ကိုရိုနာ ဗိုင်းရပ်စ် (COVID-19)ကြောင့် ကုန်ကြမ်း ပြတ်လပ်သဖြင့် ဇန်နဝါရီလမှ ယခု မတ်လ ၉ ရက်အထိ စက်ရုံ ၁၆ ရုံ ပိတ်သိမ်းပြီး အလုပ်သမား ၁ သောင်းဝန်းကျင်ခန့် အလုပ်လက်မဲ့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလုပ်သမားသမဂ္ဂများ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီဝင် ဒေါ်ခခက “ဧရာဝတီတိုင်းက စက်ရုံ တခုအပါ ရန်ကုန်နဲ့ ပေါင်းရင် အလုပ်လက်မဲ့ ၁ သောင်း ဝန်းကျင်လောက် ဖြစ်သွားပြီ။ ပိတ်တဲ့ စက်ရုံတွေကတော့ ရက် အကန့်အသတ်မရှိ ပိတ်တာတွေ ပါတယ်။ ဒေဝါဒီခံတဲ့ စက်ရုံတွေ ပါတယ်။ စက်ရုံရွှေ့ပြောင်းတာတွေ၊ နောက်ပြီး အကြောင်းပြချက် ခိုင်ခိုင်လုံလုံ မရှိသေးတဲ့ စက်ရုံတွေ ပါတယ်။ လက်ရှိ အခြေအနေက စိုးရိမ်စရာ ကောင်းတယ်” ဟု ဧရာဝတီသို့ ပြော သည်။
လက်ရှိတွင် လှိုင်သာယာမြို့နယ် တခုတည်း၌ပင် နိုင်ငံခြားသားပိုင် စက်ရုံများ ဖြစ်သော Perfect Gain အထည်ချုပ် စက် ရုံ၊ Asia Fasion အထည်ချုပ် စက်ရုံ၊ Wan Gee development တံဆိပ်ရိုက် လုပ်ငန်း၊ Yi Fan Garment Myanmar အထည်ချုပ် စက်ရုံ၊ Lucky Sky Bag Myanmar အိတ်စက်ရုံ၊ Huaxin Time အထည်ချုပ်စက်ရုံ၊ Hunter အထည်ချုပ် စက်ရုံ၊ New Way ဖိနပ်စက်ရုံ၊ Su Xing အထည်ချုပ်စက်ရုံ၊ Sinoproud အထည်ချုပ် စက်ရုံနှင့် မြန်မာနိုင်ငံသားပိုင် Great well-2 ဖိနပ်စက်ရုံ စုစုပေါင်း ၁၂ ရုံ ပိတ်သိမ်းခဲ့သည်။
ထို့ပြင် ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်မှ Moun tain Top ဖိနပ်စက်ရုံ၊ လက်ဝါးတူး အထည်ချုပ် စက်ရုံ၊ Myanmar Royal Appollo အထည်ချုပ် စက်ရုံတု့ိမှာ ပိတ်သိမ်းခဲ့ပြီး ဧရာဝတီတိုင်း ကန်ကြီးထောင့်က ဟွာမန်အထည်ချုပ် စက်ရုံ အပါအဝင် စုစုပေါင်း စက်ရုံမှာ ၁၆ ရုံ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
ထိုစက်ရုံများတွင် အပြီး ပိတ်သိမ်းခြင်း၊ ယာယီ ပိတ်သိမ်းခြင်း၊ နေရာပြောင်းရွှေ့ ဖွင့်လှစ်ခြင်း၊ လုပ်သား အင်အားလျှော့ချ ခြင်း၊ စက်ရုံ ပိုင်ရှင်များမှ ထွက်ပြေး တိမ်းရှောင်ခြင်း (ဒေဝါလီခံခြင်း) စသည့် စက်ရုံများလည်း ပါဝင်သည်။
ဒေါ်ခခက “အလုပ်သမားတွေရဲ့နောက်မှာ သူတို့ရဲ့ မိသားစုတွေ ရှိတယ်။ သူတို့က ပြည်တွင်းရွှေ့ပြောင်း အလုပ်သမား တွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတယ်။ ဒါဟာ အလုပ်သမား အခြေခံ လူတန်းစားတွေရဲ့ ဘဝနဲ့ သွားသက်ဆိုင်နေတယ်။ ဒါကြောင့်မို့ အစိုးရကို တိုက်တွန်းချင်တာ အလုပ်လက်မဲ့ လူဦးရေ စစ်တမ်းတွေကို သေချာ စနစ်တကျ စစ်တမ်းကောက်ယူဖို့ လိုနေပါပြီ” ဟု ပြောသည်။
