သင်္ကြန်ပွဲတော်နှင့် နိုင်ငံတော်အခမ်းအနားများတွင် သာမက လူစုလူဝေးများ ဖြစ်ပွားစေမည့် ပွဲများကို တတ်နိုင်သမျှ ရှောင် ရှားရန်နှင့် ရွှေ့ဆိုင်းရန် ကျန်းမာရေး ဝန်ကြီးဌာန က သက်ဆိုင်ရာ ဝန်ကြီးဌာနများကို အသိပေး အကြောင်းကြားမှု ပြုလုပ် ထားကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်(COVID– 19) ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ဗဟိုအဆင့် အစည်းအဝေးများတွင် လူစုလူဝေး ဖြစ်စေသည့် ပွဲများကို တတ်နိုင်သမျှ ရှောင်ရှားရန်နှင့် ရွှေ့ဆိုင်းသင့်သည်ဆိုလျှင် ရွှေ့ဆိုင်းရန် အကြံပြုထားပြီး ဖြစ်ကြောင်း ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒု ညွှန်မှူး ဒေါက်တာ ခင်ခင်ကြီးက ဧရာဝတီသို့ ပြောသည်။
ဒေါက်တာ ခင်ခင်ကြီးက “ကျမတို့အနေနဲ့ကတော့ လူစုလူဝေးတွေကို မလုပ်ရင် အကောင်းဆုံးပဲ။ မလုပ်လေ ကောင်းလေ ပဲ။ မဖြစ်မနေ လုပ်မယ်ဆိုရင်တောင်မှ တတ်နိုင်သမျှ လူလျော့ပါ။ အစည်းအဝေးဖြစ်ဖြစ်၊ အခမ်းအနားဖြစ်ဖြစ် လူလျှော့ လုပ်ပါ။ နှာစေး၊ ချောင်းဆိုးတဲ့သူတွေ မပါလာဖို့ တင်းတင်းကျပ်ကျပ် လုပ်ပါ။ မလုပ်သင့်ဘူးဆိုတာ အစိုးရအဖွဲ့ဌာနတွေကို စာထုတ်ပြီးသားပါ” ဟုဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ၁ ကြိမ်၊ ယခု မတ်လတွင် ၁ ကြိမ် ကိုရိုနာဗိုင်းရပ်စ်(COVID – 19)နှင့် ပတ်သက်သည့် ဗဟို အဆင့် အစည်းအဝေးပွဲများ ကျင်းပရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာန အားလုံး ကို အကြံပြုပေးထားပြီး ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးပွဲများတွင် တက်ရောက်ခဲ့သည့် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးအောင်လှထွန်းက အတည်ပြုသည်။
မတ်လ ၈ ရက်နေ့ အစိုးရသတင်းစာတွင် ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နိုင်ငံတော်အဆင့် အခမ်းအနားများကို မကျင်းပတော့ဟု ဆုံးဖြတ်ကြောင်း ကြေညာခဲ့သော်လည်း တနသာၤရီ တိုင်းဒေသကြီးတွင် လာမည့် ဧပြီလ၌ သင်္ကြန် ပွဲတော်ကို ကျင်းပမည်ဟု သိရသည်။
ထို့အပြင် ရန်ကုန်တိုင်းတွင်လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်သင်္ကြန်ပွဲတော်ကို စည်းကား သိုက်မြိုက်စွာ ကျင်းပမည်ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ယခုလအတွင်း ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ကိုရိုနာဗိုင်းရပ်စ်(Covid– 19)နှင့် ပတ်သက်ပြီး သံသယရှိသည့် လူနာ ၂ ဦးနှင့် စောင့် ကြည့်လူနာ ၈၂ ဦး ရှိကြောင်း၊ ထိုသူများထဲမှ ယမန်နေ့ မတ်လ ၉ ရက်တွင် စောင့်ကြည့်လူနာများထဲမှ ၇ ဦးသည် ဆေးစစ် ချက် အဖြေရရှိပြီး ကိုရိုနာဗိုင်းရပ်စ်(Covid – 19) လုံးဝမရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်(COVID– 19) မှာ ယနေ့အထိ ကမ္ဘာ့နိုင်ငံ ၁ဝ၄ နိုင်ငံအထိ ပြန့်ပွားလျက် ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ၏ ထုတ်ပြန်ချက်များအရ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ယနေ့အချိန်အထိ ကူးစက်ခံရသည်ဆိုသည့် လူနာများ မတွေ့ရှိသေးကြောင်း WHO ၏ သတင်း ထုတ်ပြန်ချက်စာရင်းတွင် ပါရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် စသည့်နိုင်ငံများတွင် ကူးစက်မှု ဖြစ်ပွားနေပြီဖြစ်သည်။
ဆက်စပ်လင့်-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန္တလေး စီးပွားရေးဖိုရမ် ရက်ရွှေ့
ကျန်းမာရေး စစ်ဆေးမှုများ တိုးမြှင့်၍ ရွှေစက်တော်ဘုရားပွဲ ကျင်းပနေ
COVID-19 ဖြစ်ပွားနိုင်ငံများမှ ပြန်လာသူများကို သတင်းပို့ရန် ပျက်ကွက်ပါက အရေးယူခံရနိုင်