အာဏာရ NLD ပါတီအနေဖြင့် လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း များရွေးချယ် ရာတွင် မြို့မိ၊မြို့ဖများထောက်ခံမှုဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဒေါက်တာ မေဝင်းမြင့် က “မြို့မိ၊ မြို့ဖ ဆိုတာက ကျမတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီ ခရီးကြမ်းကို ဖြတ်သန်းခဲ့ကြတဲ့နေရာမှာ အတူပါဝင်ခဲ့ကြ၊ အားပေး ဝန်းရံခဲ့ကြပြီး ယခုအခါမှာလည်း အဖွဲ့ချုပ်ကို ဝန်းရံတဲ့ သူတွေကို မြို့မိ၊ မြို့ဖလို့ သတ်မှတ်ထားပါတယ်” ဟု ပြောသည်။
ပျဉ်းမနားမြို့ရှိ မင်္ဂလာဗျူဟာ သာသနာ့ဗိမ္မာန်၌ မတ်လ ၉ ရက်နေ့က နေပြည်တော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေး ပါတီဝင်များတွေ့ဆုံပွဲတွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရန် လာမည့် ဧပြီလကုန်တွင် စတင် ဆောင်ရွက်မည် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အရည်အချင်းနှင့် ကိုက်ညီသည့် မူဘောင်အတိုင်းရွေးချယ် စီစစ်ရန် စာထွက်ရှိမည် ဖြစ်ကြောင်း NLD ပါတီ ကိုယ်စားလှယ် များ၏ ပြောပြချက် အရ သိရသည်။
ပြည်သူများ၏ ထောက်ခံမှုကို မရဘဲ ပြည်သူ့အတွက် အလုပ် လုပ်ပေး၍မရကြောင်း၊ ထို့ကြောင့် ပြည်သူများ၏ ထောက် ခံမှု စဉ်ဆက်မပြတ် ရရှိရန်လိုအပ်ကြောင်း၊ ကိုယ်စားလှယ်များ၊ အစိုးရ အဖွဲ့ဝင်များ အနေဖြင့်လည်း ပြည်သူများအပေါ် တာဝန်ကျေပွန်ရန် လိုအပ်ကြောင်း ဒေါက်တာမေဝင်းမြင့်က တိုက်တွန်းခဲ့သည်
NLD ပါတီ အနေဖြင့် ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးမှ ပါတီဝင်များနှင့် တွေ့ဆုံပွဲတွင် NLD အစိုးရတက်လာပြီး နောက် ပိုင်း အစိုးရတရပ် နေဖြင့်ဆောင်ရွက်ပြီးစီးခဲ့သည့် အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ပါတီ အောင်နိုင်ရေးလုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်ဟု သိရသည်။
ယခုကဲ့သို့ အခြေအနေမျိုးမှာ NLD ပါတီ အနေဖြင့် အမှားမခံရန် အရေးကြီးကြောင်းနှင့် လုပ်ငန်းစဉ်များ ၁ ကနေပြန်မစရန် အတွက် အလွန်အရေးကြီးသည့် အချိန်ဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ဒီမိုကရေစီ အခြေခိုင်မာ တည်ဆောက်ရန် နိုင်ငံ တော်၏ ငြိမ်းချမ်းရေး တည်ဆောက်ပေးရန် ကြိုးစားကြရန်လိုအပ်ကြောင်း ဒေါက်တာ မေဝင်းမြင့်က တိုက်တွန်းသည်။
ထိုသို့ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများကို လာမည့် ဧပြီလ အကုန်တွင် ရွေးချယ်သွားမည်ဖြစ်ပြီး ယခုကဲ့သို့ တွေ့ဆုံ မှုမျိုးကို ရွေးကောက်ပွဲ မတိုင်ခင် မကြာခဏ ပြုလုပ်သွားမည်ဟုလည်း အစည်းအဝေးဆုံးဖြတ်ချက်တွင် ပါရှိကြောင်း ဒက္ခိ ဏ သီရိမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက ဆိုသည်။
ယင်းအစည်းအဝေးတွင် တက်ရောက်သူလည်း ဖြစ်သူ ဦးသန့်ဇင်ထွန်း က “ဒီမှာဆိုရင် ကိုယ့်မဲဆန္ဒနယ်မြေနဲ့ ပတ်သတ်ပြီး တော့ လုပ်ပေးသင့်တဲ့ ကိစ္စတွေကို အကြံပေးတိုက်တွန်းခဲ့တယ်။ အပြန်အလှန်ဆွေးနွေးကြတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကာလတွင် မဲဆွယ် စည်းရုံးကာလတွင် NLD ပါတီ အနေဖြင့် နိုင်ငံအတွင်းရှိ မတရား သဖြင့် သိမ်းဆည်းခံ တောင်သူ များအား အစိုးရတရပ် ဖွဲ့နိုင်ခဲ့ပါက ပြန်လည် စီစစ်ပေးသွားမည် ဟုဆိုကာ မဲဆွယ် စည်းရုံး မှုများ ပြုလုပ်ခဲ့သည်။
သို့သော်လည်း NLD အစိုးရ သက်တမ်း ၄ နှစ်ကျော်တွင် သိမ်းဆည်းခံ တောင်သူများလက်ထဲ သို့ လယ်ယာမြေများ ပြန်လည်ပေးအပ်ခဲ့သည့် ဖြစ်ရပ်များလည်း ရှိသကဲ့သို့ မူလပိုင်ရှင်တောင်သူများထံသို့ ပြန်လည် ပေးအပ်နိုင်ခြင်း မရှိသည့် လယ်ယာမြေများလည်း ကျန်ရှိနေကြောင်း ဒေါက်တာ မေဝင်းမြင့်က ဆိုသည်။
လာမည့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ အတွက် ပြည်သူက ရွေးချယ်သည့် ကိုယ်စားလှယ်၊ ပြည်သူ က တာဝန် ပေးအပ်သည့် အစိုးရ၊ ပြည်သူ့ ဝန်ထမ်းဖို့ ဆက်လက် ကြိုးပမ်းအားထုတ်ရန် လိုအပ်ကြောင်း ဒေါက်တာ မေဝင်းမြင့် က ဆိုသည်။
You may also like these stories:
နေပြည်တော် NLD ရုံးခွဲ ဖွင့်ရန် ကျပ်သိန်း ၂၀၀၀ ကျော် မြေ ဝယ်ထား ဟုဆို
NLD ပါတီဝင် အချင်းချင်း တိုင်ကြားမှုများလာဟု ဒေါက်တာ ဇော်မြင့်မောင် ပြော