ကိုရိုနာဗိုင်းရပ်စ် ကြောင့် အမျိုးသမီးအရေး ဆောင်ရွက်နေကြ သည့် အမျိုးသမီးအဖွဲ့အစည်းများက မတ်လ ၈ရက်နေ့တွင် ကျရောက်မည့် International Women’s Dayအခမ်းအနားကို လူဦးရေအနည်းငယ်ဖြင့်သာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ပြင်းထန်သည့် အဆုတ်ရောင်ရောဂါဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့ နယ်မှ စတင် ကူးစက်ပြန့်ပွားလာရာ ယခုဆိုလျှင် နိုင်ငံပေါင်း ၉၀ကျော်အထိ ပျံနှံကူးစက်ခံနေရသည်။
မြစ်ကြီးနားမြို့ရှိ ထွယ်ဂျဲန်ဒါ အဖွဲ့၏ ဒါရိုက်တာ ဒေါ်နန်ပူက “ကျမတို့ နိုင်ငံတကာအမျိုးသမီးများနေ့ပွဲလုပ်ဖို့ အကြီးအကျယ် ပြင်ဆင်ထားပေမယ့် ကျမတို့ ကချင်ပြည်နယ်က တရုတ်နိုင်ငံနဲ့ နီးစပ်တဲ့အတွက် မကျင်းပဖြစ်တော့ဘူး။ လူအရမ်း များလာ ရင် အန္တရာယ်ရှိတယ် ဆိုပြီးတော့မှ လူ ၂၀နဲ့ ၃၀ကြား ဖိတ်ကြားပြီး မြစ်ကြီးနားနဲ့ ဗန်းမော်မှာလုပ်ဖို့ စီစဉ်ထား တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထွယ်ဂျဲန်ဒါအနေဖြင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ကို ၂၀၁၂ခုနစ်မှ စတင်၍ နှစ်စဉ်နှစ်တိုင်း လူပေါင်း တထောင်ကျော် ဖိတ်ကြားကာ ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့သည်။
ထိုသို့နှစ်စဉ် ကျင်းပရခြင်းက ရိုးရာအရ အမျိုးသမီးများကို နှိမ့်ချခြင်း၊ ကျား၊ မအပေါ်တန်ဖိုးထားမှုစသည့် အခွင့်အရေးများ ကို ကချင်ဒေသတွင် ရှိသည့် ပဋိပက္ခဒဏ်ခံစားနေရသော အမျိုးသမီးများက ပိုမိုခံစားရခြင်း ကြောင့် ကချင်ဒေသတွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးနေ့ကို ကျင်းပသင့်သည်ဟု ၎င်းက ထောက်ပြခဲ့သည်။
ထို့ကြောင့် ထွယ်ဂျဲန်ဒါအနေဖြင့် မြစ်ကြီးနားမြို့ပေါ်က ရိုးရာယဉ်ကျေးမှုနှင့် သက်ဆိုင်သော ကချင်ရိုးရာ၊ ရှမ်းရိုးရာစသည့် ခေါင်းဆောင် လူကြီး အမျိုးသားများ၊ ဘာသာရေးသင်းအုပ်ဆရာများကို ခေါ်ယူကာ နိုင်ငံအမျိုးသမီးများနေ့ ဖြစ်ပေါ်လာ ပုံနှင့် ကချင်ရိုးရာအရ ကျား၊ မအပေါ်တန်ဖိုးထားမှုအကြောင်းကို ဟောပြောမည်ဟု သိရသည်။
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLBမှ အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲကလည်း အပြည်ပြည် အမျိုးသမီးနေ့ အခမ်းအနားကို အင်းလျားလိတ်ဟိုတယ်တွင် လူအကန့်အသတ်ဖြင့်သာ ဖိတ်ကြားထားပြီး ပွဲလာသူများကို ကျန်းမာရေးစစ် ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။
မြန်မာနိုင်ငံမှ နောက်ခံသမိုင်းကြောင်း မတူကွဲပြားသည့် တိုင်းရင်းသူ အမျိုးသမီးအဖွဲ့ ၁၃ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် WLB သည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့အခမ်းအနားကို ၁၉၉၁ ခုနစ်ကတည်း က နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရသည်။
နော်ဆဲဆဲက “မတူကွဲပြားတဲ့ လူထုအသိုင်းအဝိုင်းက အကုန်လုံးပါ လာနိုင်အောင် မသန်စွမ်းတွေကိုလည်း ကျမတို့ ဖိတ်ဖို့ လျာထားတယ်။ဒါပေမယ့် ဖိတ်ဖြစ်လား မဖိတ်ဖြစ်လား မသိဘူး။ အကန့်အသတ်တွေရှိတော့လေ” ဟု ပြောသည်။
ထားဝယ်အမျိုးသမီးသမဂ္ဂမှ အထွေထွေအတွင်းရေးမှူး မယ်းနုနုလှိုင်ကလည်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီး နေ့ အခမ်း အနားကို မနှစ်က မြိတ်မြို့ပေါ်တွင် ပြုလုပ်ခဲ့သော်လည်း ယခုနှစ်တွင် ထားဝယ်ခရိုင်ရှိ လောင်းလုံ၊ သရက်ချောင်း တို့တွင် ပြုလုပ်မည်ဟု သိရသည်။
“ဒီနှစ်မှာတော့ ကျမတို့က မြို့နယ်တွေကို အဓိကထားတယ်။ ထူးတာက လောလောဆယ်မှာ ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဘားအံဘက်မှာဆိုရင် ပွဲမလုပ်ရတာတွေရှိတယ်။ ကျမတို့အနေနဲ့ကတော့ အစိုးရ ဌာနဆိုင်ရာမပါပဲ ပြည်သူ့အားနဲ့ လုပ်မှာဖြစ်တယ်။ ဒါကလည်း အစိုးရအပြောင်းအလဲကြောင့်ပါ” ဟု ၎င်းက ဆိုသည်။
International Women’s Day ကို ၁၉၁၁ ခုနှစ်မှ စတင်၍ ကမ္ဘာနှင့် အဝှမ်းကျင်းပခဲ့သည်။ နှစ်စဉ်နှစ်တိုင်း မတ်လ (၈) ရက်နေ့ကို နိုင်ငံတကာအမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ကျင်းပခဲ့ပြီး ၂၀၂၀ခုနစ်အတွက် နိုင်ငံတကာအမျိုးသမီးများနေ့ ၏ ဆောင်ပုဒ်က “Each for Equal” ဖြစ်သည်။
You may also like these stories:
အိမ်ထောင်ဖက်အမျိုးသမီး၏ ငွေကြေးနှင့်ပစ္စည်းများကို ထိန်းချုပ်ပါက စီးပွားရေးအကြမ်းဖက်မှုမြောက်