ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ အစီအစဉ် အဖြစ် မြေယာပိုင်ဆိုင်မှု မရှိသည့် ကျူးကျော်နေထိုင်သူများကို ပထမအသုတ်အဖြစ် နေအိမ်နေရာများ ချထားပေးနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်၊ လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီ အတွင်းရေး မှူး ဦးညီညီက ပြောသည်။
“အခု ကျနော့်မြို့နယ် တောင်ဒဂုံက အစိုးရမြေပေါ်မှာ အသေးစားငွေချေး လုပ်ငန်းတွေက တာဝန်ယူပြီး အိမ်ဆောက်ပေး တယ်။ ကျူးကျော်တွေ အတွက် နေရာချထားပေးတယ်။ အကုန်လုံးတော့ မဟုတ်သေးပါဘူး။ ပထမအဆင့် အနေဖြင့် ကျနော်တို့ နေရာချထား ပေးတာ။ ပထမ ကျူးကျော်စာရင်း ကောက်ပြီး စမတ်ကတ် ထုတ်ပေးတယ်။ နောက်တော့ အဲဒီထဲ က တကယ်မှန်၊ မမှန်ကို GPS အင်တာနက် မြေပုံတွေနဲ့ပါ စစ်တယ်။ ပြီးမှ နေရာချထားပေးတယ်” ဟုသူ ပြောသည်။
ပထမအဆင့်အနေဖြင့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ရွှေပေါက်ကံ၊ အရှေ့ဒဂုံမြို့သစ်၊ တောင်ဒဂုံ စသော မြို့နယ် ၆ ခုမှ ကျူးကျော် နေထိုင်သူများကို ယခင်က ကျူးကျော်စာရင်း ကောက်ယူထားပြီးသားသူများထဲမှ ဒုတိယအကြိမ် မြေယာ ပိုင်ဆိုင်မှု မရှိဆိုသည့် အချက် စိစစ်မှုများအပေါ် မူတည်ပြီး ၁ မြို့နယ်လျှင် နေအိမ် အလုံးရေ ၁ သောင်းနှုန်း ဆောက်လုပ် ကာ နေရာ ချထားပေးမည်ဟုလည်း သိရသည်။
ဦးညီညီက “ဒါပေမယ့် မြောက်ဒဂုံက ကျူးကျော်တွေကြတော့ မြောက်ဒဂုံမှာ မြေနေရာ အလွတ်တွေက မရှိတော့ဘူး။ အဲဒီအတွက် ဒဂုံအရှေ့တို့၊ ရွှေပေါက်ကံတို့၊ လှိုင်သာယာတို့မှာ အစိုးရပိုင်မြေတွေ ပြန်ရှာပြီး လုပ်ပေးရမှာပေါ့။ အဲဒီလို ဆောင်ရွက်တဲ့နေရာမှာ တကယ့်အခက်အခဲက မြေယာအခက်အခဲပဲ” ဟု ရှင်းပြသည်။
လက်ရှိတွင် တောင်ဒဂုံမြို့နယ် ကျီစုရွာအနီးတွင် အိမ်လုံးရေ ၁၂၀ ကို စတင် ဆောက်လုပ်ပေးထားပြီး အဆိုပါ မြေများ သည် အစိုးရ၏ စက်မှုဇုန်မြေများမှ ပြန်သိမ်းထားသည့် မြေများဖြစ်သည်။ ဆောက်လုပ်ပေးသော အိမ်များမှာ အိမ်အရှေ့ တံစက်မြိတ်အပါ အကျယ် ၂၂ ပေနှင့် အရှည် ၂၅ ပေရှိသည့် အိမ်များဖြစ်သည်။
