ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရေငန်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်း ကျေးရွာအနီးရှိ ကုန်းသာမြစ် အတွင်း မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ကူးတို့စက်လှေ တိမ်းမှောက်ခဲ့သဖြင့် လူ ၃ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ ပျောက်ဆုံး နေကြောင်း သတင်းရရှိသည်။
ရေငန်အုပ်စု၊ ဘုရားကြီးကုန်းကျေးရွာဆိပ်ကမ်းအမှတ် ၂ မှ အနောက်ဘက်ကမ်း ကြွက်နွယ်ချောင်းကျေးရွာသို့ ကူးတို့စက်လှေဖြင့် ကူးဖြတ်စဉ် စက်လှေ၏ ခံနိုင်ဝန်အားထက် စက်လှေပေါ်ပါ လူဦးရေက ပိုများနေသည့်အတွက် လှေ၏ဦးပိုင်းမှ ရေများဝင်ရောက်ကာ ယမန်နေ့ နံနက် ၁၀ နာရီခန့်က ကုန်းသာမြစ်အတွင်း စက်လှေ နစ်မြုပ်သွား ခဲ့ရာမှ အမျိုးသမီးကြီး ၂ ဦးနှင့် ကလေး ၃ ဦးမှာ မြစ်ထဲတွင် နစ်မြုပ်ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
“သူတို့က မင်္ဂလာဆောင်လာတာ။ စက်လှေကသေးပြီးတော့ လှေပေါ် လိုက်ပါလာသူများတော့ စက်လှေ ခံနိုင်ဝန်နဲ့ လူအင်အားမမျှဖြစ်ပြီး မြုပ်သွားတာပါ။ စက်လှေမြုပ်တော့ အနီးနားက ဝိုင်းဆယ်ကြလို့ အများစုက ဆယ်လို့ရပေမယ့် လူ ၅ ယောက် ကတော့ ပျောက်သွားတယ်။ မနေ့က ဝိုင်းရှာကြတော့ ညနေပိုင်းမှာ ၃ ဦးကို သေဆုံးလျှက် ပြန်တွေ့ ပါတယ်”ဟု မြောင်းမြမြို့နယ်၊ ဒုအုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်က ဧရာဝတီကို ပြောသည်။
ကုန်းသာမြစ်အတွင်း ပျောက်ဆုံးခဲ့သူများအား မြောင်းမြမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ရှာဖွေခဲ့ရာ ယမန်နေ့ညနေပိုင်းတွင် အမျိုးသမီးကြီး ၂ ဦးနှင့် အမျိုးသမီးငယ် ၁ ဦးတို့ကို သေဆုံးလျှက် ပြန်တွေ့ခဲ့ပြီး ကျန်ကလေးငယ် (ယောက်ျားလေး) ၂ ဦးမှာ မြစ်အတွင်း ပျောက်ဆုံးနေသဖြင့် ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူ များနှင့် မိသားစုဝင်များ ပူးပေါင်းရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
ကူးတို့စက်လှေနစ်မြုပ်မှုကြောင့် အသက် ၄၀ အရွယ် ဒေါ်နန့်ငယ်ငယ်၊ အသက် ၄၉ နှစ်အရွယ် ဒေါ်သင်းသင်းသွယ်နှင့် အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသူ မနန့်ချောကလျာတို့ ရေနစ် သေဆုံးခဲ့ပြီး မြစ်အတွင်း ပျောက်ဆုံးနေသူ ၂ ဦးမှာ ဒေါ်နန့်ငယ်ငယ်၏သားဖြစ်သူ အသက် ၄ နှစ်အရွယ် မောင်လင်းထက်ကျော်နှင့် အသက် ၈ နှစ်အရွယ် မောင်သူရအောင်တို့ ဖြစ်ကြောင်း မြောင်းမြမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
“မနေ့ကညနေပိုင်းက ရှာတွေ့တဲ့အလောင်း ၃ လောင်းကိုတော့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ မြောင်းမြ ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြပါတယ်။ ပျောက်နေဆဲ ကလေး ၂ ယောက်ကိုတော့ မနေ့က ညနေပိုင်းရော၊ ဒီနေ့ရော အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ မိသားစုဝင်တွေ ဆက်ရှာနေကြတယ်။ အခုထိတော့ မတွေ့သေးဘူး”ဟု ဒေသခံ ကိုဘိုဘိုက ပြောပြသည်။
ကူးတို့စက်လှေတိမ်းမှောက်မှုနှင့်ပတ်သက်ပြီး စက်လှေမောင်းသူ မန်းသာအေး (ခ) မန်းစပေါ် (အသက် ၆၈ နှစ်) ကို မြောင်းမြမြို့မရဲစခန်းတွင် ပြစ်မှုနံပါတ် ၂၀၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။
ဆက်စပ်လင့်
၄ဦးသေဆုံးခဲ့ရသည့် ငါးဖမ်းစက်လှေ အတိုက်ခံရမှု ကျောက်ဖြူရဲ စုံစမ်းနေ