Covid-19 ကိုဖြစ်စေသော ဗိုင်းရပ်စ်၏ ပျံ့နှံ့နိုင်မှုနှုန်းက အပူချိန်ပေါ်တွင် မူတည်နိုင်ကြောင်း လေ့လာမှုအသစ်တခု က ဖော်ပြခဲ့သော်လည်း သာမန် အအေးမိခြင်း သို့မဟုတ် တုပ်ကွေးရောဂါဖြစ်စေသော အခြားရောဂါပိုးများနည်းတူ ရာသီဥတု ပြောင်းလဲခြင်းကို လိုက်၍ တုန့်ပြန်မှု ရှိလိမ့်မည်ဟု ယူဆမိသည့် ထောင်ချောက်ကို ရှောင်ရှားသင့်သည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံ ပြည်နယ်၏မြို့တော် ကွမ်ကျိုးရှိ ဆွန်ယက်ဆင် တက္ကသိုလ်မှ အဖွဲ့တဖွဲ့က ရာသီဥတုနှင့် အပူချိန်ပြောင်းလဲခြင်းကြောင့် ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှု အပေါ် မည်သို့ အကျိုးသက်ရောက်နိုင်သည်ကို ဆုံးဖြတ်ရန် လေ့လာမှုတခု ပြုလုပ်ခဲ့သည်။
ပြီးခဲ့သည့်လက ထုတ်ဝေခဲ့သော်လည်း သက်ဆိုင်ရာ နယ်ပယ်အတွင်းမှ ပညာရှင်များ ကျယ်ကျယ် ပြန့်ပြန့် ပြန်လည်သုံးသပ်မှု မပြုရသေးသည့် အဆိုပါ အစီရင်ခံစာတွင် ဗိုင်းရပ်စ်၏ အပြုအမူတွင် အပူချိန်က အရေးပါသောအခန်း ကဏ္ဍမှ ပါဝင်နေကြောင်း ဖော်ပြခဲ့သည်။
“အပူချိန်က Covid-19 ပျံ့နှံ့မှုကို သိသိသာသာ ပြောင်းလဲသွားစေနိုင်ပါတယ်” ဟု ၎င်းအစီရင်ခံစာက ပြောကြားခဲ့သည်။ “ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှု အတွက် အကောင်းဆုံးဖြစ်တဲ့ အပူချိန်တခု ရှိကောင်းရှိနေနိုင်ပါတယ်။ ”
ဗိုင်းရပ်စ်က မြင့်မားသော အပူချိန်အပေါ် တုန့်ပြန်အာရုံခံနိုင်စွမ်း အလွန်မြင့်မားသောကြောင့် ပိုမို ပူနွေးသော နိုင်ငံများတွင် ဗိုင်းရပ်ပျံ့နှံ့ခြင်းကို တားဆီးပေးနိုင်င်္ပြီး ပိုမိုအေးမြသည့် ဒေသများတွင်မူ ဆန့်ကျင်ဖက် ဖြစ်ဖွယ်ရာ ရှိသည်ဟု လေ့လာမှုက ဆိုသည်။
ရလဒ်အနေဖြင့် အပူချိန်နိမ့်သည့် တိုင်းပြည်များနှင့် ဒေသများတွင် တင်းကြပ်သော ထိန်းချုပ်မှုများကို ချမှတ်သင့်ကြောင်း အကြံပြုခဲ့သည်။
နိုင်ငံ အစိုးရများနှင့် ကျန်းမာရေးအာဏာပိုင် အများအပြားက အအေးမိခြင်းနှင့် တုပ်ကွေးရောဂါဖြစ်စေသော အလားတူဗိုင်းရပ်စ်များကဲ့သို့ပင် ရာသီဥတု ပူနွေးလာသည်နှင့်အမျှ ကိုရိုနာဗိုင်းရပ်၏ ကူးစက်နိုင်မှု လျော့နည်းလိမ့်မည်ဟု များသောအားဖြင့် ယုံကြည်ထားကြသည်။
