ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပျော်ကျေးရွာအတွင်း မတ်လ ၉ ရက်နေ့ ညနေပိုင်းက ကျေးရွာ အတွင်းသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲသည့်အတွက် ရွာသား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် ၁၀ လုံး မီးလောင်ကျွမ်းသွားကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။
ဖားပျော်ကျေးရွာသား ဦးကြည်သာက “ မနေ့က ရာမောင်တံနားအနီးမှာ တိုက်ပွဲ ဖြစ်တာရှိတယ်။ အကြာကြီးတော့ မဟုတ်ဘူး။ အဲဒီမှာ ကျနော်တို့ရွာကို လက်နက်ကြီး ကျည်ဆန်တွေ လာကျပြီးတော့ လူ ၅ ဦးဒဏ်ရာရတယ်။ အိမ် ၁၀ လုံး မီးလောင်ပြီးတော့ နောက်ထပ် အိမ် ၂ လုံးလည်း ပျက်စီးသွားတာရှိတယ်။” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဒဏ်ရာ ရရှိသူများဖြစ်သည့် အသက် ၅၀ အရွယ် ဦးမောင်အေးတင်၊ အသက် ၄၀ အရွယ် ဒေါ်ယဉ်နုစိန်၊ အသက် ၂၀ အရွယ် မစံသာမြင့်၊ အသက် ၆၀ အရွယ် ဒေါ်မနုစိန်နှင့် အသက် ၁၂ နှစ်အရွယ် မောင်မောင်ချေ တို့မှာ မင်းပြား ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
ယမန်နေ့ ညနေပိုင်းက အဆိုပါ ဖားပျော်ကျေးရွာ အနီးဝန်းကျင် ရာမောင်တံတားအနီးတွင် တပ်စွဲထားသည့် တပ်မတော်စစ်ကြောင်းနှင့် ရက္ခိုင့်စစ်တပ် ( AA ) တို့ နှစ်ဖက် ပစ်ခတ်မှုတချို့ ရှိခဲ့ပြီးနောက် ထိုသို့ လက်နက်ကြီးများ ကျေးရွာအတွင်းသို့ ကျရောက်လာခြင်းဖြစ်ကြောင်း ဖားပျော်ကျေးရွာသားများက ပြောသည်။
ထိုသို့ ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာထဲသို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲသည့်အတွက် ယမန်နေ့ ညနေပိုင်းကတည်းက အိမ်ခြေ ၂၅၀၊ လူဦးရေ ၁၀၀၀ ကျော်ရှိသော ဖားပျော်ကျေးရွာသားများမှာ နီးစပ်ရာ အမ်းသာကျေးရွာ၊ သေကန် ကျေးရွာများသို့ ထွက်ပြေး ခိုလှုံခဲ့ရကြောင်းလည်း သိရသည်။
ဦးကြည်သာက “ ပစ်တာကတော့ တပ်မတော် စစ်ကြောင်းက ပစ်တာဗျ။ ကျနော်တို့ ဒီနေ့ မနက်ပိုင်းမှာ အိမ်တွေ မီးလောင်နေတာကို မီးငြိမ်းလို့ ရမယ်ဆိုရင်လည်း မီးငြိမ်းသတ်မယ်ဆိုပြီးတော့ သွားကြည့်တာရှိတယ်။ ရွာထဲမှာ တပ်မတော်သားတွေနဲ့တွေ့တယ်။ သူတို့က မင်းတို့ ရွာထဲက ပစ်လို့ ပြန်ပစ်တာလို့ ပြောတယ်။ ကျနော်တို့ကို ရွာမှာ နေမယ်ဆိုလည်းနေ၊ ပစ္စည်းတွေ သယ်မယ်ဆိုလည်း သယ်သွားကြလို့ ပြောတယ်” ဟု ရှင်းပြသည်။
AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ယမန်နေ့က မင်းပြားမြို့နယ် ဖားပြိုကျေးရွာနှင့် မီတာ ၂၀၀ ခန့် အကွာအဝေးတွင် တပ်မတော် စစ်ကြောင်းတခုကို AA အဖွဲ့က စနိုက်ပါဖြင့် ပစ်ခတ်မှု တချို့ ရှိခဲ့ပြီး အဆိုပါ ဖားပျော် ကျေးရွာနှင့် မည်သို့မျှ မဆိုင်ဘဲ တပ်မတော်က ရည်ရွယ်ချက် ရှိရှိ ပစ်ခတ်ခဲ့၍ နေအိမ်များ မီးလောင်ကျွမ်းခြင်းသာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းတို့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပါ။
ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်ကလည်း ကျောက်တော်မြို့နယ် လောင်းရှည် ကျေးရွာ၌ အသက် ၄၀ အရွယ် ဒေါ်သိန်းစိန်မှာ ရင်ဘတ်တွင် လက်နက်ငယ် ကျည်ဆန်ထိမှန်သည့်အတွက် သေဆုံးခဲ့သလို အသက် ၄၃ နှစ်အရွယ် ဦးမောင်တုန်ချေမှာလည်း ဒဏ်ရာများ ရရှိခဲ့သည်။
ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း အဆိုပါ မင်းပြားမြို့နယ် ဖားပျော်ကျေးရွာအနီးတွင် တပ်မတော်နှင့် AA တို့ နှစ်ဖက် ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဖားပျော်ကျေးရွာသား အသက် ၃၀ အရွယ် ကိုဌေးလှိုင်မှာ မသင်္ကာမှုဖြင့် တပ်မတော်သားများထံ ဖမ်းဆီး ရိုက်နှက်ခံခဲ့ရသည့် အတွက် စစ်တွေဆေးရုံတွင် အတွင်းလူနာ အဖြစ် တက်ရောက် ကုသမှုခံယူ နေရသည်။
ရခိုင်စစ်ပွဲကာလအတွင် လက်နက်ကြီး ၊ လက်နက်ငယ် ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အရပ်သား သေဆုံး ၊ ဒဏ်ရာရရှိမှု အရေအတွက်မှာလည်း စာရင်းမပြုစုနိုင်အောင် တနေ့ထက်၊ တနေ့ များပြားလာနေသလို အခြားတဖက်တွင် သံသယဖြင့် ဖမ်းဆီးချုပ်နှောင်ခံပြီး တရားရင်ဆိုင် နေရသည့် ရခိုင်အရပ်သား အရေအတွက်မှာ ၂၀၀ နီးပါးရှိနေသည်။
ရခိုင်ပြည်နယ်အတွင်း တစ်နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်သော တပ်တော်နှင့် AA အဖွဲ့တို့၏ တိုက်ပွဲကြောင့် စစ်ဘေးရှောင် အရေအတွက် သိန်းချီ ရှိလာသလို စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။
ဆက်စပ်လင့်
မြောက်ဦးတွင် ပေါက်ကွဲမှုဖြစ် ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
AA ခေါင်းဆောင်၏ ဇနီးနှင့် သားသမီးများ ဆွစ်ဇာလန်နိုင်ငံ ရောက်သွားပြီ
တရုတ်ပစ်မှတ် ဖြစ်လာသည့် ကရင်လက်နက်ကိုင် လှုပ်ရှားနယ်မြေများ