လွန်ခဲ့သည့်နှစ်ကုန်က တရုတ်နိုင်ငံမှ အစပြုခဲ့သည့် ကိုရိုနာဗိုင်းရပ်ကြောင့် ကမ္ဘာတဝန်း ကူးစက်ခံရသူ ၁၀၉၂၇၀ ရှိကာ ၃၈၁၆ ကျော် သေဆုံးချိန် ဘင်္ဂလားဒေ့ရှ်ကလည်း ၎င်း၏နိုင်ငံတွင်လည်း ကိုရိုနာဗိုင်းရပ်ကူးခံထားရကြောင်း အတည်ပြုလိုက်သည်။
အသက် ၂၀နှင့် ၃၅ နှစ်အတွင်းရှိ အမျိုးသား၂ ဦးနှင့် အမျိုးသမီး ၁ ဦး စစ်ဆေးစမ်းသပ်ရာမှ ဗိုင်းရပ်ကူးစက်ခံထားရကြောင်း ကူးစက်ရောဂါပျံ့ပွားမှုနှင့် ကာကွယ်မှုဆိုင်ရာပညာ၊ ရောဂါထိန်းချုပ်ရေးနှင့် သုတေသနဋ္ဌာန (IEDCR) ညွှန်ကြားရေးမှူး မီယာဂျာဒီဆာဘရီးနားဖလိုရာက စနေနေ့တွင် ပြောကြားခဲ့သည်။
ယင်းကူးစက်ခံရသူ ၃ ဦးထဲမှ ၂ ဦးမှာ မကြာသေးခင်က အီတလီမှ ပြန်လာကြသူများဖြစ်သည်ဟု အစိုးရ၏ ရောဂါထိန်းချုပ်ရေးအေဂျင်စီက ပြောသည်။ ကျန်တဦးမှာ ပြန်လာသူတဦး၏ ဆွေမျိုးဖြစ်ပြီး ပြန်လာသူ ၂ ဦးမှာ ဆွေမျိုးတော်စပ်မှု မရှိပေ။ ” သူတို့အားလုံးရဲ့အခြေအနေက တည်ငြိမ်မှုရှိပြီး ဆေးရုံမှာ ကုသမှုခံယူနေပါတယ်” ဟု ဖလိုရာက ပြောသည်။
၎င်းတို့အား ရောဂါရှာဖွေတွေ့ရှိမှုကို စနေနေ့က အတည်ပြုခဲ့သည်ဟု သူမကပြောသည်။ ထို့အပြင် ၎င်းတို့ထဲမှ ၂ ဦးမှာ နိုင်ငံသို့ ပြန်ရောက်ချိန်တွင် ဗိုင်းရပ်ကူးစက်ခံရသည့် လက္ခဏာများပြသခဲ့ပြီး အရေးပေါ် ၎င်းတို့၏ နမူနာများကို စစ်ဆေးစမ်းသပ်ရန် ပေးပို့ခဲ့ပြီး ရလဒ်က ကူးစက်ခံထားရသည်ဟု သူမကပြောသည်။ ကူးစက်ခံရသူများနှင့် ထိတွေ့ဆက်ဆံခဲ့သူ အခြားလေးဦးကိုလည်း နောက်ပ်ိုင်းတွင် စမ်းသပ်စစ်ဆေးခဲ့သည်ဟု IEDCR ညွှန်ကြားရေးမှူးက ပြောသည်။
“သူတို့ထဲက တဦးကတော့ ကူးစက်ခံခဲ့ရပြီး ကျန်သူတွေကတော့ ကူးစက်မခံရပါဘူး” သူမကပြောသည်။ “အဲဒီ ကျန်လူတွေကိုလည်း ကြိုတင်ကာကွယ်တဲ့အနေနဲ့ သီးသန့်ထားပါတယ်”ဟု ၎င်းကဆိုသည်။ ကူးစက်ခံရသူ ၃ ဦးထဲမှ တဦးမှာ အပူချိန်မြင့်မားနေပြီး ဦးမှာ ချောင်းဆိုးနေကာ နောက်တဦးမှာ အဖျားရော၊ ချောင်းဆိုးမှုရော ရှိနေသည်ဟု သူမက ပြောသည်။ “သူတို့က အထူးကုသမှုတော့ မလိုပါဘူး”ဟုလည်း သူမကပြောသည်။
“ဒီလူနာတွေနဲ့ ဆက်ဆံတဲ့သူတွေကို ကျမတို့ ခြေရာခံထားပါတယ်။ ကျမတို့ သူတို့နဲ့ အဆက်အသွယ်လုပ်နေပါတယ်။ သူတို့အတွက် အထူးအရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့လိုတယ်လို့တော့ ကျမတို့ မထင်ပါဘူး” ဟုသူမကပြောသည်။
IEDCR သည် ၎င်း၏အရေးပေါ်ဖုန်းလိုင်းသို့ Covid-19 ကူးစက်ခံရသည့် သံသယလူနာနှင့် ပတ်သက်ပြီး ဖုန်းဆက်အစီရင်ခံသည့် ဖုန်းကောလ် ၁၅၆ ခုကို လက်ခံရရှိပြီးနောက် တနင်္ဂနွေနေ့အထိ ကူးစက်ခံရသည့်လူနာသုံးဦးအပါအဝင် လူပေါင်း ၁၁၆ ဦးကို IEDCR က စစ်ဆေးစမ်းသပ်ခဲ့သည်။ ၎င်းဋ္ဌာနသည် ဘင်္ဂလားဒေ့ရှ်တွင် ယင်းဗိုင်းရပ်စစ်ဆေးနိုင်သည့် တခုတည်းသောနေရာဖြစ်သည်။
