ပလက်ဝမြို့နယ်ရှိ စစ်ရှောင် အလုပ်လက်မဲ့ လူငယ်များ အလုပ်အကိုင် ရရှိရေးအတွက် ရည်ရွယ်ပြီး ရန်ကုန်ရှိ မြို့နယ် ၄ခုတွင် ချင်းရွှေ့ပြောင်းအလုပ်သမားများ ကူညီရေးစင်တာများ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
ချင်းစစ်ရှောင်များ အလုပ်အကိုင် ရရှိရန် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေးကောင်စီ KACC ၏ ဦးဆောင်မှု ဖြင့် မတ်လ ၉ ရက်နေ့က စတင်ကာ လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ အင်းစိန်မြို့နယ်ရှိ ဘုရားကျောင်း များမှ တဆင့် အလုပ်လျှောက်လွှာ ဖောင်များ လက်ခံ ဆောင်ရွက်နေပြီဖြစ်သည်။
KACC ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက“ပလက်ဝကနေ ရန်ကုန်ကို ရောက်နေတာ လူဦးရေ ၃၀၀ ကျော်လောက် ရှိတယ်။ မနေ့က လျှောက်လွှာခေါ်တာ ပလက်ဝက လူချည်းလာတာ လူ ၁၀၀ ကျော် ရှိတယ်။ ကျနော်တို့က သက်ဆိုင်ရာ မြို့နယ်အဖွဲ့ခွဲမှာ အင်တာဗျူး ပြန်လုပ်ခိုင်းထားတယ်။ လောလောဆယ် ပလက်ဝက လူတွေကို ဦးစားပေး ခန့်ထားမှာပါ”ဟု ပြောသည်။
အဆိုပါ စစ်ရှောင်များ ပလက်ဝမှ မတူပီအထိ ခြေလျင်လျှောက်ပြီးနောက် ထိုမှတဆင့် ရန်ကုန်သို့ အလုပ်အကိုင်အတွက် ခရီးဆက်ခဲ့ကြောင်း၊ တချို့မှာ ဆွေမျိုးနီးစပ်များ၏ နေအိမ်တွင် နေထိုင်၍ တချို့မှာ ဘုရားကျောင်းများတွင် နေကြောင်း သူက ရှင်းပြသည်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ နေရသူများနှင့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံရသည့် ချင်းလူမျိုးများ အတွက် အဓိက ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ပြီး လုပ်အားခလစာကိုလည်း ခေါင်းပုံဖြတ်မှု မရှိအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း KACC ၏ အဖွဲ့ဝင်တဦးဖြစ်သည့် ဆလိုင်းအိုင်ဇက်ခင်က ဆိုသည်။
လာရောက် လျှောက်ထားလိုသူများ အနေဖြင့် အသက် ၁၈ နှစ် ပြည့်ရမည် ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်ရမည် ဖြစ်ကာ လျှောက်ထားသူ၏ ပညာ အရည်အချင်း အလိုက် အလုပ် ရှာဖွေပေးမည် ဖြစ်ကြောင်း၊ အဆိုပါ စင်တာသို့ လာရောက် အလုပ်ရှာသူများကို ထိုက်တန်သည့် လုပ်အားခ ရရှိရန် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် စစ်ရှောင် ပလက်ဝလူငယ်များကို အမျိုးသားဖြစ်ပါက ပန်းရံ၊ သံချည်သံကွေးလုပ်ငန်း၊ လုံခြုံရေးနှင့် ဟိုတယ်ခရီးစသည့် ၎င်းတို့ကျွမ်းကျင်သည့် လုပ်ငန်းများအလိုက် လုပ်ကိုင်စေမည်ဖြစ်ပြီး အမျိုးသမီးကိုလည်း အမျိုးသားများ နည်းတူ ပညာအရည်အချင်း အပေါ် မူတည်ပြီး လုပ်ကိုင်စေမည်ဟု သိရသည်။
ပလက်ဝမြို့နယ်နှင့် ကျောက်တော်မြို့နယ် အစပ် ကုလားတန် မြစ်ကြောင်း အနီး ဝန်းကျင် နေရာများတွင် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ဖေဖော်ဝါရီလ ၆ ရက်မှ စပြီး တိုက်ပွဲ ဖြစ်ပွားနေသည်မှာ ယနေ့အချိန်ထိ တိုက်ပွဲများ ဖြစ်နေ သေးသည်ဟု ပလက်ဝ ဒေသခံ ၁ ဦးထံမှ သိရသည်။
ပလက်ဝမြို့နယ်တွင် ကျေးရွာပေါင်း ၄၀၀ ကျော်ရှိပြီး လူဦးရေအားဖြင့် ၁၁၀၀၀၀ ခန့်ရှိကာ လူဦးရေ ၆ သောင်းခန့်သည် စစ်ဘေးဒဏ် ခံနေရကာ စစ်ရှောင်လူဦးရေသည် ၄ ထောင်နှင့် ၆ ထောင်ကြားတွင် ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ အချက်အလက်များအရ သိရသည်။
ပလက်ဝနှင့် ကျောက်တော်ကြား တိုက်ပွဲများကြောင့် ရေယာဉ်များနှင့် ကားများ သွားခွင့်မရသည်မှာ တလနှင့် ၄ ရက် ရှိပြီဖြစ်ကြောင်း၊ ပလက်ဝနှင့် မတူပီကားလမ်းသည် ၁၃၅ မိုင် ကွာဝေးသည့်အတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ရှိသည့် အတွက် ပလက်ဝတွင် အရေးပေါ် အစည်းအဝေး ကျင်းပပြီး စားနပ်ရိက္ခာများ သယ်ယူမည်ဖြစ်ကြောင်း အစိုးရက ယနေ့ မတ်လ ၁၀ရက်နေ့တွင် ထုတ်ပြန်ထားသည်။
You may also like these stories:
“၀” ဒေသအနီး မြန်မာ-တရုတ်နယ်စပ် မြစ်ထိန်းနံရံများတည်ဆောက်မှု အစိုးရ ကွင်းဆင်းစစ်ဆေ
တနှစ်ကျော်ကြာ AA ဖမ်းထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လွတ်လာ
တရုတ်ပစ်မှတ် ဖြစ်လာသည့် ကရင်လက်နက်ကိုင် လှုပ်ရှားနယ်မြေများ