အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီက ဦးဆောင်ပြီး ပြည်ထောင်စု လွှတ်တော်တွင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ကြိုးစားနေချိန် အမျိုးသားရေး အင်အားစုများက ပုဒ်မ ၅၉ (စ) မပြင်ဆင် ရန်နှင့် တပ်မတော်ကို ထောက်ခံကြောင်း ပြသရန် နေပြည်တော်သို့ ရောက်ရှိလာကြသည်။
အမျိုးသားရေး အင်အားစုများသည် ပြည်ထောင်စု လွှတ်တော်သို့ ဝင်ရောက်ရန် ယနေ့ နံနက်ပိုင်းက ကြိုးစားကြပြီး ခွင့်ပြုချက် ကြိုတင်တောင်းဆိုထားမှု မရှိသဖြင့် ဝင်ရောက်ခွင့် မရခဲ့ကြောင်း အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ် ပါတီမှ ဗဟိုဦးဆောင်ကော်မတီ အဖွဲ့ဝင် ဦးဇော်ဝိတ်က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
၎င်းတို့သည် ဝင်ခွင့်မရသည့်အတွက် ယင်းနေရာတွင် အမှတ်တရ ဓါတ်ပုံ ရိုက်၍ လှည့်ပြန်ခဲ့ကြကြောင်း၊ လာမည့် ၁၂ ရက်နေ့တွင် လွှတ်တော်တွင်းသို့ ဝင်ရောက်ခွင့် ရရှိရေး တရားဝင် ကြိုးစားမည် ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေမှာ ပြင်ဆင်ဖို့ တင်ပြထားတဲ့ ၅၉(စ) ပြင်တာကို လုံးဝ ခွင့်မပြုနိုင်ပါဘူး။ မထောက်ခံပါဘူး။ အဲဒီအတွက် လာတာပါ။ နောက်တခုကတော့ တပ်မတော် ကနေပြီးတော့ လုပ်နေတဲ့ ပြဌာန်းချက်တွေ ကန့်ကွက်ချက်တွေ အချက်အလက်တွေကို တပ်မတော်ဘက်ကနေ ရပ်တည်ပြီး ထောက် ခံဖို့အတွက် လာခဲ့တာပါ”ဟု ဦးဇော်ဝိတ်က ပြောသည်။
၎င်းတို့ အမျိုးသားရေး အင်အားစုများသည် နေပြည်တော် လွှတ်တော်ထဲသို့ လေ့လာရေးအနေဖြင့် ဝင်ခွင့်ရမည်ဟု မှတ်ယူပြီး တရက်ကြိုတင် ခွင့်ပြုချက်တောင်း တင်ပြခဲ့သော်လည်း ဝင်ခွင့်မရသည့်အခါ ၎င်းတို့ အချင်းချင်း မလာ ရောက်တော့ရန် အကြောင်းကြားခဲ့ကြောင်း၊ သို့သော် တချို့မှာ လမ်းခရီးတွင် ရောက်နှင့်နေပြီ ဖြစ်၍ နေပြည်တော်သို့ လူအင်အား ၁၅၀ ၊ ကား ၁၅ စီးခန့် ရောက်ရှိလာကြောင်း သိရသည်။
ဦးဇော်ဝိတ်က“ကျနော်တို့ရှိတဲ့ အင်အားလေး ရောက်လာတဲ့အတွက် ဘာပဲ ဖြစ်ဖြစ် တပ်မတော်ဘက်က ထောက်ခံ ဖို့နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဥပဒေနဲ့ မညီတဲ့ အပိုဒ်တွေကို လက်မခံဖို့ လာရောက်ပြီးတော့ ဝင်ခွင့်ရရင် လည်း ဝင်မယ် ဆိုပြီးတော့ ဥပဒေနဲ့အညီ သွားပြီးတော့ ဆွေးနွေးပါတယ်။ ခွင့်ပြုချက် မရရင် ဝင်လို့ မရပါဘူးဆိုလို့ မဝင်ပါဘူး”ဟု ပြောသည်။
မန္တလေးမြို့ မှ အမျိုးသားရေး လှုပ်ရှားသူ ဦးကျော်မျိုးရွှေကလည်း ၎င်းတို့ နေပြည်တော်သို့ လာရောက် စုစည်းရခြင်းမှာ ပုဒ်မ ၅၉ (စ) ၊ ပုဒ်မ ၃၆၁ တို့ကို မပြင်ဆင်နိုင်ရန်တို့အတွက် ဖြစ်ကြောင်း ပြောသည်။
ပုဒ်မ ၅၉ (စ) မှာ သမ္မတ အရည်အချင်း ကန့်သတ်ချက် ဖြစ်ပြီး ပုဒ်မ ၃၆၁ မှာ နိုင်ငံတော်သည် ဗုဒ္ဓဘာသာကို နိုင်ငံ
တော်၏ နိုင်ငံသား အများစု ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ ဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည် ဆိုသော ပုဒ်မတခု ဖြစ်သည်။
“လက်ရှိ အာဏာရပါတီနဲ့ လက်ရှိ အာဏာရ လွှတ်တော် က ပြင်မယ်ဆိုတဲ့ ၅၉ (စ) ပြင်မယ်ဆိုတာတွေကို ကျနော်တို့ လက်မခံကြောင်း၊ ပုဒ်မ ၃၆၁ ကို ပြင်မယ် ဖျက်မယ်ဆိုတာကို လက်မခံကြောင်း ဒါတွေအတွက် ကျနော်တု့ိ အင်အား လာပြတာပေါ့”ဟု ဦးကျော်မျိုးရွှေက ပြောသည်။
