သတင်း

ဝူဟန်သို့ ရှီကျင့်ဖျင် ပထမဆုံးအကြိမ် သွားရောက်

Want create site? Find Free WordPress Themes and plugins.

တရုတ်သမ္မတရှီကျင့်ဖျင်သည် အင်္ဂါနေ့ နံနက်ပိုင်းက ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားမှု စတင်ရာဗဟိုချက်ဖြစ်သည့် ဝူဟန်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ တရုတ်ပြည်မကြီးတွင် အသစ်ကူးစက်ခံရသည့် လူနာအရေအတွက်မှာ တနင်္လာနေ့က ဆက်လက်ကျဆင်းခဲ့ပြီး ဗိုင်းရပ်ကြောင့်ဖြစ်သည့်ရောဂါ Covid-19 လူနာအသစ်မှာ ၁၉ ဦးသာရှိတော့သည်။

ဟူပေပြည်နယ်၏မြို့တော် ဝူဟန်သို့ သွားရောက်ခဲ့သည့် ၎င်း၏ပထမဆုံးခရီးစဉ်တွင် ရှီက မြို့တွင်းရှိ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများကို စစ်ဆေးခဲ့ပြီး ဆေးဝန်ထမ်းများ၊ စစ်ဘက်တပ်မှူးများ၊ ဒေသခံအလုပ်သမားများ၊ ပြည်သူ့လုံခြုံရေးအရာရှိများ၊ အောက်ခြေနှင့် ရှေ့တန်းကေဒါများအပြင် လုပ်အားပေးများ၊ လူနာများနှင့် ဒေသခံများထံသို့ပါ သွားရောက်ခဲ့သည်ဟု ကွန်မြူနစ်ပါတီ၏ အာဘော် People’s Daily ကဖော်ပြသည်။

ရှီ ပထမဆုံးသွားသည့်နေရာမှာ စစ်တပ်က ဆောင်ရွက်လည်ပတ်နေသည့် Huoshenshan ဆေးရုံဖြစ်ပြီး ဗိုင်းရပ်ဖြစ်ပွားမှုကို ကိုင်တွယ်နိုင်ရန် အရှိန်အဟုန်ဖြင့် တည်ဆောက်ခဲ့သည့် ဆေးရုံနှစ်ခုထဲက တခုဖြစ်သည်။ ရှီသည် ဆေးရုံ၏ တည်ဆောက်လည်ပတ်ပုံတို့ကို စစ်ဆးခဲ့သည်။ ထို့အပြင် လူနာဝင်ရောက်မှုများ၊ ဆေးဝန်ထမ်းများအတွက် ကာကွယ်မှုများနှင့် သိပ္ပံနည်းကျသုတေသနတို့ကိုလည်း စစ်ဆေးခဲ့ကြောင်းသိရသည်။ ရောဂါကူးစက်ဖြစ်ပွားမှုကို ကျော်လွှားနိုင်လိမ့်မည်ဟု ယုံကြည်မှုရှိကြရန် ရှီက ဆရာဝန်များ၊ သူနာပြုများနှင့် လူနာများကို အားပေးခဲ့သည်ဟု တရုတ်အစိုးရသတင်းအေဂျင်စီ Xinhua က ဖော်ပြခဲ့သည်။

ဝူဟန်ရှိ နောက်ဆုံး ယာယီဆေးရုံကို ပိတ်

မပြင်းထန်သည့် ရောဂါလက္ခဏာများရှိသည့် Covid-19 လူနာများကို ကုသသည့် ဝူဟန်ရှိ နောက်ဆုံးကျန်ရှိနေသည့် ယာယီဆေးရုံကို အင်္ဂါနေ့က ပိတ်လိုက်ရာ ယခုအခါ ရောဂါကူးစက်ပျံ့ပွားမှုကို အများအားဖြင့် ထိန်းချုပ်နိုင်ပြီဆိုသည့် လက္ခဏာတရပ်ဖြစ်သည်။

ရှီ ပထမဆုံးသွားသည့်နေရာမှာ စစ်တပ်က ဆောင်ရွက်လည်ပတ်နေသည့် Huoshenshan ဆေးရုံဖြစ်သည်/Xinhua