ထိုသို့ ကောက်ယူပြီးပါကလည်း အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနအနေနှင့် ဝန်ထမ်းများ အလုပ်အကိုင် ပြန်လည် ရရှိ ရေးအတွက် ကြိုစားဆောင်ရွက်ပေးရန် လိုနေကြောင်းလည်း ၎င်းက ဆိုသည်။
အကယ်၍ လက်ရှိမှာ ယင်းကိစ္စကို မလုပ်နိုင်သေးပါက နိုင်ငံတော်၏ အရေးပေါ်စီမံရေး ဘဏ္ဍာငွေထဲမှ ဖြစ်စေ၊ တခြား သော သုံးစွဲနိုင်သော အလုပ်သမားများ၏ ဘဝရပ်တည်ရေး အခက်အခဲ ဖြစ်နေသည်ကို ထောက်ပံံ့မှု အစီစဉ်များကို စတင် ရန်သင့်ပြီဖြစ်ကြောင်း ဒေါ်ခခခက ထောက်ပြ ပြောဆိုလိုက်သည်။
အစိုးရ အနေဖြင့် အခြေခံ စားသောက်ကုန်များ မြင့်တက်ခြင်း အခြေအနေများကိုလည်း ထိန်းချုပ်ထားနိုင်ရန် လိုကြောင်း၊ စက်ရုံ ပိတ်သိမ်းသည့်အခါ ယာယီဖြစ်စေ၊ အပြီးပိတ်သည် ဖြစ်စေ လုပ်ထုံး၊ လုပ်နည်း ဥပဒေနှင့်အညီ ဆောင်ရွက်ပေးခြင်း နှင့် အလုပ်သမားများ မနစ်နာစေရေးအတွက် ဆောင်ရွက်ပေးသော ဦးစီးဌာနများကို အရေးတကြီး ကြီးကြပ်ဆောင်ရွက် ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်းလည်း အလုပ်သမားသမဂ္ဂများထံက သိရသည်။
လက်ရှိတွင် အလုပ်သမား သမဂ္ဂများ အနေနှင့် စက်ရုံများ ပိတ်သိမ်းလျှင် ဥပဒေနှင့်အညီ အလုပ်သမား နစ်နာကြေး ရရှိ ရေး၊ ယာယီပိတ်လျှင်လည်း စက်ရုံ ပြန်ဖွင့်သည့်အချိန်တွင် အလုပ်သမားများကို အလုပ်ပြန်လည် ခန့်ပေးခြင်း ဦးစားပေး စီစဉ်ဆောင်ရွက်နေပြီး ကုန်ကြမ်းပြတ်လပ်၍ စက်ရုံပိတ်တာထက် ပိုကောင်းမွန်သည့် နည်းလမ်းများ ပေးနိုင်ရန် ကြိုးစား ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ စက်မှု လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MICS) မှ အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က ဧရာဝတီသို့ ပြောသည်။
စက်ရုံများ ပိတ်သိမ်းရာတွင် အမှန်တကယ် မည်သည့် အကြောင်းပြချက်ဖြင့် ပိတ်သိမ်းခြင်းဖြစ်သည်ကို ရှာစေချင်ကြောင်း၊ အဓိကအားဖြင့် ကုန်ကြမ်းပြတ်၍ စက်ရုံပိတ်ခြင်းသည် လတ်တလော အဖြေတခု မဟုတ်ကြောင်း အလုပ်ရှင်၊ အလုပ်သ မား နှစ်ဖက်စလုံးကို နစ်နာစေသဖြင့် အလုပ်သမား သမဂ္ဂအဖွဲ့များအနေနှင့် ပြောဆိုနေကြောင်း ၎င်းက ရှင်းပြသည်။
အစိုးရအနေနှင့်လည်း စက်ရုံပိတ်သိမ်းခြင်းကို အလွယ်တကူ လက်ခံ၊ ခွင့်မပြုသင့်ကြောင်း ကိုသက်နှင်းအောင်က ပြောဆို သည်။
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း အလုပ်အမှုဆောင် ဦးအောင်မျိုးဟိန်းက “ဒီအချိန်မှာ စက်ရုံပိတ်သိမ်း တာက အကြောင်းအမျိုးမျိုးတော့ ရှိတယ်။ ဒီတပတ်ထဲတော့ ဒီနေ့မှ ရုံးစဖွင့်တော့ ကြားတော့ မကြားသေးဘူး။ အချက် အလက်ရရင်တော့ ကျနော်တို့ အသင်းရဲ့ Facebook မှာ တင်ပေးပါ့မယ်။ ကုန်ကြမ်းကတော့ အခု