ရှမ်းပြည်နယ်မြောက်ပိုင်း ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်ခရိုင်ရှိ နမ့်တစ်မြို့အနီး မြန်မာ-တရုတ်နယ်စပ် ရေနယ်နိမိတ်နှစ်ခုတွင် တရုတ်တို့ဘက်က မြစ်ထိန်းနံရံများ တည်ဆောက်နေသည့် အတွက် နယ်နိမိတ်အခြေအနေသိရှိရန် မတ်လအစောပိုင်းက မြန်မာအစိုးရ အရာရှိများ သွားရောက်လေ့လာခဲ့ကြသည်ဟု သိရသည်။
နယ်စပ်မျဉ်းရှိ မြစ်ချောင်းနှစ်ခုတွင် တရုတ်တို့တည်ဆောက်သည့် မြေထိန်းနံရံကြောင့် မြန်မာဘက်ခြမ်းကမ်းပါးတွင် ရေတိုက်စား မြေပြိုမှု ဖြစ်မည် ကိုမြန်မာဘက်က စိုးရိမ်သည်။ ထိုချောင်းများသည် သံလွင်မြစ်အတွင်းသို့ စီးဝင်သော မြစ်လက်တက် ချောင်းလက်တက်များလည်း ဖြစ်သည်။
ထို မြစ်ကမ်းပါးတိုက်စားမှုရှိမရှိ လေ့လာရန်နှင့် အဖြေရှာရန် နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA) လက်အောက်ရှိ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံ ဦးဆောင်သော အရာရှိများ သွားရောက် လေ့လာခဲ့သည်ဟု MOFA က ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြချက်အရ နယ်ခြားနယ်နိမိတ်မှတ်တိုင် ၁၄၅(၁) အနီး နမ့်တိန်ချောင်းအတွင်းသို့ တရုတ်ဘက်မှ ကျောက်တုံးကြီးများ ချ၍ တိုးချဲ့မြေဖို့ကာ မြေထိန်းနံရံတည်ဆောက်ခြင်း၊ လမ်းဖောက်လုပ်ခြင်းများ ပြုလုပ်နေသည်ဟု ပါရှိသည်။ ထို့အပြင် နယ်ခြားမှတ်တိုင် ၁၅၈(၁) အနီး နမ့်ကွန်ချောင်းနှင့် နမ့်အစ် ချောင်းတို့တွင်လည်း တရုတ်ဘက်က မြေထိန်းနံရံ တည်ဆောက်နေသည်ဟု ဆိုသည်။
နယ်ခြားမှတ်တိုင်နှစ်ခုစလုံးမှာ ၀ အထူးဒေသ ၂ (ခေါ်) ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ နမ့်တစ် မြို့တွင် ရှိပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)/ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။
အဆိုပါ ဒေသသို့ ဖေဖော်ဝါရီ ၂၉ မှ မတ်လ ၄ ရက်အထိ ကွင်းဆင်းလေ့လာခဲ့သည့် ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဋ္ဌာနလက်အောက်ရှိ နယ်နိမိတ်ဋ္ဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းမင်းထွန်းက အောက်ခြေ အခြေအနေကို မျက်မြင်သိရှိနိုင်ရန် နေပြည်တော်မှ အရာရှိများကိုယ်တိုင် ကွင်းဆင်းလေ့လာခဲ့ခြင်း ဖြစ်သည်ဟု ဧရာဝတီ သတင်းဌာနသို့ မတ်လ ၆ ရက်က ပြောဆိုသည်။
“(နယ်စပ်မျဉ်းတွင် ရေနယ်နိမိတ်များပါ ပါဝင်သည့်အတွက်) သူတို့ဘက်က လုပ်တဲ့အခြေအနေတွေကို ကျနော်တို့သွားကြည့်တာ။ ကိုယ့်ဘက်ကို ဘယ်လိုဖြစ်မလဲ။ မြစ်ကြောင်းဆို ကိုယ့်ဘက်ကို ရေတိုက်စားမှုဖြစ်နိုင်လား။ ဘာတွေ ဘယ်လိုမျိုး ကိုယ်ကလုပ်မလဲ။ ဒါတွေ ကျနော်တို့ ကြည့်ပီးတော့ ဘယ်လိုလုပ်မလဲဆိုတာဆုံးဖြတ်ဖို့ ကျနော်တို့သွားတာပါ။” ဟု ၎င်းကပြောသည်။
မြန်မာနှင့်တရုတ်နိုင်ငံသည် ကီလိုမီတာပေါင်း ၂,၂၀၀ ကျော် (မိုင်ပေါင်း ၁၃၀၀ ကျော်) နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး မြန်မာနိုင်ငံ၏ မြောက်ဖက်နှင့် အရှေ့မြောက်ဖက်ရှိ ကုန်းနယ်နိမိတ်ရော ရေလမ်းကြောင်းနယ်နိမိတ်ပါ ပါဝင်သည်။
အဆိုပါနယ်နိမိတ် ပြသနာကို ဖြေရှင်းရန် မြန်မာဘက်က မည်သို့ဆောင်ရွက်မည်ကို ဦးသိန်းမင်းထွန်းက အသေးစိတ် မပြောခဲ့ပေ။