အဆိုပါ နေအိမ်များကို ရရှိသူများအနေဖြင့် ၁ လလျှင် ကျပ် ၇၉၅ဝဝ နှုန်းဖြင့် သက်ဆိုင်ရာဌာနကို ပေးသွင်းသွား ရမည် ဖြစ်ပြီး ၆ နှစ်အထိ အရစ်ကျ ပေးသွင်းရမည်ဖြစ်ကြောင်း၊ လက်ရှိ ဆောက်လုပ်ပေးခဲ့သော နေအိမ်များ၏ တန်ဖိုးသည် ကျပ်သိန်း ၃ဝ တန်ဖိုးရှိ နေအိမ်များဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့နှင့် ချိတ်ဆက်ကာ လုပ်ငန်းဆောင်ရွက်ခဲ့သည့် ပျိုမေ့အိမ် လူမှုဖွံ့ဖြိုးရေးအဖွဲ့(အင်းစိန်)မှ ဒါရိုက်တာဖြစ်သူ ဗန်လီဇာအောင်က ပြောသည်။
ဒါရိုက်တာ ဗန်လီဇာအောင်က “ကျမတို့အနေနဲ့က အိမ်ဆောက်တာမှာ လုပ်ပေးတယ်။ မြေက အစိုးရက စိုက်တယ်။ အိမ်အတွက်ပဲ ချေးငွေအနေနဲ့လုပ်တာ။ လမ်းတို့၊ မီးတို့က အစိုးရဌာနဆိုင်ရာက လုပ်ပေးမှာ။ အဲဒီတော့ သူတို့က သူတို့အိမ်နဲ့ ပတ်သက်တဲ့ ဟာတွေကတော့ သူတို့ဘာသာ သူတို့ ဆက်လုပ်ရမှာပေါ့။ လက်တလောမှာတော့ ကျမတို့က အိမ်ကို ၁ လကျော်အတွင်း အပြီးဆောက်ပေးတယ်။ သူတို့ကလည်း ဟိုမှာ အိမ်ငှားစရိတ်ရှိနေ၊ ဒီမှာလည်း ငွေသွင်း နေရမယ် ဆိုတဲ့ အနေအထားမျိုးဆိုတော့ အခု မီးမရသေး၊ လမ်းတွေ မခင်းရသေးပေမယ့် အိမ်ပေါ်တက်နေကြတာပေါ့” ဟု ဆိုသည်။
မြေပိုင်ဆိုင်မှုကိုလည်း တဦးချင်း ပိုင်ဆိုင်မှုမပေးဘဲ အစုအဖွဲ့ပိုင်အနေဖြင့်သာ သတ်မှတ်ထားကြောင်း၊ ၎င်းတို့အဖွဲ့သည် လှိုင်သာယာမြို့နယ်တွင် ယခုလအတွင်း အိမ်ခြေ ၁ ထောင် ထပ်မံ အကောင်အထည်ဖော် သွားမည်ဟု သိရသည်။
တောင်ဒဂုံမြို့နယ် ကျီစုရွာအနီးတွင် နေအိမ် ရရှိခဲ့သူ ကျူးကျော် တဦးဖြစ်သည့် ဒေါ်ရီက “အခု ဘာပြောပြော နှစ် ၃ဝ နေခွင့်ရမယ် ဆိုရင်တောင် အပြင်မှာ အိမ်ငှားခနဲ့တွက်ရင် တန်ပါတယ်။ အရင်နေခဲ့တဲ့ ပတ်ဝန်းကျင် မဟုတ်တဲ့အတွက် အတိုင်းအတာ တခုအထိ အသားကျအောင်တော့ လုပ်ယူရဦးမှာပေါ့။ အခု မီးမရသေးဘူး။ လုပ်ပေးမယ်လို့တော့ ပြော တယ်။ ငွေထပ်ကုန်မလား၊ မကုန်မလားတော့ မသိရသေးဘူး။ မီးမရသေးတော့ အခု အများသုံးရေစင်မှာ ရေမောင်းဖို့က အားလုံး ကိုယ်ထူကိုယ်ထ လုပ်နေရတယ်” ဟု ဆိုသည်။
