ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရေငန်ကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာအနီးရှိ ကုန်းသာမြစ် အတွင်း မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ကူးတို့စက်လှေတိမ်းမှောက်ရာတွင် ပျောက်ဆုံးနေသည့် ကလေးငယ် ၂ ဦးအား သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။
ခရီးသည် ၃၀ ဦးမှာ မတ်လ ၇ ရက်နေ့ နံနက်ပိုင်းက ရေငန်အုပ်စု၊ ဘုရားကြီးကုန်းကျေးရွာဆိပ်ကမ်းအမှတ်
၂ မှ အနောက်ဘက်ကမ်း ကြွက်နွယ်ချောင်းကျေးရွာသို့ ကူးတို့စက်လှေဖြင့်ကူးဖြတ်စဉ် စက်လှေ၏ခံနိုင်ဝန် အားထက် စက်လှေပေါ်ပါ လူဦးရေက ပိုများနေသည့် အတွက် လှေ၏ဦးပိုင်းမှ ရေများဝင်ရောက်ကာ နံနက် ၁၀ နာရီခန့်တွင် ကုန်းသာမြစ်အတွင်း စက်လှေ နစ်မြုပ်သွားခဲ့ရာ အမျိုးသမီးကြီး ၂ ဦးနှင့် ကလေး ၃ ဦးမှာ မြစ်ထဲတွင် နစ်မြုပ်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ကုန်းသာမြစ်အတွင်း ပျောက်ဆုံးခဲ့သူများအား မြောင်းမြမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ရှာဖွေခဲ့ရာ မတ်လ ၇ ရက်နေ့ ညနေပိုင်းတွင် အမျိုးသမီးကြီး ၂ ဦးနှင့် အမျိုးသမီးငယ် ၁ ဦးတို့ကို သေဆုံးလျှက် ပြန်တွေ့ခဲ့ကြောင်း မြောင်းမြမြို့နယ်၊ အုပ်ချုပ်ရေးရုံးထံမှ သိရသည်။
ပျောက်ဆေုံးနေသူ ကလေးငယ် (ယောက်ျားလေး) ၂ ဦးကို ဆက်လက်ရှာဖွေခဲ့ရာ အသက် ၄ နှစ်အရွယ် မောင်လင်းထက်ကျော်ကို မတ်လ ၈ ရက်နေ့ ညနေပိုင်းတွင် လည်းကောင်း၊ အသက် ၈ နှစ်အရွယ် မောင်သူရအောင်အား မတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင်လည်းကောင်း မြစ်အတွင်းမှ သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြောင်းမြမြို့နယ်၊ ဒုအုပ်ချုပ်ရေးမှူး ဦးမျိုးခိုင်က “အသက် ၄ နှစ်အရွယ်ကလေးကို မနေ့ကညနေ ၆ နာရီလောက်က တွေ့ပါတယ်။ အသက် ၈ နှစ်အရွယ် ကလေးကို ဒီနေ့မနက် ၆ နာရီမှာ သေဆုံးလျှက်တွေ့ပါတယ်။ အလောင်းတွေကို မြောင်းမြမြို့ ပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ ဥပဒေအတိုင်း သေမှုသေခင်းဖွင့်လှစ်ပြီး ဆက်လက် စစ်ဆေးဆောင်ရွက်သွားမှာပါ” ဟု ဧရာဝတီကို ပြောသည်။
ကူးတို့စက်လှေနစ်မြုပ်မှုကြောင့် အသက် ၄၀ အရွယ် ဒေါ်နန့်ငယ်ငယ်နှင့် သားဖြစ်သူ အသက် ၄ နှစ်အရွယ် မောင်လင်းထက်ကျော်၊ အသက် ၄၉ နှစ်အရွယ် ဒေါ်သင်းသင်းသွယ်၊ အသက် ၁၃ နှစ်အရွယ် ၈ တန်း ကျောင်းသူ မနန့်ချောကလျာနှင့် အသက် ၈ နှစ်အရွယ် မောင်သူရအောင်တို့ ၅ ဦး သေဆုံးခဲ့ကြောင်း
မြောင်းမြမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ကူးတို့စက်လှေတိမ်းမှောက်မှုနှင့်ပတ်သတ်၍ စက်လှေမောင်းသူ မန်းသာအေး (ခ) မန်းစပေါ် (အသက် ၆၈ နှစ်) ကို မြောင်းမြမြို့မရဲစခန်းတွင် ပြစ်မှုနံပါတ် ၂၀၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
You may also like these stories:
စစ်ပွဲလက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် နမ့်ခမ်းတွင် ကလေးငယ်နှစ်ဦး သေဆုံး
ထောက်ကြန့် ယာဉ်တိုက်မှုတွင် ၆ ဦးသေ၍ ၁၇ ဦးဒဏ်ရာရ