Wuchang Fangcang Hospital ဆေးရုံကို ပိတ်ခြင်းကို တရုတ်အွန်လိုင်းသတင်းဋ္ဌာန ThePaper.cn ကအစီရင်ခံခဲ့ပြီး ဝူဟန်သို့ ရှီလာရောက်ချိန်နှင့် တိုက်ဆိုင်နေသည်။ အားကစားကွင်းများနှင့် ကွန်ဗင်းရှင်းစင်တာများ အပါအဝင် အနည်းဆုံးအဆောက်အအုံ ၁၄ ခုကို ဗိုင်းရပ်ပျံ့နှံကို ကာကွယ်ရန်နှင့် လူနာများကို ကုသရန် ယာယီဆေးရုံများအဖြစ်သို့ ပြောင်းလဲခဲ့ပြီး နောက်ထပ် ကုတင် ၂၀,၀၀၀ ပို၍ ချထားနိုင်ခဲ့သည်။

အဆုံးအဖြတ်ပေးသည့် စစ်မြေပြင် ဝူဟန်

ရှီ ဝူဟန်သို့သွားရောက်ကြောင်း ကြေညာပြီးနောက် နိုင်ငံပိုင်မီဒီယာများက သတင်းဆောင်းပါးများ စတင်ထုတ်ဝေခြင်းနှင့် တိုက်ရိုက်ထုတ်လွှင့်အစီရင်ခံခြင်းများ စတင်ပြုလုပ်ခဲ့ပြီး ကူးစက်ပျံ့ပွားမှုကို တိုက်ဖျက်ရာတွင် ယခုအချိန်အထိ ရရှိထားသည့် အောင်မြင်မှုအဆင့်တို့ကို မီးမောင်းထိုးပြခဲ့သည်။ ဗိုင်းရပ်ကို တရုတ်၏ တိုက်ဖျက်မှုတွင် ဝူဟန်သည် အဆုံးအဖြတ်ပေးမည့် စစ်မြေပြင်တခုအဖြစ် Xinhua သတင်းအေဂျင်စီ၏ သတင်းသုံးသပ်ချက် ဆောင်းပါးတခုတွင် ဖော်ပြခဲ့သည်။

တရားဝင်ပါတီ မီဒီယာတွင် ယခင်က အလေးအနက်ဖော်ပြခဲ့သည့် စကားစုကိုပင် အဆိုပါဆောင်းပါးက ထပ်မံဖော်ပြခဲ့သည်။ ယင်းမှာ ဝူဟန်၏ အောင်ပွဲသည် ဟူပေ၏ အောင်ပွဲ၊ ဟူပေ၏အောင်ပွဲသည် တရုတ်၏အောင်ပွဲဖြစ်သည်။ အင်္ဂါနေ့က နံနက်က န်ိုင်ငံပိုင်သတင်းအေဂျင်စီက ထုတ်ဝေခဲ့သည့် အခြားထင်မြင်သုံးသပ်ချက် ဆောင်းပါးတခုတွင်လည်း “တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေပေမယ့် အောင်ပွဲကတော့ နီးနေပါပြီ”ဟု ဖော်ပြခဲ့သည်။

ဝူဟန်သို့ ရှီသွားရောက်မှုသည် တရုတ်၏ ကိုရိုနာဗိုင်းရပ်တိုက်ပွဲတွင် အခြေခံအလှည့်အပြောင်းတခုကို ရရှိပြီး ကြီးမားသည့် တိုးတက်မှုရရှိနေပြီဟု တရုတ်ခေါင်းဆောင်ပိုင်းက ယုံကြည်နေပြီဆိုသည့် သဘောသက်ရောက်နေကြောင်း တရုတ်အုပ်ချုပ်မှုပညာအကယ်ဒမီမှ ပါမောက္ခ ကျွီးလီကျားက ပြောသည်။

ဝူဟန်တွင် ပြသနာအခက်အခဲ လုံးဝမရှိတော့သည်နှင့် တရုတ်ခေါင်းဆောင်ပိုင်းအတွက် စိန်ခေါ်မှုမှာ ကူးစက်မှုကို ထိန်းချုပ်ခြင်းနှင့် စီးပွားရေးကို ပြန်လည်စတင်ခြင်းကြား ဟန်ချက်ထိန်းညှိရေးဖြစ်သည်ဟု ကျွီးကပြောသည်။ “တရုတ်ပြည်တွင်းက လူတွေနဲ့ နိုင်ငံတကာက လူတွေ စီးဆင်းမှုကို ကျနော်တို့ ဘယ်လိုဆက်လက်ခွင့်ပြုမလဲ၊ ပြည်ပကနေဝင်လာမယ့် ကူးစက်လူနာတွေကိုတော့ ထိန်းချုပ်ရမှာပါ။ ဒါကတော့ ရှေ့ဆက်သွားဖို့ ခက်ခဲပါလိမ့်မယ်။”

