်ငံ၏ ကုန်စည် စီးဆင်းမှု တခုလုံးကို (Supply Chain) ထောက်ပံ့ပေးနိုင်မည့် ကုမ္ပဏီဖြစ်ခြင်းကြောင့် ထို ကုမ္ပဏီ ဖွံ့ဖြိုးကြီးထွားလာခြင်းနှင့်အမျှ နိုင်ငံစီးပွားရေးကိုလည်း အထောက်အကူ ပြုလာနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ထိုကုမ္ပဏီသည် အကောင်ခွန် ရှင်းလင်းရေး လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး ရေး လုပ်ငန်းများ၊ ကုန်ပစ္စည်း သိုလှောင်ရုံ ဝန်ဆောင်မှု၊ ကုန်တွင်းဆိပ်ကမ်း ဝန်ဆောင်မှု ပင်လယ်ရေကြောင်း သယ်ယူ ပို့ဆောင်ရေး၊ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဂိတ် စီမံခန့်ခွဲမှု အစရှိသော ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန် ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိ မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီ တခု ဖြစ်သည်။
ရန်ကုန် စတော့အိတ်ချိန်း၏ ထုတ်ပြန်အရ EFR ကုမ္ပဏီသည် လက်ရှိ ထုတ်ဝေထားသော အစုရှယ်ယာပေါင်း ၁၉၉၇၇၂၂၃ စု ရှိကြောင်း၊၂၀၁၈ ခုနှစ်တွင် ကုမ္ပဏီ၏ ဝင်ငွေအနေဖြင့် ကျပ် ၄.၈ ဘီလီယံနှင့် ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၀ ဘီလီယံအထိ ရှိခဲ့ပြီး အသားတင် အမြတ်ငွေအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၇ ထောင် ကျော်နှင့်၂၀၁၉ ခုနှစ်တွင် ကျပ်သိန်းပေါင်း ၁ သောင်းခွဲကျော် အထိ ရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရန်ကုန် စတော့အိတ်ချိန်း၌ FMI ကုမ္ပဏီ၊ မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပ ဏီ (MTSH) ၊ မြန်မာနိုင်ငံသားများဘဏ် (MCB) ၊ ပထမ ပုဂ္ဂလိကဘဏ် (FPB) နှင့် TMH တယ်လီကွန်း ကုမ္ပဏီတို့ စာရင်းဝင် ကုမ္ပဏီ အဖြစ် ရှယ်ယာများ အရောင်းအဝယ် လုပ်ဆောင်လျက် ရှိပြီး ယခုမတ်လအတွင်း ၌ နေ့စဉ် ရှယ်ယာ အရောင်းအဝယ်သည် ကျပ် သန်း ၇၀ ကျော်အထိ ရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
EFR ကုမ္ပဏီ ရန်ကုန်စတော့ အိတ်ချိန်းသို့ စာရင်းဝင်မည်