ပြည်ပတွင်ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်လူမျိုး ၇ ဦး ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရကြောင်း အစောပိုင်းက စမ်းသပ်တွေ့ရှိခဲ့ပြီး ၎င်းတို့မှာ စင်ကာပူတွင် ငါးဦး၊ အီတလီနှင့် ယူအေအီးတွင် တဦးစီဖြစ်သည်။ အီတလီ၏ ကိုရိုနာဗိုင်းရပ်ဖြစ်ပွားမှုမှာ ဥရောပတွင် အဆိုးဝါးဆုံးဖြစ်ပြီး ကူးစက်ခံရသူမှာ ၅၈၀၀ ကျော်ရှိကာ ၂၃၃ ဦးသေဆုံးပြီးဖြစ်သည်။
ယင်းဗိုင်းရပ်ကြောင့်ဖြစ်သည့် Covid-19 ရောဂါမှာ တောင်အာရှရှိနိုင်ငံများကိုလည်း ထိခိုက်နေပြီဖြစ်သည်။ အိန္ဒိယ၊ ပါကစ္စတန်နှင့် နီပေါတို့တွင် ကူးစက်မှုများဖြစ်ပြီးနောက် မော်လ်ဒိုက်နိုင်ငံကလည်း ပထမဆုံး ကူးစက်လူနာ ၂ ဦးရှိနေပြီဖြစ်ကြောင်း စနေနေ့က အတည်ပြုခဲ့သည်။
နှိုဗယ်ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်၍ သိပ်ပြီးစိတ်မပူကြရန် တနင်္ဂနွေနေ့အစောပိုင်းက ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက တောင်းဆိုလိုက်ပြီး ကာကွယ်တားဆီးရေးအတွက် အစိုးရ၏ ကျန်းမာရေးညွှန်ကြားချက်များကို လိုက်နာကြရန်လည်း နိုင်ငံသားများကို တောင်းဆိုခဲ့သည်။
“ကိုရိုနာဗိုင်းရပ်က ကမ္ဘာလုံးဆိုင်ရာပြသနာတခုဖြစ်လာနေပြီဖြစ်ပါတယ်။ ဒီဗိုင်းရပ်က နိုင်ငံအများအပြားရဲ့ စီးပွားရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်နေပါတယ်။ ကျမတို့လည်း အခြေအနေကို စောင့်ကြည့်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် တကိုယ်ရေသန့်ရှင်းမှုကို လုပ်ဆောင်ဖို့တော့ အားလုံးကို ကျမမေတ္တာရပ်ခံပါတယ်”ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ဗိုင်းရပ်မှာ တစ်နိုင်ငံလုံးကို ပျံ့နှံ့နိုင်သည်အထိ အခြေအနေက မဆိုးဝါးသေးသည့်အတွက် အထိတ်တလန့်မဖြစ်ရန်လည်း ဖလိုရာက အားလုံးကို တိုက်တွန်းခဲ့သည်။
“အခုချိန်မှာ ကျောင်းတွေ၊ကောလိပ်တွေပိတ်ဖို့ မလိုသေးပါဘူး”ဟု သူမကပြောသည်။
ချောင်းဆိုးသည့်အခါလိုက်နာရမည့်ကျင့်ဝတ်များကို စောင့်ထိန်းကြရန်လည်း ညွှန်ကြားရေးမှူးက ထပ်မံပြောကြားခဲ့သည်။ “ဟိုဟိုဒီဒီ တံတွေးထွေးတာတွေကို ကျေးဇူးပြုပြီး ရပ်တန့်ကြပါ။ လက်ဆွဲနုတ်ဆက်တာတွေ၊ ပွေ့ဖက်တာတွေလည်း ရှောင်ကြပါ”ဟု သူမကပြောသည်။
အပူချိန်စစ်ဆေးမှုတွင် ကိုရိုနာဗိုင်းရပ်လက္ခဏာ တစုံတရာပြသပါက ခြောက်နိုင်ငံမှ ခရီးသွားများကို သီးခြားခွဲထားမည်ဖြစ်သည်။ ၎င်းခြောက်နိုင်ငံမှာ တရုတ်၊ အီတလီ၊ တောင်ကိုရီးယား၊ အီရန်နှင့် ထိုင်းတို့ဖြစ်ပြီး သံသယလူနာများကို Kuwait Bangladesh Friendship Government Hospital တွင်ထားမည်ဟု သိရသည်။ အဆိုပါခြောက်နိုင်ငံမှ ပြန်လာသူများအနေဖြင့် ၁၄ ရက်ကြာသည်အထိ မိမ်ိဘာသာသီးသန့်နေရန်လည်း တိုက်တွန်းထားသည်။
ကိုးကား။ ။ bdnews24.com
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်မှာနှစ်စဉ်ကျင်းပတဲ့ ချယ်ရီပန်းပွဲတော်ကို ဖျက်သိမ်း
စင်ကာပူနိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ရေးပစ္စည်းများ မြန်မာနိုင်ငံကို လှူဒါန်း
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ လူနာ ထက်ဝက်ကျော် ကျန်းမာရေး ပြန်ကောင်းလာ