ဟားဗတ်တက္ကသိုလ်၏ T.H. Chan ပြည်သူ့ ကျန်းမာရေးကျောင်းမှ ကူးစက်ရောဂါ ပျံ့ပွားမှုနှင့် ကာကွယ် တားဆီးရေးဆိုင်ရာ ပညာရှင် Marc Lipsitch အပါအဝင် သုတေသီများ ပါဝင်သည့် အဖွဲ့တခု၏ သီးခြားလေ့လာမှုတခုကလည်း ကိုရိုနာဗိုင်းရပ်ကူးစက်မှု ဆက်လက်ဖြစ်ပွားခြင်းနှင့် ရောဂါကူးစက်မှု လျင်မြန်စွာ ကြီးထွားလာခြင်းတို့က စိုထိုင်းဆ အခြေအနေ အမျိုးမျိုး အပေါ်တွင် (တရုတ်နိုင်၏ အေး၍ ခြောက်သွေ့သော မြောက်ပိုင်း ပြည်နယ်များမှနေ၍ တိုင်းပြည်၏ တောင်ဘက်စွန်းရှိ ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် စင်ကာပူ ကဲ့သို့သော အပူပိုင်းဒေသများ အထိ) မူတည်နိုင်ဖွယ်ရှိကြောင်း တွေ့ရှိခဲ့သည်။
သို့သော် “ပြည်သူ့ကျန်းမာရေး ကြားဝင်ဆောင်ရွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ခြင်း မရှိပါက ကမ္ဘာ့ မြောက်ပိုင်းခြမ်းသို့ နွေဦးနှင့် နွေရာသီ ရောက်ရှိလာချိန် အပူချိန်နှင့် စိုထိုင်းဆ မြင့်တက်လာခြင်းကဲ့သို့သော ရာသီဥတုရှိလင့်ကစား ရောဂါဖြစ်ပွားမှု အရေအတွက် ကျဆင်းသွားနိုင်ဖွယ် မရှိ” အဆိုပါ လေ့လာမှုက ပြောသည်။ ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သည့် အဆိုပါ လေ့လာမှုသည်လည်း သိပ္ပံနည်းကျ ပြန်လည်သုံးသပ်မှုများကို စောင့်ဆိုင်းနေရဆဲဖြစ်သည်။
ကွမ်ကျိုးအဖွဲ့၏ လေ့လာမှုမှာ တရုတ်နိုင်ငံမှ မြို့ကြီးများနှင့်ဒေသ ၄၀၀ ကျော်အပါအဝင် ဇန်နဝါရီလ ၂၀ ရက်မှ ဖေဖော်ဝါရီလ ၄ ရက် ကြား ကမာ္ဘတဝန်းတွင် အတည်ပြုထားသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကို အခြေခံထားခြင်း ဖြစ်သည်။ ထိုအချက်များကို တရုတ်နိုင်ငံတလွှားနှင့် ရောဂါဖြစ်ပွားခဲ့သည့် မြို့တော်များအတွက် တရားဝင် ထုတ်ပြန်ခဲ့သည့် ဇန်နဝါရီလအတွက် တရားဝင် မိုးလေဝသ အချက်အလက်များနှင့် နှိုင်းယှဉ်လေ့လာကြည့်ခဲ့ခြင်း ဖြစ်သည်။
ရောဂါကူးစက်မှု အရေအတွက်သည် ပျမ်းမျှအပူချိန် ၈.၇၂ ဒီဂရီစင်တီဂရိတ်တွင် အမြင့်ဆုံးအထိ ရောက်ရှိခဲ့ပြီး နောက်တွင် ပြန်လည်ကျဆင်းခဲ့ကြောင်း လေ့လာဆန်းစစ်မှုတွင် ဖော်ပြခဲ့သည်။
“အပူချိန်ဟာ လူတွေရဲ့ နေထိုင်မှု ဝန်းကျင်အပေါ် သက်ရောက်မှု ရှိပါတယ်။ ရောဂါကူးစက်မှု တိုးပွားလာခြင်းနဲ့ ထိန်းချုပ်ရေးနဲ့ ပတ်သက်လာရင် ပြည်သူ့ကျန်းမာရေးမှာ အရေးပါတဲ့အခန်း ကဏ္ဍကနေ ပါဝင်နေနိုင်ပါတယ်” ဟု အဆို ပါ လေ့လာမှုက ပြောသည်။
ထို့ပြင် ဗိုင်းရပ်စ်ကို ပထမဆုံး စတင်တွေ့ ရှိခဲ့ရသည့် တရုတ်နိုင်ငံ အလယ်ပိုင်းမြို့ ဝူဟန်တွင် ဗိုင်းရပ်စ် ပေါ်ပေါက်ရသည့် အကြောင်းရင်းတွင် ရာသီဥတုက တစိတ်တပိုင်း ပါဝင်နေနိုင်သည်ဟုလည်း ပြောသည်။