၎င်းတို့ လေ့လာတွေ့ရှိချက်များကို အခြေခံကာ ဆောင်ရွက်ဆဲ ဖြေရှင်းနည်းယန္တရား (mechanism) များဖြင့် ဖြေရှင်းသွားမည်ဟုသာ ၎င်းက ဆိုသည်။
“နိုင်ငံတိုင်းမှာ နယ်နိမိတ်ပြဿနာ ရှိနေတာပဲ။ ပြည်သူတွေကတော့ နယ်နိမိတ် ဘယ်နေရာရှိတယ်ဆိုတာ သူတို့မသိကြဘူး။ မသိတော့ တိုးဆောက်တာတွေရှိတယ်။ ဒါကတော့ ဒီ နှစ်နိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာပါပဲ။” ဟုလည်း ဆိုသည်။
ဒေသန္တရအဆင့်တွင် ပုံမှန်ဆွေးနွေးမှုများ ရှိသကဲ့သို့ နိုင်ငံအချင်းချင်း (state-to-state) အဆင့်တွင် နယ်နိမိတ်နှင့် ပတ်သက်သည့် အစည်းအဝေးများတွင် ဆွေးနွေးခြင်းမျိုး ရှိပြီး၊ လိုအပ်ပါကလည်း သံတမန်ပိုင်းအရ ပြောဆိုဆွေးနွေးမှုများ လုပ်ဆောင်သည်ဟု ဆိုသည်။
ယခင်နှစ်များက နယ်နိမိတ်မှတ်တိုင် ၁၄၄(၃) နှင့် ၁၄၄(၄) အကြားတွင် တရုတ်နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက မြန်မာအလံကို ဖျက်ဆီးခဲ့သည့် နေရာများသို့လည်း တာဝန်ရှိသူများ သွားရောက်ကာ အခြေအနေကို အကဲဖြတ်ခဲ့ကြောင်းလည်း နယ်နိမိတ်ဋ္ဌာနခွဲညွှန်ကြားရေးမှူးက ပြောသည်။
ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာနမှ အရာရှိများသည် ကိုးကန့်က်ိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့လည်းသွားရောက်ခဲ့ပြီး နယ်နိမိတ်မှတ်တိုင်များ ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ကိုးကန့်ဒေသတွင် တည်ဆောက်ရန် စီစဉ်ထားသည့် နယ်စပ်ကုန်သွယ်ရေးဇုန်ကိစ္စလည်း ဆွေးနွေးခဲ့ကြသည်။
ယမန်နှစ် စက်တင်ဘာလက မြန်မာ-တရုတ် နယ်နိမိတ်တွင် တတိယအကြိမ်မြောက် ပူးတွဲစစ်ဆေးခြင်းကို ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာအစိုးရက ကြေညာခဲ့သည်။
မြန်မာနှင့်တရုတ်နိုင်ငံသည် နယ်နိမိတ်ဆိုင်ရာသဘောတူညီချက်ကို ၁၉၆၁ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံ နယ်စပ်မျဉ်းသတ်မှတ်ခြင်းများကို ငါးနှစ်တကြိမ် ပူးတွဲစစ်ဆေးရန် သဘောတူထားခဲ့သော်လည်း လက်တွေ့တွင် မလုပ်ဆောင်နိုင်ခဲ့ပေ။ ၁၉၈၄-၈၆ ခုနှစ်တွင်တကြိမ်၊ ၁၉၉၂-၉၅ ခုနှစ်တွင် တကြိမ်သာ ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားနယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများသည် ၂၀၀၈ ခုနှစ်ကတည်းက တစစ ပြန်ဖြစ်လာသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ရွှေလီမြစ်နှင့် ရေနယ်နိမိတ်ထိစပ်သည့် မူဆယ်မြို့ ပန်ဆိုင်းကြူကုတ်အနီး ရွာတရွာတွင် နယ်နိမိတ်မှတ်တိုင်ကို တရုတ်ဘက်က မြန်မာဘက်သို့ မီတာ ၃၀ ခန့် ပြောင်းရွှေ့စိုက်သည့်အတွက် အငြင်းပွားခဲ့သည်။ ဒေသခံများက ဒေသန္တရအာဏာပိုင်များထံ တိုင်ကြားပြီး ဒေသအာဏာပိုင်များလာရောက်ဖြေရှင်းမှသာ တရုတ်တို့ဘက်က ခြံစည်းရိုးကို ပြန်လည် ဖြုတ်ယူသွားခဲ့ခြင်း ဖြစ်သည်။
( Nyein Nyein ၏ China’s Retention Walls in Wa Region Prompt Visit by Myanmar Border Officials ကို ဘာသာပြန်သည်။)
You may also like these stories:
“ဝ” ဒေသသို့ ဒေါ်အောင်ဆန်းစုကြည် လာလည်ရန် UWSP ထပ်မံဖိတ်ခေါ်
စစ်ဘက်သုံး ရဟတ်ယာဉ် မဟုတ်ဟု UWSA ပြော
ကရင်တွင် လမ်းဖောက်လုပ်ရေးကိစ္စ တပ်မတော်နှင့် KNU တို့ကြား သဘောတူညီမှု မရ