၎င်းက ဆက်၍ “၂၀၀၈ အခြေခံ ဥပဒေမှာ ပြင်သင့်ပြင်ထိုက်တာတွေ ပါတယ်။ မပြင်သင့်တာတွေလည်း ပါတယ်။ ကျနော်တို့က ညင်ညင်သာသာ အရွေ့ ကို ကူးပြောင်းစေချင်တာ။ ၂၅ ရာခိုင်နှုန်းကိုလည်း အမြဲတန်းပါနေတာကိုလည်း လက်မခံဘူး။ ဖြည်းဖြည်းချင်း ပြင်မယ်။ ၅၉ (စ) လို ပုဒ်မမျိုးကတော့ ဘယ်အစိုးရတက်တက် ဘယ်ပါတီတက်တက် ပြင်တာ ဖျက်တာကို လက်မခံဘူး”ဟု ပြောသည်။
၎င်းအပါအဝင် အမျိုးသားရေး အင်းအားစုများသည် စစ်ရောင် တီရှပ်လက်တိုတွင် မြန်မာနိုင်ငံအလံ တံဆိပ် ထိုးထား သည့် စတေကာများ တပ်ဆင်ထားကြပြီး ဘာကြောင့် ယခုလို ဝတ်ဆင်ရသလဲဟု ဧရာဝတီက မေးမြန်းကြည့်ရာ လွှတ်တော်ထဲရှိ တပ်မတော်သားများနှင့် တသဘောတည်းရှိကြောင်း ပြသလို၍ ဖြစ်ကြောင်း ဦးကျော်မျိုး ရွှေက ပြောသည်။
အာဏာရ NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးကမူ အမျိုးသားရေး အင်အား စုများ နေပြည်တော်တွင် လာရောက် အင်အားပြသခြင်းက မဲပေးမည့် ကိုယ်စားလှယ်များကို တစုံတရာ လွှမ်းမိုးမှု ရှိမည် မဟုတ်ဘဲ ပုံမှန်အတိုင်းသာ မဲပေးနိုင်ကြောင်း၊ သို့သော် ခြေ/ဥ ပြင်ဆင်ရေးမှာ ယနေ့ ရလဒ်အရ မလွယ်ကူ ကြောင်း သက်သေပြလိုက်ပြီဟု ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ၏ အခြေခံမူများကို စတင် မဲခွဲ ဆုံးဖြတ်ခဲ့ရာ နိုင်ငံရေး အပြောင်းအလဲ ဖြစ်နိုင်မည့် ပုဒ်မများ တခုမှ ပြင်ဆင်နိုင်ခြင်း မရှိဘဲ အရေးမကြီးသည့် ပုဒ်မ တချို့၏ စကားလုံး ပြင်ဆင်မှုများသာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ ရသည်။
အမျိုသားရေး အင်အားစုများသည် နေပြည်တော်လွှတ်တော်သို့ ဝင်ခွင့် မရသည့်အခါ ဥပ္ပါတသန္တိ ဘုရားကြီးသို့ သွားရောက်ကြပြီး နေ့လယ်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်အရှေ့ဘက် လယ်မြေအစွန်တွင် ဆောက်လုပ် ထားသည့် အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီရုံးသို့ သွားရောက် စုဝေးခဲ့ကြသည်။
ယင်းရုံးခန်းတွင် ယခင် သမ္မတရုံး ဝန်ကြီးဟောင်းလည်းဖြစ် စစ်ဥပဒေချုပ်ဟောင်းလည်း ဖြစ်သူ ဦးစိုးမောင် ဆိုသူ ရှိနေပြီး အမျိုးသားရေး လှုပ်ရှားသူများက ၎င်းကို ရိုရိုသေသေ တလေးတစား ဆက်ဆံကြသည်ကိုလည်း တွေ့ ရသည်။
ယခု အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၏ ဥက္ကဌလည်း ဖြစ်သူ ဦးစိုးမောင်က “အမျိုးသားရေးထိတိုင်း ထစ်ကနဲ ဆို ထချမလား၊ မဟုတ်ဘူး။ ဘောင်ထဲကချမယ်။ အမျိုးသားရေး အကျိုးပြုလို့ရှိရင် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီ မည်သူ မဆို လက်ကမ်းကြိုဆိုတယ်၊ လက်တွဲဆောင်ရွက်မယ်။ မဟာမိတ်ဖွဲ့ နိုင်တယ်။ စကားအတူထိုင်ပြောမယ်။ ဆွေးနွေး မယ်။ အမျိုးသားရေးထိခိုက်ရင်တော့ ဘယ်ပုဂ္ဂိုလ်မှ လက်မခံဘူး။ ဘယ်အဖွဲ့အစည်းမှ လက်မခံဘူး။ ဘယ်ပါတီမှ လက်မခံဘူး”ဟု သတင်းထောက်များကို ပြောပြသည်။
You may also like these stories:
ဖွဲ့စည်းပုံပြင်ဆင်ရေး ပထမနေ့ ရှုံးနိမ့်၊ အရေးပေါ်ကာလ တပ်ချုပ်သာ ဆက်ဦးဆောင်မည်
၂၀၂၀ ကိုယ်စားလှယ်လောင်းအား မြို့မိ၊ မြို့ဖ ထောက်ခံမှုဖြင့် ရွေးချယ်သွားမည်ဟု NLD ပြော
အရေးပေါ်ကာလ သမ္မတနှင့် တပ်ချုပ် ဘယ်သူဦးဆောင်မလဲ မဲစခွဲမည်