၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းကို ယနေ့မဲခွဲရာတွင် တပ်မတော်အား အာဏာလျော့ချသည့် ပြင်ဆင်ချက်ပုဒ်မများ ရှုံးနိမ့်ခဲ့ပြီး ပုဒ်မ ၂ ခုသာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော် ရရှိခဲ့သည်။
မဲခွဲရှုံးနိမ့်မှုကြောင့် အရေးပေါ်ကာလတွင် တပ်မတော်နှင့် ကာကွယ်ရေးဦးစီးချုပ်ကသာ ဆက်လက် ဦးဆောင်မည် ဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အားလုံး၏ အကြီးအကဲအဖြစ်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်ရှိ မည့်အပြင် လွှတ်တော် အသီးသီးတွင်လည်း တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဆက်လက်ရှိနေမည် ဖြစ်သည်။
ထူးခြားသည့် မဲရလဒ်အနေဖြင့် အရေးပေါ်ကာလအခြေအနေတွင် နိုင်ငံတော်အာဏာအား တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်က အခြေခံဥပဒေနှင့်အညီ ရယူပိုင်ခွင့်ပေးထားသည့်အချက်အား သမ္မတကသာ ပြည်ထောင်စု လွှတ်တော်၏ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော်အာဏာရယူဆောင်ရွက်ရန် ပုဒ်မ ၄၀(ဂ) ပြင်ဆင်ချက်အား ထောက်ခံမဲ ၃၄၃ မဲသာ ရရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ၃၈၀ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၄၀ ဦး၊ အခြားသောပါတီများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ် ၆၈ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ဦးရှိကြောင်း သိရသည်။
ပြင်ဆင်ရန် အနိုင်ရခဲ့သည့် ပုဒ်မ ၂ ခုသည် ဦးထွန်းထွန်းဟိန် တင်သွင်းခဲ့သည့် “အိုမင်းမစွမ်း” စာသားနေရာတွင် “သက်ကြီးရွယ်အို” အစားထိုးခြင်း၊ “မသန်မစွမ်း” စာသားနေရာတွင် “မသန်စွမ်း” အစားထိုးထားသည့် ပုဒ်မ ၃၂(က)နှင့် ၃၂(ခ) တို့ဖြစ်ပြီး ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းကျော်ရရှိခဲ့သည်။
ယနေ့အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသူ ကိုယ်စားလှယ် ၆၅၄ ဦးရှိသည့်အနက် ၆၃၃ ဦးသား တက်ရောက်ခဲ့ကာ မဲပေးခဲ့ကြခြင်းဖြစ်ပြီး ခွင့်ယူထားသူ ၂၁ ဦးရှိခဲ့သည်။ (မူလက ခွင့်အဖြစ် လွှတ်တော်က ခွင့်ပြုထားသူ ၈ ဦးနှင့် ယနေ့မှ ခွင့်ယူသူ ၁၃ ဦး)
ယနေ့တွင် ပုဒ်မ ၄၃၆(က)နှင့် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုအား ပြင်ဆင်ရန်(သို့) ပယ်ဖျက်ရန် မဲပေးခဲ့ကြ ခြင်းဖြစ်ပြီး ယင်းပုဒ်မများမှာ – ပုဒ်မ ၅၊ ပုဒ်မ ၆(ဃ)၊ ပုဒ်မ ၆(စ)၊ ပုဒ်မ ၇၊ ပုဒ်မ ၈၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၇(ခ)၊ ပုဒ်မ ၂၀(ဂ)၊ ပုဒ်မ ၂၆(က)၊ ပုဒ်မ ၃၂(က)၊ ပုဒ်မ ၃၂(ခ)၊ ပုဒ်မ ၃၉ ၊ ပုဒ်မ ၄၀(ခ)၊ ပုဒ်မ ၄၀(ဂ) တို့ဖြစ်သည်။
ယင်းပုဒ်များထဲမှ ပုဒ်မ ၅ ပြင်ဆင်ချက်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လွှတ်တော်ကိုယ်စား လှယ် ဦးစိုင်းသန်းနိုင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ကျန်ပုဒ်မ ၁၃ ခုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦး ထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
ပုဒ်မ ၄၃၆ (က)နှင့် အကျုံးဝင်သည့် ပုဒ်မများ ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရန် လိုအပ်သည့်အပြင် လူထုဆန္ဒခံယူပွဲကျင်းပကာ မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်က ထောက်ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး လွှတ်တော် အတွင်း မဲခွဲဆောင်ရွက်မှုအား မနက်ဖြန် မတ်လ ၁၁ ရက်နေ့တွင် ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
ယနေ့မဲခွဲခဲ့သည့် ပုဒ်မအလိုက် ရလဒ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
You may also like these stories:
လွှတ်တော်တွင်း ခြေဥပြင်ဆင်မှုအပေါ် အပစ်ရပ်လက်နက်ကိုင်အဖွဲ့များ၏ အမြင်များ
NLD ဖွဲ့စည်းပုံပြင်ဆင်ရေး ပြင်ဆင်ချက်အချို့ ကြံ့ခိုင်ရေးပါတီ ထောက်ခံ
ဖွဲ့စည်းပုံ ပြင်ဆင်ရေး မဲခွဲမှု စက်ခလုတ် မသုံးဘဲ လျှို့ဝှက်ဆန္ဒမဲ စနစ် သုံးမည်