Covid-19 လူနာသစ်များထဲမှ ၁၇ ဦးမှာ ဝူဟန်မှဖြစ်ပြီး ကျန်နှစ်ဦးမှာ ပေကျင်းနှင့် အရှေ့ပိုင်းရှိ ကွမ်းတုံပြည်နယ်မှ ဖြစ်ကာ ပြည်ပမှဝင်လာသူများဖြစ်သည်။ ပေကျင်းလူနာမှာ ဗြိတိန်တွင် အစပြုခဲ့သည်ဟု တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ပြောသည်။

ကွမ်တုံလူနာမှာ မတ်လ ၈ ရက်နေ့က စပိန်မှ ဟောင်ကောင်သို့ သွားရောက်သည့် Cathay Pacific လေယာဉ် CX320 ကို စီးနင်းခဲ့သည့် တရုတ်ကျောင်းသားတဦးနှင့် ဆက်စပ်ပြီး ရှင်ကျန်းပင်လယ်အော် စစ်ဆေးရေးဂိတ်ကိုဖြတ်ကာ ကွမ်တုံတွင် တထောက်နားခဲ့သည်။

တရုတ်တွင် နောက်ထပ်ဗိုင်းရပ်လူနာ ၁၇ ဦးသေဆုံးခဲ့ပြီး အားလုံးမှာ ဟူပေပြည်နယ်မှဖြစ်သည်။ ရောဂါကြောင့် သေဆုံးသူဦးရေမှာ စုစုပေါင်း ၃၁၃၆ ဦးရှိသွားပြီဖြစ်သည်။ တရုတ်တွင် ကူးစက်မှုပေါင်း ၈၀၇၅၄ ရှိသည်ဟု တရုတ်က မှတ်တမ်းတင်ထားပြီး ဝူဟန်တွင်သာ လူနာသစ်များ တွေ့ရှိသည့်ရက်မှာ သုံးရက်ဆက်တိုက် ရှိခဲ့ပြီ ဖြစ်သည်။

ဝူဟန်သို့ ရှီသွားရောက်မှုသည် တရုတ်၏ ကိုရိုနာဗိုင်းရပ်တိုက်ပွဲတွင် အခြေခံအလှည့်အပြောင်းတခုကို ရရှိပြီး ဖြစ်ကြောင်း သတင်းစကား ဖြစ်နိုင်သည်/Xinhua

လုပ်ငန်းခွင်ပြန်ဝင်ရန် ဟူပေ ပြင်ဆင်

ဟူပေရှိအရာရှိများအနေဖြင့် ပုံမှန်အခြေအနေသို့ ပြန်သွားရန် လုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်သင့်ကြောင်း ဒေသခံပါတီအကြီးအကဲ ယင်းယုန်က တနင်္လာနေ့က ပြည်နယ်ကိုရိုနာဗိုင်းရပ်ထိန်းချုပ်ရေး မဟာဗျူဟာအစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ကမ္ဘာလုံးဆိုင်ရာ တင်ပို့မှု ကွင်းဆက်တွေရှိတဲ့ ကုမ္ပဏီတွေ၊ အထင်ကရ အင်ဂျင်နီယာ စီမံကိန်းတွေနဲ့ လုပ်ငန်းခွင်ပြန်ဝင်မယ့် စိုက်ပျိုးရေး ကော်ပိုရေးရှင်းကြီးတွေကို ကျနော်တို့ အပြည့်အ၀ ပံ့ပိုးသင့်ပါတယ်။ နောက်ပြီး အန္တရာယ်ကင်းပြီး သင့်တော်တဲ့အချ်ိန်မှာ တဖြည်းဖြည်း လုပ်ငန်းပြန်စမယ့် တခြားကုမ္ပဏီတွေကိုလည်း ပံ့ပိုးသင့်ပါတယ်”ဟု လွန်ခဲ့သည့်လကမှ ခန့်အပ်ခံခဲ့ရသည့် ယင်းယုန်က ပြောကြားခဲ့ကြောင်း အင်္ဂါနေ့က ပြည်နယ်သတင်းစာ ဟူပေးနေ့စဉ်သတင်းစာတွင် ဖော်ပြခဲ့သည်။

ကိုးကား ။ ။ South China Morning Post

You may also like these stories:

ပူသော ရာသီဥတုတွင် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနှုန်း နှေးကွေးနိုင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ အသွားအလာများ ပိတ်ပင်ကန့်သတ်

တစ်ရှူးလိပ်တွေ အထိတ်တလန့် ဝယ်ယူနေကြတာ ကိုရိုနာဗိုင်းရပ်နဲ့ ဘာဆိုင်သလဲ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကိုရီးယားရောက် မြန်မာလုပ်သားများရဲ့ သောက

Did you find apk for android? You can find new Free Android Games and apps.
Loading