သတင်း

ကုလားတန်မြစ်ကြောင်းတိုက်ပွဲ တပ်ရင်းမှူး အပါအဝင် သုံ့ပန်း ၂၀ ဖမ်းဆီးရမိဟု AA ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ကျောက်တော်နှင့် ပလက်ဝမြို့နယ်အစပ် ကုလားတန်မြစ်၏ အရှေ့ဘက်ခြမ်းရှိ မုန့်သန်းပြင်ကျေးရွာ အနီး တွင် ဖြစ်ပွားသည့် တိုက်ပွဲ၌ တပ်မတော်မှ တပ်ရင်းမှူး အပါအဝင် အရာရှိ စစ်သည် ၂၀ ဦး ဖမ်းဆီး ရမိထားကြောင်း AA သတင်းပြန်ကြားရေး ဌာနက မတ်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။

ကျောက်တော်နှင့် ပလက်ဝမြို့နယ် အစပ် တပ်မတော်စစ်ကြောင်းများ တပ်စွဲထားသည့် မီးဝဗျူဟာကုန်းသို့ စစ်ကူ လာ သော တပ်မ ၇၇ လက်အောက်ခံ ပဲခူးခရိုင် ဘုရားကြီးမြို့ အခြေစိုက် ခမရ ၇ မှ တပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့် စစ်တပ် ( AA ) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ ၎င်းတပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်နိုင်ဦး အပါအဝင် တပ်ဖွဲ့ဝင် ၂၀ ဦးကို လက်ရ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

AA သတင်း နှင့်ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက “ မီးဝ ဗျူဟာကုန်းကို စစ်ကူလာတဲ့ တပ်မတော် စစ်ကြောင်းနဲ့ မနေ့က တမနက်လုံး အဲဒီမုန့်သန်းပြင်ကျေးရွာအနီး တဝိုက်မှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေနဲ့ အပြင်းအထန် ဖြစ်ခဲ့တာရှိတယ်။ အဲဒီ တိုက်ပွဲမှာ တပ်ရင်းမှူး သက်နိုင်ဦး အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည် ၂၀ ဦးကို လက်ရ ဖမ်းမိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းအပြင် တိုက်ပွဲအတွင်း တပ်မတော်သား အလောင်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်း မီးကျောက် အမြောက်အများ လည်း သိမ်းဆည်း ရမိထားသလို ဖမ်းဆီးရမိထားသည့် တပ်မတော်သား သုံ့ပန်းများအားလည်း နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေ အပါအဝင် AA တပ်ဖွဲ့၏ စစ်သုံ့ပန်း စည်းမျဉ်း၊ စည်းကမ်း အတိုင်း ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဦးခိုင်သုခက ပြောသည်။

ကုလားတန်မြစ်ကြောင်းတလျှောက်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် အနီးရှိ မုန့်သန်းပြင် ကျေးရွာနှင့် ပြိုင်းတိုင်ကျေးရွာ အတွင်းသို့ လက်နက်ကြီးများ ကျရောက်၍ နေအိမ်များ မီးလောင်ခဲ့ပြီး အရပ်သား ထိခိုက် သေဆုံးမှုများလည်း ရှိကြောင်း ဒေသခံကျေးရွာသားများ က ဆိုသည်။