ကျီစုရွာနားရှိ နေရာချထားပေးသော ပထမအဆင့် နေအိမ်များ အနေဖြင့် မိမိတို့အစီအစဉ်ဖြင့် ကိုယ့်ခြံကိုယ်ဝန်း ခတ်ခွင့်ရှိ သော်လည်း တည်ဆောက်ရေးအပိုင်းတွင် အိမ်ဝိုင်းအားလုံးကို တပေါင်းတည်း ခြံစည်းရိုး ခတ်ထားသည်ကို တွေ့ရှိရသည်။ ထို့အပြင် အဆိုပါ မြေနေရာသည် လမ်းသတ်မှတ်ချက်များ ရှိသော်လည်း မီးမရရှိသေးခြင်း၊ အများသုံး ရေစက်ကို ကိုယ်ထူ ကိုယ်ထစနစ်ဖြင့် ရေတင်ကာ ဘုံ အသုံးပြုနေရသေးသည်ကိုလည်း တွေ့ရှိရသည်။
ယခု အသစ်ဆောက်ပေးသော အိမ်သည် ယခင်မိမိတို့ ကျူးကျော်ဘဝ နေထိုင်ခဲ့သည့် အိမ်များထက် ပိုမို ကောင်းမွန် သော်လည်း နောင်အနှစ် ၃ဝ နောက်ပိုင်း မည်သို့ ဆက်ဖြစ်မည်ဆိုသည်ကို တိတိကျကျ မသိရသေးဟု အဆိုပါနေရာသို့ ပြောင်းရွှေ့လာသည့် ကျူးကျော် တဦးဖြစ်သူ ကိုအကြီးကောင်(ခ) စိုးကြီးက ပြောသည်။
အိမ်ငှားနေထိုင်ရသည့် စရိတ်နှင့် တွက်ကြည့်လျှင် သက်သာသည့်နှုန်းထားများ ဖြစ်သည်ဟု ယူဆကြောင်း၊ လက်ရှိ နေထိုင်ရသော နေရာသည် သွားရေးလာရေးအတွက် အနည်းငယ် အလှမ်းဝေးသွားသည်ဟု ဆိုသော်လည်း လိုင်းကားများ ပေါက်ရောက်သည့်နေရာ ဖြစ်သည့်အတွက် အဆင်ပြေသည်ဟု ထိုနေရာသို့ ပြောင်းရွေ့လာသူ ကျူးကျော်များက ပြောသည်။
NLD အစိုးရ လက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေးသုတေသန စီမံကိန်းအဖြစ် ကျူးကျော်နေထိုင်သူများစာရင်း ကောက်ယူခြင်းနှင့် စမတ်ကတ်ထုတ်ပေးခြင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ကတည်းက စတင်ခဲ့ပြီး ရှေ့ပြေးစီမံချက် (Pilot Project) ပြုလုပ်ခဲ့သည့် တောင်ဒဂုံမြို့နယ်အပါအဝင် မြို့နယ်ပေါင်း ၃၇ မြို့နယ်တွင် စမတ်ကတ်များ ထုတ်ပေးခဲ့သည်။
စမတ်ကတ်ထုတ်ပေးခဲ့သည့် မြို့နယ်တိုင်းတွင် စီးပွားဖြစ်ကျူးပြဿနာများ၊ ထုတ်ယူပြီးသည့် ကျူး စမတ်ကတ်များကို တဆင့် ပြန်လည်ရောင်းချမှုများ၊ နှစ်ပေါင်းကြာရှည်စွာ နေထိုင်လာသည့်အတွက် ကျူးအဖြစ်လက်မခံဘဲ ကတ်ထုတ်ရန် ငြင်းဆန်မှုများ စသည်ဖြင့် မတူညီသော ပြဿနာပေါင်းစုံ ကြုံတွေ့ဖြေရှင်းခဲ့ရသည်ဟု သိရသည်။
ဆက်စပ်လင့်-
မန္တလေးတွင် လမ်းမြေပေါ် ကျူးကျော်နေထိုင်သူ ၃ ဦးကို ပုဒ်မ ၄ ခုဖြင့် အမှုဖွင့်
နေပြည်တော်ရှိ ကျူးကျော် ၉၀၀ ကျော် မြေနေရာ ရရှိရေး ဆောင်ရွက်ပေးမည်
ရန်ကုန်တိုင်းအစိုးရ၏ အိမ်ရာများ ကျူးကျော်များအတွက် မထိရောက်