ပြန်ဝင်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ၎င်းက “ဒါပေမယ့် ဒါက လိုချင်တဲ့ ပိတ်လိပ် မဟုတ်ဘူး။ ပမာဏကလည်း နည်းနေတုန်းပဲ။ ဒါကြောင့် ရှိပြီး သားဟာကို ဘယ်လို Plan တွေ လုပ်ရမလဲ အဲဒါပဲ စဉ်းစားကြတယ်။ နောက်ရောက်မယ့် ကုန်ကြမ်း အခြေအနေကို ဘယ် သူမှလည်း မပြောနိုင်ဘူး။ တရုတ်ဘက်ကလည်း မပေးနိုင်ဘူး။ အဲဒီလို ပုံစံအနေအထား ရှိတယ်။ ဒါကြောင့် အလုပ်သမား အသစ် ခေါ်တာတော့ လက်ရှိ ရပ်ထားတယ်” ဟု ဆိုသည်။
တချို့စက်ရုံများမှာ ကြားထဲတွင် ပစ္စည်းရောက်ခြင်းနှင့် ဝယ်သူဘက်မှ မှာယူသည့်ရက် နီးကပ်နေခြင်းကြောင့်လည်း ညနေ ခြောက်နာရီခွဲထိ အချိန်ပိုခေါ်၍ အော်ဒါအမီ လုပ်နေရသည့် စက်ရုံများလည်း ရှိကြောင်း ဦးအောင်မျိုးဟိန်းက ပြောဆိုသည်။
စက်ရုံပိုင်ရှင်များ အနေနှင့်လည်း ဗိုင်းရပ်စ်ကြောင့် အထည်လိပ် ကုန်ကြမ်း မရောက်လာသည့် အခြေအနေတခုအပြင် အမေရိကန် ဒေါ်လာဈေး ဆက်တိုက် ကျဆင်းနေသည့် အတွက်ကြောင့်လည်း လက်ခစား (CMP) လုပ်ငန်းများတွင် အခက်အခဲများ ရှိနေကြောင်း သိရသည်။
အဆိုပါ စက်ရုံ ပိတ်သိမ်းမှုများနှင့် ပတ်သက်ပြီး အလုပ်သမား ဦးစီးဌာန (ရန်ကုန်တိုင်း) သို့ ဧရာဝတီမှ အခြေအနေ မေးမြန်းရာတွင် ပြန်လည် ဖြေဆိုခြင်း မရှိပေ။
ကုန်ကြမ်း ပြတ်လပ်သဖြင့် ယခုနှစ်အတွင်း ရန်ကုန်တိုင်းတွင် စက်ရုံ ၁၃ ရုံ ပိတ်သိမ်းထားပြီး ယင်းအနက် စက်ရုံ ၁ ရုံ သာလျှင် ရန်ကုန်တိုင်း ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထားကြောင်း အစိုးရဌာန တာဝန်ရှိသူများက မတ်လ ၅ ရက်က ထုတ်ဖော်ပြောဆိုထားသည်။
အထည်ချုပ် လုပ်ငန်းများတွင် လုပ်ကိုင်နေသည်မှာ လုပ်သားဦးရေ ၅ သိန်းကျော် အထိ ရှိပြီး တရုတ် အထည်ချုပ် စက်ရုံ ၂၃၆ ရုံ၊ ကိုရီးယား အထည်ချုပ် စက်ရုံ ၆၇ ရုံ၊ ဂျပန် အထည်ချုပ် စက်ရုံ ၂၀ နှင့် မြန်မာပိုင် အထည်ချုပ် စက်ရုံ ၉၂ ရုံရှိ ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်းက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ကြောင့် စက်ရုံများရပ်နားမှု အစိုးရ စနစ်တကျ စီမံပေးရန် တောင်းဆို
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပုသိမ်၌ဖွင့်မည့် စက်ရုံ ၂ ရုံ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း
စက်ရုံ ၃ ရုံ ထပ်ပိတ်၊ အလုပ်သမား၂ ထောင်ကျော် အလုပ်လက်မဲ့ဖြစ်ပြန်
ကုန်ကြမ်းပြတ်၍ စက်ရုံများ ပိတ်သည် ဆိုခြင်းကို စိစစ်ရန် အလုပ်သမားအဖွဲ့များ ထုတ်ပြန်
ကန်ကြီးထောင့် အထည်ချုပ်စက်ရုံ ပိတ်၊ လူ ၁၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်
ရွှေပြည်သာရှိစက်ရုံ ၌အလုပ်ရှင် ထွက်ပြေး၍ လုပ်သား ၄၆၀ ကျော် လစာမရ အခက်တွေ့