အဆိုပါ မုန့်သန်းပြင် ကျေးရွာ အနီးဝန်းကျင်၌ မတ်လ ၈ ရက်နေ့နှင့် မတ်လ ၉ ရက်နေ့တို့တွင် တပ်မတော်က တိုက်လေ ယာဉ် ၂ စီးဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်သည့်အတွက် အိမ်ခြေ ၆၆ ဆောင်၊ လူဦးရေ ၄၀၀ ကျော်ရှိသည့် မုန့်သန်းပြင် ကျေးရွာတွင် နေအိမ် ၆၂ ဆောင် မီးလောင် ပြာကျသွားသလို နွား အကောင် ၂၀ ကျော်နှင့် ဆိတ် အကောင် ၃၀ ကျော်တို့ မှာလည်း သေဆုံးသွားခဲ့ကြောင်း မုန်းသန်းပြင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်က ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်က “ဂျက်လေယာဉ်တွေနဲ့ ၃ ရက်ဆက်တိုက် ဗုံးလာကြဲတာ ကျနော်တို့ တရွာလုံး မီးလောင်သွားတယ်။ အိမ်တွေ ရှိတဲ့ နွားတွေ ၊ ဆိတ်တွေလည်း အကုန် ဗုံးကျပြီး သေတယ်။ ကျနော်တို့လည်း တယောက် မကျန် ထွက်ပြေးနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကုလားမြစ်ကြောင်း အရှေ့ဘက်ခြမ်းတွင် တည်ရှိသည့် မုန့်သန်းပြင် ကျေးရွာသားများနှင့် ပြိုင်းတိုင်ကျေးရွာသားများ မှာ လည်း မြစ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည့် မီးဝ ကျေးရွာ အပါအဝင် နီးစပ်ရာ ကျေးရွာများသို့ ဆောက်တည်ရ မရ ထွက်ပြေးနေရကြောင်းလည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်စိန်က ဆက်လက်ပြောကြားသည်။

အဆိုပါဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီမှ တပ်မတော် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း အပါအဝင် အနောက်ပိုင်း တိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

ဖေဖော်ဝါရီလဆန်းပိုင်းက ကုလားတန်မြစ်ကြောင်းတလျှောက် အနီးဝန်းကျင်တွင် တပ်မတော်နှင့် AA တို့သည် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေရာ တပ်မတော်က တိုက်လေယာဉ်များ ၊ ရဟတ်ယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ကြောင်းလည်း ဒေသခံ ကျေးရွာသားများက ပြောသည်။

ယမန်နေ့ မတ်လ ၁၀ ရက်နေ့ ညနေပိုင်းကလည်း ကုလားတန်မြစ် အနောက်ဘက်ခြမ်းတွင် တည်ရှိသည့် ကျော်ရှီပြင် ကျေးရွာ အတွင်းသို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲသဖြင့် စစ်ဘေးဒုက္ခသည် အဖြစ် ထွက်ပြေး ရောက်ရှိနေသော မုန့်သန်းပြင်ကျေးရွာသူ အသက် ၃၀ အရွယ် ဒေါ်မေလုံး ဝမ်းဗိုက်တွင် ထိမှန်၍ သေဆုံးသွားသလို သူမ၏ ကလေးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်စိန်က ဆိုသည်။

ယင်းအပြင် ယမန်နေ့ ညနေပိုင်းက ကုလားတန် မြစ်ကြောင်းအနီး တည်ရှိသည့် အောင်သာယာကျေးရွာအတွင်းသို့ လည်း လက်နက်ကြီး ကျည်များ ကျရောက်သောကြောင့် အောင်သာယာကျေးရွာမှ အမျိုးသမီး ၁ ဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ဒေသခံကျေးရွာသားများထံမှ သိရသည်။

ထိုအောင်သာယာ ကျေးရွာအတွင်း လက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာ ရရှိသူများ ထဲတွင် မုန့်သန်းပြင် ကျေးရွာမှ ထွက်ပြေးလာသူ တချို့ ပါဝင်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်အထိလည်း အဆိုပါ ကုလားတန်မြစ်ကြောင်း အနီးဝန်းကျင် တလျှောက် တောင်တန်းများတွင် စစ်ရှိန် အလွန်မြင့်မားနေပြီး တပ်မတော်နှင့် AA တို့ နှစ်ဘက် အပြန်အလှန် ထိုးစစ် ဆင် တိုက်ခိုက်နေကြောင်း သိရသည်။

ဆက်စပ်လင့်

တပ်မတော်က အချက်အခြာကျတဲ့ နေရာတွေကို အမြှောက်အောက်မှာ ထားလိုက်တာ

Did you find apk for android? You can find new Free Android Games and apps.
Loading