ဘေရွတ်ရှိ အမေရိကန် တက္ကသိုလ်မှ ကူးစက်ရောဂါသုတေသနဌာန လက်ထောက်ဒါရိုက်တာ Hassan Zaraket ကဲ့သို့သော အခြားကျွမ်းကျင်သူများကလည်း အခြားသော ကူးစက်ရောဂါပိုးများတွင် တွေ့ရှိရသည့်အတိုင်း ပိုမိုပူနွေး၍ စိုစွတ်သော ရာသီဥတုက ကိုရိုနာဗိုင်းရပ်၏ ရှင်သန်နိုင်စွမ်းကို လျော့နည်းစေသဖြင့် ကူးစက်ပျံ့နှံ့မှု လျော့နည်းစေနိုင်ဖွယ်ရာ ရှိသည်ဟု ပြောကြားခဲ့ကြသည်။
“ ကျနော်တို့ ဒီဗိုင်းရပ်စ်အကြောင်းကို လေ့လာနေဆဲဖြစ်ပေမယ့် အခြားဗိုင်းရပ်တွေနဲ့ ပတ်သက်လို့ ကျနော်တို့ သိထားထာတွေကို အခြေခံပြီး ကျနော်တို့ မျှော်လင့်လို့ ရနိုင်ပါတယ်” ဟု သူကပြောသည်။
“အပူချိန်တွေ ပိုပူလာတာနဲ့အမျှ ဗိုင်းရပ်စ်ပိုးရဲ့ တည်ငြိမ်မှု လျော့နည်းသွားနိုင်ပါတယ်။ ရာသီဥတုက ရောဂါပိုး ကူးစက်နိုင်စွမ်းနဲ့ ဗိုင်းရပ်စ်ရဲ့ ရှင်သန်နိုင်မှုစွမ်းအားကို လျှော့ချဖို့ အထောက်အကူ ပေးမယ်ဆိုရင် ကူးစက် ပျံ့နှံ့မှုကွင်းဆက်ကို ကျနော်တို့ ချိုးဖျက်ကောင်း ချိုးဖျက်နိုင်ပါလိမ့်မယ်။ ”
သို့သော် ထိုသို့ ဖြစ်ခဲ့သည်ဆိုလျှင်ပင် Covid-19 က လူထုကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားမှု မတွေ့ရသေးသည့် ဒေသများတွင်သာ အကျိုးအမြတ် အများဆုံးဖြစ်လိမ့်မည်ဟု သူကပြောသည်။
ကမာ္ဘ့ကျန်းမာရေးအဖွဲ့(WHO) ၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အစီအစဉ်၏ အမှုဆောင်ဒါရိုက်တာ Mike Ryan ကမူ နွေရာသီတွင် ကူးစက်ရောဂါက အလိုအလျောက် ကျဆင်းသွားလိမ့်မည်ဟု မယူဆကြရန် ပြည်သူများကို တိုက်တွန်းခဲ့သည်။
“ဗိုင်းရပ်စ်က ပျံ့နှံ့နိုင်စွမ်း ဆက်ပြီးရှိနေလိမ့်မယ်လို့ ကျနော်တို့ ယူဆထားရပါမယ်” ဟု သူကပြောသည်။
” ဟုတ်တယ်၊ တုပ်ကွေးလို ပျောက်ကွယ်သွားလိမ့်မယ် လို့ပြောတာက မှားယွင်းတဲ့မျှော်လင့်ချက် ပေးတာပါပဲ၊ ကျနော်တို့ အဲဒီလို ယူဆလို့ မရနိုင်ပါဘူး။ သက်သေအထောက်အထားလည်း မရှိပါဘူး။”
(South China Morning Post ၏ သတင်း Hot weather could slow spread of virus ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
တစ်ရှူးလိပ်တွေ အထိတ်တလန့် ဝယ်ယူနေကြတာ ကိုရိုနာဗိုင်းရပ်နဲ့ ဘာဆိုင်သလဲ
ထိုင်းကို လာလည်မယ့် ခရီးသွားများ ကျန်းမာရေး ထောက်ခံချက် ပြရန် လိုအပ်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ အသွားအလာများ ပိတ်ပင်ကန့်သတ်